တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ ချောင်းလမုကျေးရွာမှာ စစ်မှုထမ်းဟောင်းတဦးကို တူမီးသေနတ်နဲ့ လာရောက်ပစ်ခတ်လို့ ဒဏ်ရာရသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဧပြီ ၁၆ ရက် ည ၈ နာရီလောက်မှာ အမည်မသိ လူတယောက်က စစ်မှုထမ်းဟောင်းနေအိမ်ရှေ့ လာရောက်ပြီး အပြင်ကို ခေါ်ထုတ်ကာ တူမီးသေနတ်နဲ့ ပစ်ခတ်ထွက်ပြေးသွားတာ ဖြစ်ပါတယ်။
အဆိုပါ စစ်မှုထမ်းဟောင်းဟာ အရင်က စစ်ဗိုလ်အဆင့်ရှိသူတဦးဖြစ်ပြီး စစ်တပ်က ထွက်ပြီးနောက် စစ်ကောင်စီနဲ့ ပတ်သက်ဆက်နွှယ်တာမျိုး မရှိခဲ့ဘဲ ချောင်းလမုကျေးရွာမှာ အိမ်ထောင်ကျကာ ကုန်စုံဆိုင်ဖွင့်ပြီး အလုပ်လုပ်ကိုင်နေတဲ့သူဖြစ်တယ်လို့ ဒေသခံတဦးက ပြောပါတယ်။
“အရင်ကတော့ စစ်ဗိုလ်ကြီးတယောက်ပဲ။ ခုတော့ ရွာမှာ အိမ်ထောင်ကျပြီး ကောင်းရောင်းကောင်းဝယ် လုပ်နေတာပါ။ လာပစ်တဲ့လူကလည်း တယောက်တည်းပဲ။ အသိမိတ်ဆွေပြောပြီး ခေါ်ထုတ်ပြီးတော့ ပစ်သွားတာပါ။ သူကိုယ်တိုင်လည်း စစ်တပ်နဲ့ ကင်းကင်းကွာကွာနေတာပါ။”
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးကတော့ “တယောက်တည်း လာပစ်သွားတာတော့ သိရတယ်၊ ဘယ်သူဘယ်ဝါဖြစ်မယ်ဆိုတာတော့ မသိရဘူး၊ အဖွဲ့ထဲကနေ သွားပစ်တာမဟုတ်ဘူး၊ ဒီတိုင်း ပုဂ္ဂိုလ်ရေးအရ ပစ်ခတ်သွားတာပဲ ထင်ပါတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။
ပစ်ခတ်ခံရသူ အမျိုးသားမှာ လက်မောင်းမှာ ထိမှန်ဒဏ်ရာရခဲ့ပြီး လက်ရှိ တနင်္သာရီမြို့ ဆေးရုံမှာ ဆေးကုသမှု ခံယူနေတယ်လို့ သိရပါတယ်။
အရင်ကလည်း တနင်္သာရီမြို့နယ်ထဲမှာ အခုလိုမျိုး အမည်မသိလူတချို့က လာရောက်ပစ်ခတ်ခဲ့တာကြောင့် သေဆုံးသူတချို့ ရှိခဲ့တယ်လို့လည်း ဒေသခံတွေဆီက သိရပါတယ်။
မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်၊ မန္တလေး - ပုသိမ်ကြီးလမ်း (၁၉ လမ်း) ပေါ်မှာ ဧပြီ ၁၉ ရက် ညနေ ၅ နာရီကျော်က ကားမောင်းလာတဲ့ ပုသိမ်ကြီးမြို့နယ် လျှပ်စစ်ဌာန မန်နေဂျာ ဗိုလ်ကြီးဟောင်း ဦးကျော်ရဲအောင် သေနတ်နဲ့ ပစ်သတ်ခံခဲ့ရပါတယ်။
အခင်းဖြစ်ပွားရာ အနီးပတ်ဝန်းကျင်ရှိ ပြည်သူတဦး က “၁၉ လမ်း သံလမ်းအကျော်မှာ ပစ်ခံရတာ။ လူသွားလူလာများနေတဲ့အချိန်ကြီးဖြစ်တာ။ ပစ်ပြီးမကြာဘူး အရပ်ဝတ်တွေ ယူနီဖောင်းဝတ်တွေရောက်လာပြီးလမ်းပိတ်ပြီး လူနာတင်ကားနဲ့ တင်သွားတယ်။” လို့ ပြောပါတယ်။
ပုသိမ်ကြီးမြို့နယ်လျှပ်စစ်မန်နေဂျာ ဦးကျော်ရဲအောင်ဟာ ပုသိမ်ကြီးမြို့နယ် လျှပ်စစ်ရုံး ကနေ နေအိမ်ကို အပြန်မှာ ပစ်ခံရတာဖြစ်ပြီး နဖူးနဲ့ လက်မောင်းတို့မှာ ကျည်ထိမှန်ကာ နေရာမှာတင် သေဆုံးခဲ့တယ်လို့ သိရပါတယ်။