ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမေဝင်းမြင့်ဟာ NLD ဗဟိုအလုပ်ကော်မတီမှာ စတင်တာဝန်ထမ်းဆောင်နေတယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)ပါတီက ဇူလိုင် ၂၅ ဒီကနေ့ ရက်စွဲနဲ့ ထုတ်ပြန်ပါတယ်။
နိုင်ငံရေးအကျဉ်းသားဟောင်းတယောက်လည်းဖြစ်၊ ဆရာဝန်တယောက်လည်းဖြစ်တဲ့ ဒေါက်တာ မေဝင်းမြင့်ဟာ ရှစ်လေးလုံးအရေးအခင်း ကာလမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ကို ဝင်ရောက်ခဲ့ပြီး မရမ်းကုန်း မဲဆန္ဒနယ်အမှတ် (၂) ကနေ ဝင်ပြိုင်ရာက ၁၉၉၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲမှာ ပြည်သူ့လွှတ်တော်အမတ်အဖြစ် အနိုင်ရရှိခဲ့သူ ဖြစ်ပါတယ်။
အဲဒီနောက် မရမ်းကုန်းမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အတွင်းရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး နဝတ စစ်အစိုးရက ဖမ်းဆီးခဲ့လို့ ထောင် ၇ နှစ် ချမှတ်ခံခဲ့ရပါတယ်။
ထောင်ကလွတ်လာခဲ့ပြီးတဲ့နောက် ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲမှာ မရမ်းကုန်းမဲဆန္ဒနယ်ကပဲ ဝင်ရောက်ယှဉ်ပြိုင် အနိုင်ရခဲ့ပြီး ၂၀၁၅ ခုနှစ်နဲ့ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွေမှာလည်း အနိုင်ရခဲ့သူ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလတုန်းကတော့ ရန်ကုန်တိုင်း မရမ်းကုန်းမြို့နယ်၊ ဦးလွန်းမောင်လမ်းထဲက ဒေါက်တာမေဝင်းမြင့်ရဲ့ နေအိမ်ကို အကြမ်းဖက်စစ်အုပ်စုက ချိပ်ပိတ်သွားခဲ့ပါတယ်။
စစ်ကောင်စီဟာ အာဏာသိမ်းပြီးချိန်ကတည်းက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဝင်ပေါင်း ရာနဲ့ချီရဲ့ နေအိမ်တွေကို ချိပ်ပိတ်တာ၊ နေအိမ်အတွင်း ပစ္စည်းတွေကို ဖျက်ဆီးယူဆောင်တာတွေအပါအဝင် မတရားပုဒ်မတပ် ဖမ်ဆီးထောင်ချတာ၊ ပစ်ခတ်သတ်ဖြတ်တာတွေအပါအဝင် ရာဇဝတ်ပြစ်မှုတွေအမျိုးမျိုးကို ကျူးလွန်ခဲ့တာဖြစ်ပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ)က ဗဟိုအလုပ်ကော်မတီ (Central Working Committee)ကို အဖွဲ့ဝင် ၇ ဦးနဲ့ ဖွဲ့စည်းလိုက်ပြီး ပြည်သူတို့ရဲ့ အခွင့်အာဏာကို ပြည်သူ့ထံသို့ ပြန်လည်အပ်နှံနိုင်ရေး ကြိုးပမ်းသွားမယ်လို့ နိုဝင်ဘာ ၅ ရက် နေ့စွဲနဲ့ ထုတ်ပြန်ကြေညာလိုက်ပါတယ်။
ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးအောင်ကြည်ညွန့်၊ ဦးတင်ထွဋ်ဦး၊ အရန်ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါက်တာခင်ဆောင်နဲ့ ဇန်နဝါရီ ၃၀ ရက်က ဖွဲ့စည်း တာဝန်ပေးအပ်ခဲ့တဲ့ (Steering Committee) မှ ဦးထွန်းမြင့်၊ ဦးကျော်ထွေး၊ ဦးမျိုးနိုင်၊ ဦးဝင်းအောင်တို့နဲ့ ၇ ဦးက အခု အသစ်ဖွဲ့စည်းလိုက်တဲ့ ဗဟိုအလုပ်ကော်မတီမှာ တာဝန်ယူ ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ဆိုပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၃၀ ရက်က ကျင်းပတဲ့ အန်အယ်လ်ဒီပါတီရဲ့ ဗဟိုရေးရာကော်မတီတွေ၊ ပြည်နယ်နှင့်တိုင်း တာဝန်ခံတွေ တက်ရောက်တဲ့ အစည်းအဝေးမှာ တက်ရောက်လာသူ အားလုံးရဲ့ သဘောတူညီချက်အရ ခုလိုဖွဲ့စည်းလိုက်တာလို့လည်း ဆိုပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်က တရားမဝင် အာဏာသိမ်းတဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့ကတည်းက အန်အယ်လ်ဒီပါတီ ခေါင်းဆောင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့် အပါအဝင် ပါတီထိပ်တန်း တာဝန်ရှိသူတွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေကို စစ်တပ်က ဖမ်းဆီးပြီး ပုဒ်မအမျိုးမျိုးနဲ့ တရားစွဲနေတာ ဖြစ်ပါတယ်။
နိုင်ငံတဝန်း ပြည်နယ်နဲ့ တိုင်း၊ မြို့နယ်နဲ့ ရပ်ကျေး အန်အယ်လ်ဒီ ပါတီဝင်တွေနဲ့ ထောက်ခံသူတွေကိုလည်း ဖမ်းဆီးတာ၊ နှိပ်စက်တာ၊ ဖမ်းဝရမ်းထုတ်တာတွေလည်း ပြုလုပ်ခဲ့တဲ့ အပြင် ပါတီရုံးတွေကို ချိတ်ပိတ်တာ၊ ဗုံးခွဲတာ၊ ပါတီဆိုင်းဘုတ်တွေနဲ့ အလံတွေကိုလည်း ဖြုတ်ချ ဖျက်ဆီးတာတွေကိုလည်း စစ်အုပ်စုက ပြုလုပ်နေတာဖြစ်ပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ အခက်အခဲအမျိုးမျိုးကြားက ပြည်သူတို့ရဲ့ အခွင့်အာဏာကို ပြည်သူ့ထံသို့ ပြန်လည်အပ်နှံနိုင်ရေးနဲ့ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ အဖွဲ့ချုပ်ခေါင်းဆောင်တွေ အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေအားလုံး ခြွင်းချက်မရှိ လွတ်မြောက်ရေး စဉ်ဆက်မပြတ် ကြိုးပမ်းဆောင်ရွက်သွားနေတယ်လို့ ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။