မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်မှာ စစ်ကောင်စီတပ် လကတ (၂၀၃၁)မှ ဗိုလ်ကြီးအဆင့်ရှိသူ ခင်မောင်ထွန်းနဲ့ဇနီးဖြစ်သူတို့ကို ဇန်နဝါရီ ၂၆ ရက် မနက်ပိုင်းက မြင်းခြံအခြေစိုက် “လူကြမ်းကြီး အထူးပြောက်ကျားတပ်ဖွဲ့”က သွားရောက် ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
အဆိုပါဗိုလ်ကြီးလင်မယားဟာ ပျော်ဘွယ်စံပြကျေးရွာက “ရတနာထွန်း “သစ်ဝါး အိမ်ဆောက်ပစ္စည်းဆိုင်ပိုင်ရှင်ဖြစ်ပြီး စစ်ကောင်စီတပ်တွေထဲ မကြာခဏ အဝင်အထွက် ရှိတဲ့သူတွေဖြစ်လို့ ထိထိရောက်ရောက်အရေးယူတာလို့ ဆိုပါတယ်။
ဒါ့အပြင် အဲဒီဗိုလ်ကြီးပိုင်ဆိုင်တဲ့ ဖုန်းဆိုင်လည်းရှိပေမယ့် ဘာပစ္စည်းမှ သိမ်းယူခဲ့ခြင်းမရှိဘဲ အဲဒီနားက ပျူစောထီးအဖွဲ့ကသာ ဖြစ်စဥ်ပြီးလို့ မကြာခင် ရောက်လာပြီး ဗိုလ်ကြီးရဲ့ကားတွေ သိမ်းယူသွားတာလို့ ဒေသတွင်း သတင်းအရင်းမြစ်တွေက ဖော်ပြပါတယ်။
နောက်နောင်တွေမှာလည်း စစ်ကောင်စီနဲ့ပူးပေါင်းပြီး သတင်းပို့သတင်းယူလုပ်တဲ့ သူမှန်သမျှ အချိန်နဲ့ တပြေးညီ အရေးယူရှင်းလင်းသွားမယ်လို့ လူကြမ်းကြီး အထူးပြောက်ကျားတပ်ဖွဲ့က ကြေညာထားပါတယ်။
ရန်ကုန်တိုင်း လှိုင်မြို့နယ် ပိတောက်ချောင်း ၂ ရပ်ကွက် ဘုရင့်နောင် ၉ လမ်းမှာ ဒီကနေ့ မနက် ကိုးနာရီခွဲလောက် ဗိုလ်ကြီးလင်မယားနှစ်ဦး သေနတ်နဲ့ပစ်ခံခဲ့ရပြီး သေဆုံးသွားတယ်လို့ ရပ်ကွက်နေသူတဦးက ပြောပါတယ်။
“သူတို့က ဘုရင့်နောင် ၄ လမ်းမှာ နေတာ၊ မနက်က ဘုရင့်နောင်စျေးသွားရင်း ၉ လမ်းမှာ အပစ်ခံရတာ။ ပစ်တဲ့သူတွေက ဘုရင့်နောင် ၉ လမ်းက တိုက် ၁၈ အနားမှာ စောင့်ပြီးပစ်တာ၊ နှစ်ယောက်လာပစ်သွားတာ ပစ်တဲ့အချိန်ပဲ သိလိုက်တယ်။ ကားနဲ့လား ဆိုင်ကယ်နဲ့လား မသိဘူး၊ ထွက်မကြည့်ရဲတော့ မသိဘူး။”
သေနတ်ပစ်ခတ်မှုကြောင့် သေဆုံးသူနှစ်ဦးမှာ ဗိုလ်ကြီးအောင်နိုင်ဖြိုးနဲ့ ဇနီးဖြစ်သူ မဂျူးဂျူးအောင် တို့ဖြစ်ပြီး လည်ပင်းယာဖောက်ဝင် ဒဏ်ရာ၊ နားထင်ဖောက်ဝင် ဒဏ်ရာတွေ ရရှိကာ သေဆုံးခဲ့တယ်လို့ ရဲတပ်ဖွဲ့နဲ့နီးစပ်သူတဦးက ဒီဗွီဘီကို ပြောပါတယ်။
“ဗိုလ်ကြီးဆိုတာတော့ အတည်ပြုလို့ရပါပြီ တပ်ကိုပဲ မသိသေးတာ၊ နှစ်ဦးစလုံးအခင်းဖြစ်တဲ့ ဒဏ်ရာမှာ ဆုံးသွားပါတယ်။”
သေဆုံးသူနှစ်ဦးအား မင်္ဂလာဒုံအမှတ် ၁ စစ်ဆေးရုံကို စစ်ကောင်စီတပ်တွေက ပို့ဆောင်လိုက်တယ်လို့ စစ်တပ်နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
လက်တလောမှာ လှိုင်မြို့နယ်ရှိ ဘုရင့်နောင်စျေး၊ ဘုရင့်နောင်လမ်းဆုံမှာ စစ်ကောင်စီတပ်တွေနဲ့ ရဲ တွေက ကားတွေကို ပိတ်ဆို့စစ်ဆေးနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။
ရန်ကုန်က မြို့နယ်အချို့မှာ အခုရက်ပိုင်းအတွင်း ဗုံးပေါက်ကွဲမှုနဲ့ပစ်ခတ်မှုတွေကြောင့် အုပ်ချုပ်ရေးပိုင်းက လူတချို့သေဆုံးဒဏ်ရာရရှိတာတွေလည်း ရှိပါတယ်။