close

ဗဟိုမဏ္ဍပ်

close

April 12, 2023

ဘားအံမြို့ ဗဟိုမဏ္ဍပ်အပါအဝင် ၃ နေရာတွင် အသံဗုံးပေါက်ကွဲ

ကရင်ပြည်နယ်၊ ဘားအံမြို့ရှိ သင်္ကြန်မဏ္ဍပ်ဆောက်ထားတဲ့ နေရာ ၃ နေရာမှာ  ဧပြီ ၁၂ ရက် ဒီနေ့ မနက် ၆ နာရီခွဲလောက်က အသံဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့တယ်လို့  မြို့ခံပြည်သူတွေဆီက သိရပါတယ်။

သင်္ကြန်အတွက်ပြင်ဆင်ထားတဲ့ ရေကစားမဏ္ဍပ်တွေဖြစ်တဲ့ ဘားအံ ဗဟိုမဏ္ဍပ်၊ တပ်မ ၂၂ ရှေ့ မဏ္ဍပ်၊ နာရီစင်ထောင့်မဏ္ဍပ်တွေမှာ အသံဗုံးပေါက်ကွဲခဲ့တာဖြစ်ပြီး လူထိခိုက်ဒဏ်ရာရရှိသူမရှိဘူးလို့ မြို့ခံတွေက ပြောပါတယ်။

စစ်အာဏာသိမ်းစစ်ကောင်စီက နိုင်ငံတကာကို သတင်းမှားတွေနဲ့ လိမ်ညာဖို့ကြိုးစားနေတာဖြစ်လို့ ပြည်သူတွေအနေနဲ့ ပူးပေါင်းမပါဝင်မိစေဖို့နဲ့ စစ်ကောင်စီကိုသတိပေးတဲ့အနေနဲ့ ပြုလုပ်တာဖြစ်နိုင်တယ်လို့ ဘားအံမြို့ခံပြည်သူတစ်ဦးက ပြောပါတယ်။

“တနိုင်ငံလုံးမှာ မျက်ရည်ကျနေတဲ့အချိန် စစ်ကောင်စီက လူစည်းကားတယ်ဆိုပြီး နိုင်ငံတကာစိတ်ဝင်စားအောင် လုပ်ဆောင်နေတာဖြစ်တယ်။ ပြည်သူတွေအနေနဲ့ စစ်ကောင်စီပြုလုပ်တဲ့ ပျော်ပွဲရွှင်ပွဲတွေမှာ မပါဝင်ကျဖို့ တော်လှန်ရေးအင်အားစုတွေကလည်း သတိပေးထားတာရှိတယ်။ ဒါကြောင့် ပြည်သူတွေအနေနဲ့လည်း ပူးပေါင်းမပါဝင်ကျဖို့နဲ့ စစ်ကောင်စီကို သတိပေးတဲ့အနေနဲ့ ပြုလုပ်တာဖြစ်နိုင်တယ်။”

ပြည်နယ်ရုံးစိုက်ရာ ဘားအံမြိုအပါအဝင် ရပ်ကွက်၊ ကျေးရွာ၊ မြို့နယ်၊ ခရိုင်လိုက် မဟာသင်္ကြန်ပွဲတော်ကို စည်းကားအောင်လုပ်ဆောင်ဖို့ ဖိအားပေးစေခိုင်းနေတဲ့အပြင် တစ်အိမ်ထောင်ကို ငွေ ၃၀၀၀ ကျပ်ဖိအားပေးလိုက်လံကောက်ခံခဲ့တယ် မြို့ခံပြည်သူတွေက ပြောပါတယ်။

ဘားအံမြို့မှာ ဗဟိုရေကစားမဏ္ဍပ်အပါအဝင် ဌာနဆိုင်ရာမဏ္ဍပ်နဲ့ ရပ်ကွက်အလိုက်မဏ္ဍပ်ပေါင်း ၂၀ ကျော်ရှိပြီး ဒီနှစ်မှာတော့ အမှတ် ၄ ရပ်ကွက် ဖားမဲတောင်ခြေအနီးမှာ လမ်းလျှောက်သကြင်္န်ပွဲတော်ကိုပါ ထည့်သွင်းကျင်းပဖို့ရှိတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

2 hours Ago

April 9, 2023

ပေါင်းတည်မြို့၊သင်္ကြန် ဗဟိုမဏ္ဍပ်ကို အသံဗုံးဖြင့်ဖောက်ခွဲ သတိပေး

ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်မှာ စစ်ကောင်စီကျင်းပဖို့ စီစဉ်နေတဲ့ သင်္ကြန်ဗဟိုမဏ္ဍပ် မှာ ဧပြီ ၉ ရက် ဒီနေ့ မနက် ၅ နာရီလောက်က အသံဗုံး ပေါက်ကွဲမှုဖြစ်ပွားခဲ့တယ်လို့  မြို့ခံတွေက ပြောပါတယ်။

စစ်ကောင်စီက ဗဟိုမဏ္ဍပ်ကို ပေါင်းတည်မြို့၊ စျေး ၂ ရပ်ကွက် ဘုရားကြီးလမ်းပေါ်မှာ တည်ဆောက်ထားပြီး ပေါက်ကွဲကြောင့် လူတွေထိခိုက်တာမရှိပေမဲ့  စစ်ကောင်စီတပ်တွေက လမ်းပိတ်ပြီး စစ်ဆေးနေတယ်လို့လည်းသိရပါတယ်။

ပေါင်းတည်မြို့ဈေးကြီးအနီးနေသူတယောက်က ''မနက်အစောကြီးက အိပ်ရာထဲကနေကြားရတာ အသံကအကျယ်ကြီးပဲ။ ကြားကြားချင်း အသံကြားတဲ့ဘက်ကို သွားကြည့်ဖို့လုပ်တော့မှ အဲ့ဒီဘက်က ပြန်လာတဲ့ သူတယောက်က မသွားနဲ့  ဗဟိုမဏ္ဍပ်မှာဖြစ်တာ၊ အခုလမ်း ဟိုဘက်ထိပ် ဒီဘက်ထိပ် ပိတ်ထားလိုက်ပြီ။ သွားရင် အစစ်အဆေးခံနေရမယ်လို့ပြောတာနဲ့  သွားမကြည့်ရဲတော့တာ” လို့ ပြောပါတယ်။

ဒီပေါက်ကွဲမှုနဲ့ ပတ်သက်လို့ ပေါင်းတည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ နွေဦးပကဖ အဖွဲ့ကတော့  အသံမိုင်းခွဲပြီး သတိပေးလိုက်တာဖြစ်တယ်လို့ သူတို့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ဖော်ပြထားပါတယ်။

ပြည်သူ့ကာကွယ်ရေး PPDF တပ်ရင်း (၃၆၀၁) ရဲ့ သတင်းပြန်ကြားရေးတာဝန်ခံ “မနှစ်ကလည်းဗုံးခွဲပြီး သတိပေးခဲ့သေးတယ်။ အခုလည်း အသံဗုံးနဲ့ ပထမအကြိမ် သတိပေးတဲ့အနေနဲ့ ခွဲလိုက်တာပါ။ ဒီဗုံးမျိုးက လူမထိခိုက်ပါဘူး။ ဒါပေမဲ့ သူတို့ အဲ့ဒိအလုပ်တွေကို မရပ်တံ့ဘူးဆိုရင်တော့ နောင်ဖြစ်လာမယ့် အရေးယူမှုတွေအတွက် တာဝန်မယူဘူး၊ ပြည်သူတွေ ပျော်ချင်ရင် ကိုယ့်အိမ်မှာပဲကိုပျော်ကြဖို့၊ သူတို့နဲ့သွားပြီး မပူးပေါင်းကြဖို့ ထပ်မံမေတ္တာရပ်ခံ တိုက်တွန်းပါတယ်”လို့ ပြောပါတယ်။

သင်္ကြန်ပွဲတော်စည်စည်ကားကားဖြစ်မြောက်ဖို့ စစ်ကောင်စီက နည်းလမ်းပေါင်းစုံနဲ့ စီစဉ်နေရာမှာ  ကံစမ်းမဲလက်မှတ်တွေရောင်းပြီး အတင်းအကျပ် အလှူငွေကောက်ခံနေတယ်လို့ လည်းဆိုပါတယ်။

"စစ်ကောင်စီက သင်္ကြန်ပွဲတော်ဖြစ်မြောက်ရေးအတွက် ကံစမ်းမဲလက်မှတ်တွေ အတင်းရောင်းတယ်။ အဲ့ဒါတွေကို စစ်ကောင်စီလက်အောက်ခံထွေအုပ်စာရေးတွေ၊ ရပ်/ ကျေးအုပ်ချုပ်ရေးမှူးတွေကနေ လောင်းကစားဒိုင်တွေ၊ သစ်မှောင်ခိုသမားတွေ၊ စီးပွားရေး လုပ်ငန်းရှင်တွေကို အတင်းရောင်းတယ်။ အလှူငွေကြေးတွေ အတင်းကောက်ပြီး သူတို့  သင်္ကြန်ကို စည်အောင်လုပ်နေကြတာ”လို့ ပြည်သူ့ကာကွယ်ရေး PPDF တပ်ရင်း (၃၆၀၁) ရဲ့ သတင်းပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။ 

ပြီးခဲ့တဲ့နှစ်ကလည်း ပေါင်းတည်မြို့က ဗဟိုမဏ္ဍပ်အနီးမှာ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဗုံးခွဲသတိပေးခဲ့သလို၊ မဏ္ဍပ်ပေါ်မှာ အရက်ထိုင်သောက်နေတဲ့ လုံခြုံရေးစစ်သားတွေကိုလည်း လူငယ်တွေက  အရက်ပုလင်းခွံနဲ့ပစ်ပေါက်ခဲ့ကြပါတယ်။

သင်္ကြန်နောက်ဆုံးနေ့မှာလည်း  ဗဟိုမဏ္ဍပ်အနီး ဘုရားကြီးလမ်းနဲ့ ရန်ကုန်လမ်းထောင့်အလွန်မှာ ဗုံးပေါက်ကွဲခဲ့တဲ့အတွက် ရေလာပက်တဲ့   အမျိုးသမီးတဦး သေဆုံးခဲ့ပါတယ်။

3 days Ago
Up