close

ဗိုလ်ချုပ်ကြီးပရာယုဒ်

close

September 30, 2022

ဗိုလ်ချုပ်ကြီး ပရာယုဒ် ဝန်ကြီးချုပ်တာဝန် ဆက်ယူရန် ထိုင်းအခြေခံဥပဒေတရားရုံး ဆုံးဖြတ်

ပြီးခဲ့တဲ့ ဩဂုတ်လက ဝန်ကြီးချုပ်တာဝန် ယာယီရပ်ဆိုင်းခြင်းခံခဲ့ရတဲ့ ဗိုလ်ချုပ်ကြီး ပရာယုဒ်ကျန်အိုးချားဟာ  အခြေခံဥပဒေတရားရုံးက ဂျူရီတရားသူကြီးတွေရဲ့ ဒီကနေ့ စက်တင်ဘာ ၃၀ ရက် ဆုံးဖြတ်ချက်အရ ရာထူးကို ဆက်လက်ထမ်းဆောင်ရမှာ ဖြစ်ပါတယ်။

ဝန်ကြီးချုပ်သက်တမ်း ၈ နှစ်ကုန်၊ မကုန်ကို တရားသူကြီး ၉ ‌ယောက်က အခြေခံဥပဒေ ၃ ရပ်နဲ့ ဆွေးနွေးပြီး မဲခွဲဆုံးဖြတ်ရာမှာ ၆ မဲက ၂၀၁၇ ခုနှစ်က ပြဋ္ဌာန်းတဲ့ ပုဒ်မ ၁၅၆ အပိုဒ် ၄ ကို သဘောတူခဲ့တယ်လို့ ဆိုပါတယ်။

ဆုံးဖြတ်ချက်အရ ဝန်ကြီးချုပ်ရာထူးကို ၂၀၁၇ ဧပြီလ ၆ ရက်မှ စတင်ရေတွက်တာကြောင့် သူ့ရာထူးဟာ ၂၀၂၅ ခုနှစ် ဧပြီလ  ၆ ရက်ကျမှ ၈ နှစ်သက်တမ်း ပြည့်မှာပါ။

ဒါကြောင့် ဗိုလ်ချုပ်ကြီးပရာယုဒ်ဟာ နောက်ထပ် ၂ နှစ်ကျော် ဆက်လက် တာဝန်ထမ်းဆောင်ရမှာ ဖြစ်ပါတယ်။

တရားသူကြီးက ဆုံးဖြတ်ချက်ဖတ်ကြားပြီး ၅ မိနစ်အတွင်းမှာပဲ ဗိုလ်ချုပ်ကြီး ပရာယုဒ်က အခြေခံဥပဒေတရားရုံး တရားသူကြီးတွေရဲ့ ဆုံးဖြတ်ချက်ကို လေးစားပါကြောင်း၊ သူ့ကို အားပေးခဲ့တဲ့ ပြည်သူတွေကိုလည်း ကျေးဇူးတင်ရှိကြောင်း၊ ကျန်ရှိတဲ့ ဝန်ကြီးချုပ် သက်တမ်းမှာ ဘယ်အစိုးရလက်ထက်မှာမှ မရှိဘူးသေးတဲ့ တိုင်းပြည်ဖွံ့ဖြိုးရေး လျာထားချက် စီမံကိန်းတွေ အားလုံးကို ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ အစွမ်းကုန် အားထုတ် ဆောင်ရွက်သွားမယ့်အကြောင်း သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ရှည်လျားတဲ့စာတစောင် ရေးသားခဲ့ပါတယ်။

အခြေခံဥပဒေတရားရုံး ဆုံးဖြတ်ချက်ကို လူကိုယ်တိုင် လာရောက်နာကြားခြင်းမရှိဘဲ အချိန်တိုတိုအတွင်း ရှည်လျားတဲ့ ကျေးဇူးတင်စကားကို ရေးတင်လိုက်တာဟာ သူမပြုတ်ဘူး ဆိုတာကို ကြိုတင်သိနေတဲ့ သဘောပဲလို့ လူများစုက ဝေဖန်နေကြပါတယ်။

အတိုက်အခံပါတီများကိုယ်စားလှယ် နိုင်းဆုထင်းခလန်းဆိုင်ကတော့ ဝန်ကြီးချုပ် ပရာယုဒ်ဟာ အာဏာသိမ်းတာနဲ့ ထည့်တွက်ရင် ရာထူးကို ၁၀ နှစ်ထိ ယူလိုက်ကြောင်း၊ တိုင်းပြည်မှာ ဖြစ်ပေါ်နေတဲ့ ပြဿနာအားလုံးကို ဝန်ကြီးချုပ် ပရာယုဒ် တာဝန်ယူရမယ်လို့ သတင်းထောက်တွေကို ပြောပါတယ်။ အတိုက်အခံ လွှတ်တော်အမတ်တွေအနေနဲ့ ကြေညာချက်တစောင် ထုတ်ပြန်ဖို့ ဒီညနေမှာ ဆွေးနွေးနေကြတယ်လို့ ဆိုပါတယ်။

ဗိုလ်ချုပ်ကြီး ပရာယုဒ်ဟာ ပထမဆုံးအကြိမ် ဝန်ကြီးချုပ်စဖြစ်တဲ့ နေ့ရက်ကနေ တွက်ချက်ရင် ဒီ ၂၀၂၂ ဩဂုတ် ၂၄ ရက်မှာ ဝန်ကြီးချုပ်သက်တမ်း ၈ နှစ်ပြည့်ပြီဆိုတဲ့ ဥပဒေနဲ့ နုတ်ထွက်ပေးဖို့ အတိုက်အခံ လွှတ်တော်ကိုယ်စားလှယ်တွေ စုပေါင်းပြီး တောင်းဆိုစာ ပေးပို့ခဲ့ပါတယ်။

ဒါပေမဲ့ အခြေခံဥပဒေတရားရုံးက စစ်ကောင်စီ အာဏာရပြီးမှ အသစ်ပြန်ဆွဲတဲ့ အခြေခံဥပဒေနဲ့ ဆုံးဖြတ်လိုက်တာကြောင့် သက်တမ်းပိုရှည်သွားခဲ့တာပါ။

ဝန်ကြီးချုပ်နုတ်ထွက်ရေး ဆန္ဒပြတဲ့ အဖွဲ့တွေကလည်း ဒီကနေ့ညနေ ဘန်ကောက်မြို့လယ် ရာ့ချ်ပဆုန်လမ်းဆုံမှာ စုဝေးဆန္ဒပြဖို့ ပြင်ဆင်နေကြပါတယ်။

12 hours Ago
Up