(က)
သည်နေ့မနက် အဘစောမူးသာရယ်၊ စစ်ပြန်ကြီးအဘလုံးတုံးရယ်၊ ဖေကြီးရယ် ရွာ့တောင်ကျောင်းကို ရောက်ကြပါတယ်။ ထူးထူးဆန်းဆန်းကြီး အုတ်တံတိုင်းကို အစိမ်းရောင်သုတ်ထားတဲ့ ကျောင်းဝင်း နားကိုရောက်တဲ့အခါ ကျောင်းထဲက ဆရာတော်ဦးအစိမ်းတနဲ့ ရပ်ကျေးအစိမ်းဥက္ကဋ္ဌ အဘစိမ်းမောင်တို့ရဲ့စကားပြောဆိုနေကြသံတွေကို ကြားရပါလေ၏။
သူတို့ဆီကနေ လွင့်ပျံလာတဲ့ စကားသံတွေထဲမှာဆိုရင်ဖြင့် ၇၅ နှစ်ပြည့် စိန်ရတုလွတ်လပ်ရေးနေ့တုန်းက သူတို့အဘမအလအကြောင်းတွေက ထိပ်ဆုံးကပေါ့ ဗျာ။ အဘလုံးတုံးက လက်ဖဝါးထောင်ပြလိုက်တဲ့အခါ ဖေကြီးတို့တွေဟာ အဲသည်နေရာမှာပဲ ခြေဘရိတ်အုပ်ကာ ကျွိကနဲ ရပ် လိုက်ကြပါ၏။
" အေးကွ သိမ်းမောင်ရ . . . နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ သိပ်ကိုအလုပ်လုပ်တဲ့ ပုဂ္ဂိုလ်ကွ "
" တင်ပါ့ဘုရား . . . နေ့မအား ညမနားပါပဲ၊ အချိန်ပြည့်ပါပဲ ဘုရား "
" အေးကွ . . . အခုလည်း စိန်ရတုလွတ်လပ်ရေးပွဲကြီးကို အခက်အခဲတွေကြားကနေ ကမ္ဘာကအံ့သြရလောက်အောင် ကျင်းပပြသွားလိုက်တာများ အားရစရာကွာ။ "
အဘစောမူးသာ အဘလုံးတုံးနှင့် ဖေကြီးတို့ တစ်ဦးမျက်နှာတစ်ဦးကြည့်ကာ အသံတိတ်ပြိုင်တူ ပြုံးတော်မူလိုက်ကြပါ၏။ သူတို့၏စကားများကို ဆက်၍နားဆင်ကြည့် ကြရန် အချက်ပြလိုက်ကြပါ၏။
စိမ်းသရဖူစိမ်းဆရာတော်နှင့် စိမ်းဆိုမှစိမ်း ဒကာတော်တို့ကား အားရပါးရ 'လွှတ်' နေကြဆဲ ဖြစ်ပါ၏။ သူတို့နှစ်ဦးကား ' မြဝတီ ' အမာခံပရိသတ်များပီပီ ပြင်ပအခြေအနေ တွေနှင့် ဆန့်ကျင်ဖက်များကိုသာ မစားရဝခမန်း မြိန်ရေရှက်ရေ ပြောနေကြပါလေ၏။
လွတ်လပ်ရေးပွဲကြီးကား ဘယ်လောက်ခမ်းနားကြောင်း၊ မအလကိုချီတက်အလေးပြု ကြသည့် ကြည်းရေလေတပ်ဖွဲ့တွေမှာ ဘယ်လောက်ညီညာကြောင်း၊ လက်နက်တွေမှာလည်း ဘယ်လိုဘယ်ပုံဆန်းပြားလှကြောင်း တံတွေးတွေ ထောင်းထောင်းထသည်အထိ အားရှိပါးရှိ ပြောနေကြပါပေ၏။
"နစကဥက္ကဋ္ဌကြီးရဲ့စလွယ်ကြီးကလည်း ခန့်ခန့်ညာညားကြီးပါလားဟ "
"တင်ပါ့ဘုရား . . အင်မတန့်ကို ကျက်သရေရှိပြီး သမ္မတအဆောင်အယောင် ရွှေစလွယ်ကြီးနဲ့လည်း လိုက်ဖက်လိုက်တာများ ဘုရား "
" ဝါး . . . ဟားဟား ဟားဟား ဟားဟား "
(ခ)
" ဟားဟား ဟားဟား ဟားဟား . . . "
ဖေကြီးတို့သုံးဦးသား တဟားဟားဖြင့် ကျောင်းဝင်းထဲဝင်လိုက်ကြသည့်အခါ ဆရာတော်နှင့် ဒကာတော်တို့နှစ်ဦးမှာရုတ်တရက်လန့်သွားကြကာ အိုးတိုး အန်းတန်းလည်းဖြစ်သွားကြပါလေ၏။
" အဲ . . . မူးသာတို့ လုံးတုံးတို့ ဖေကြီး တို့ပါလားဟ . . . လာကြ လာကြ "
" လာကြဟေ့ သူငယ်ချင်းတို့ . . . ရေ နွေးကြမ်းသောက်ကြရအောင် "
"အမြည်းသုပ်တော့ ' ရှယ် ' လုပ်နော် စိမ်းမောင် "
ရေနွေးကြမ်းဝိုင်းမှာ စကားဆက်ကြပါ၏။ ပဲအကြောင်း နှမ်းအကြောင်း ဓာတ်မြေသြ ဇာနှင့် ပိုးသတ်ဆေးများအကြောင်း စကားကောင်းနေရာကနေပြီး စိန်ရတုလွတ်လပ် ရေးနေ့အကြောင်းသို့ ဆိုက်ရောက်ခဲ့ပါ၏။
" ခုနက အရှင်ဘုရားတို့တွေ 'လွတ်သဘင်' အကြောင်းတွေများ ပြောနေကြသလားလို့ "
" အဲ . . အိမ်း . . အေးကွ ဒကာလုံးတုံးရ "
" တပည့်တော်တို့က မကြည့်လိုက်ရတော့ဘာမှ မသိဘူးဘုရား၊ အင်မတန် စည်ကား သိုက်မြိုက်ပြီး ခမ်းနားလှတယ်လို့ ကြားတယ်"
"အေးကွ . . . အရမ်းကို ခမ်းခမ်းနားနားကွ "
အဘမူးသာက အဘလုံးတုံးနှင့် ဖေကြီးဆီသို့ အကြည့်ကိုပို့၍ လှမ်းကာ ပြုံးပြပါလေရာ တစ်ခါတော့ဖြင့် ဘယ်လိုစကားလုံးတွေများ ဆင့်ပွားထွက်လာမလဲဆိုတာကို ရင်တဖိုဖို နှင့် မျှော်နေရပါလေတော့၏ ခင်ဗျာ။
"ဒါနဲ့ အရှင်ဘုရားတို့ စကစ ဥက္ကဋ္ဌကြီးက ဘယ်လိုတွေများ မိန့်ကြားပါသလဲ ဘုရာ့ "
" အဲ . . ' စကစ ' မဟုတ်ဘူးကွ၊ ' နစက ' ပါဟ မူးသာရ "
" တင်ပါ့ဘုရား . . . တပည့်တော်တို့က လူအများအခေါ်ကိုပဲ စိတ်စွဲနေလို့ပါ "
သို့ဖြင့် အစိမ်းကိုယ်တော်နှင့် အစိမ်းဒကာ တော်တို့မှာ အားရပါးရ စီကာပတ်ကုံးပြော ပြကြပါလေတော့၏။ မင်းအောင်လှိုင်ဟာ နိုင်ငံသစ်ကိုတည်ဆောက်နေသူဖြစ်ကြောင်း၊
ဘာသာ သာသနာကိုလည်း အထူးအလေး အမြတ်ထားသူဖြစ်ကြောင်း ပလုတ်ပလောင်းကို မြိန်ရေယှက်ရေ ပြောပြနေကြပါလေ၏။
အဘစောမူးသာနှင့် တပ်ကြပ်ကြီးလုံးတုံးတို့ကား ပြုံးပြုံးကြီးများဖြင့် နားစွင့်နေကြပါလေ ၏။ မည်သည့်အချိန်မှာ ထပြီး ' ရွှင် ' ကြမလဲတော့ မသိပါလေ။ သိပ်တော့ကြာကြာ စောင့်ရမည်တော့ မထင်ပါ။
ဆရာတော်က အားရပါးရပြောသည်များမှာ စကစဥက္ကဋ္ဌကြီးဟာ ' မေတ္တာတရား ' ကြီး မားသူဖြစ်ကြောင်း၊ လွတ်လပ်ရေးနေ့ထူးမှာ အကျဉ်းသားတွေ ခုနှစ်ထောင်ကျော်လွှတ် ပေးသူဖြစ်ကြောင်း၊ ပြီးတော့ ခေတ်အဆက်ဆက် တိုင်းပြည်နဲ့လူထုအကျိုး သက်စွန့်ဆံဖျား ကြိုးစားထမ်းရွက်ခဲ့သူများ၏ ကျန်ရှိ မိသားစု သား၊ မြေး၊ မြစ်များကိုတောင်မှ ဖိတ်ကြားကာ ဂုဏ်ထူးဆောင်ဘွဲ့တွေ ချီးမြှင့်သူ ကြီးဖြစ်၍ ' မင်းကောင်းမင်းမြတ် ' ဟုပင် သမိုင်းတွင်တော့မှာဖြစ်ကြောင်း 'လွှတ်' ကောင်းကောင်းနှင့် အဆက်မပြတ် တလစပ်ကို လွှတ် နေပါလေတော့၏ ခင်ဗျာ။
(ဂ)
သူတို့ ဆရာ ဒကာများ အားရပါးရ စမြုံ့ပြန်နေချိန်မှာ အဘအဘစောမူးသာနှင့် အဘ လုံးတုံးတို့၏ မျက်နှာကြီးများမှာ ပြည့်သည် ထက်ပြည့်ဖောင်းလာကာ အပြုံးပြည့်ပြည့် ကြီးများကိုယ်စီ မြင်ရပါလေ၏ ခင်ဗျာ။
" ဒီမှာ မူးသာရ . . . မြဝတီမှာ အပြည့်အစုံလွှင့်သွားတာကွ၊ နိုင်ငံ့အတွက် အသက်ပေး တာဝန်ထမ်းရွက်ခဲ့ကြသူအပေါင်းကို ဘွဲ့ထူး ဂုဏ်ထူးတွေပေးတာ လူစုံပါပဲကွာ "
" တင်ပါ့ဘုရား . . . တပည့်တော်တို့ ကြား တော့ကြားပါတယ် "
" အေးကွ . . . ဘွဲ့ဂုဏ်ထူးရသူတွေ များလွန်းအားကြီးလို့ တစ်ရက်တည်းနဲ့မပြတ်ဘဲ နှစ်ရက်တောင် ခွဲပေးရတာ ဟကောင်ရ "
" အားရစရာကြီးပါလား ဘုရား "
ဆရာတော်က ' လွှတ် ' လေ ဟိုအဘတွေ က ' ပင့် ' လေဆိုတော့ အိုကေနေတာပေါ့ ဗျာ။ ဆရာတော်က ဘွဲ့ထူးဂုဏ်ထူးချီးမြှင့်ခံရသည့်ပုဂ္ဂိုလ်များစာရင်းကို ဖောက်သည်ချလေရာ သီရိပျံချီဘွဲ့ရရှိသူတွေ၊ ဝဏ္ဏကျော်ထင်ဘွဲ့ရရှိသူတွေ၊ အလင်္ကာကျော်စွာဘွဲ့ ရရှိသူတွေဦးရေကား ဘုရားတရလောက်အောင်ပင် ' ပေါ ' လွန်းလှပါပေလေ၏။
သူတို့ပြောသည့်အထဲမှာ ပါလာသည်ကား ' ခေတ်အဆက်ဆက် နိုင်ငံတော်တာဝန်ကို ကျေပြွန်စွာထမ်းဆောင်ခဲ့ကြတဲ့ နိုင်ငံတော် အကြီးအကဲတွေနဲ့ တပ်မတော်အရာရှိကြီး တွေရဲ့မိသားစုဝင်တွေကို စကစဥက္ကဋ္ဌနဲ့ ဇနီးဖြစ်သူတို့က နေပြည်တော်မှာခေါ်ယူတွေ့ဆုံ ခဲ့ရာမှာ မဆလ အာဏာရှင် ဦးနေဝင်းရဲ့သမီး ဒေါက်တာခင်စန္ဒာဝင်း၊ ဦးစိန်လွင်ရဲ့သမီး ဒေါက်တာချိုလွင်ဦး၊ ဦးစန်းယုရဲ့သမီး ဒေါ်လဲ့လဲ့ယု၊ ဗိုလ်ချုပ်မှူးကြီးစောမောင်ရဲ့သား ဦးသီဟစော၊ ဒုတိယဗိုလ်ချုပ်ကြီးထွန်းရီရဲ့သား ဦးဇော်ထွန်း၊ ဝန်ကြီးချုပ်ဟောင်း ဦးနုရဲ့သမီး ဒေါ်သန်းသန်းနု၊ ဦးဗဆွေရဲ့သမီး ဒေါ်နေရည်ဗဆွေနဲ့ ဦးကျော်ငြိမ်းရဲ့သမီး ဒေါ်ချိုချိုကျော်ငြိမ်းတို့ ပါဝင်တယ်လို့ သိရပါတယ် ခင်ဗျ။
" တင်ပါ့ဘုရား . . . အားရစရာကြီးပါလား "
" အေးကွ . . . အဲဒါ ငါပြောပြောနေတာပေါ့
ဟ၊ နစကဥက္ကဋ္ဌကြီးဟာ တော်ပါတယ်လို့ "
" တင်ပါ့ဘုရား . . . ဒါနဲ့ တပည့်တော်တို့နိုင်ငံရဲ့ ' လွတ်လပ်ရေးဖခင်ကြီး ' က ဘယ်သူလဲ ဘုရား "
" ဘယ်သူဖြစ်ရမလဲဟကောင်ရ . . . ဗိုလ်ချုပ်အောင်ဆန်းပေါ့ ကွ၊ မင်းကလည်း ဘာဖြစ်လို့လဲ "
" ဘာရယ်တော့လည်း မဟုတ်ပါဘူးဘုရာ့၊ မအလကြီး ဘွဲ့ထူးဂုဏ်ထူးတွေပေးတဲ့အထဲမှာ ဗိုလ်ချုပ်အောင်ဆန်းများ ပါသလားလို့သိချင်မိလို့ပါ "
စိမ်းသရဖူစိမ်းကိုယ်တော်ကား ရုတ်တရက် ချက်ချင်းပင် 'တေမိ' မင်းအသွင်ပြောင်းကာ တတွတ်တွတ်လွှတ်နေသည့် ရွှေနှုတ်တော် တံခါးပေါက်ကို ပိတ်တော်မူသွားပြီးသကာလ ထိုင်နေရာကနေ ထ၍ ထွက်သွားပြီးနောက်ကိုယ်ပါ ပျောက်သွားပါလေတော့သတည်း။
ဖေကြီး (လေရှီး)
နိုင်ငံတကာမှာ မီးရထားတွေကို လျှပ်စစ်ဓာတ်အားအသုံးပြု ပြေးဆွဲနေကြတာဖြစ်လို့ မြန်မာနိုင်ငံမှာလည်း လျှပ်စစ်ရထားတွေ ပြေးဆွဲနိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြဖို့ အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ထပ်မံတိုက်တွန်းပြောကြားလိုက်ပါတယ်။
မေလ ၂၇ ရက် မနက်က ရန်ကုန်၊ အင်းစိန်မြို့နယ်ရှိ မြန်မာ့မီးရထား၊ စက်ခေါင်းစက်ရုံ(အင်းစိန်)သို့ သွားရောက်ကြည့်ရှုစစ်ဆေးရာမှာ စစ်ခေါင်းဆောင်က ပြောဆိုခဲ့တာလို့ စစ်ကောင်စီ ပြန်ကြားရေးက သတင်းထုတ်ပါတယ်။
“တနိုင်ငံလုံးလျှပ်စစ်စက်ခေါင်းတွေနဲ့ ပြေးဆွဲနိုင်ရေး အဓိကထားရည်မှန်းဆောင်ရွက်ရမှာ ဖြစ်လို့ မီးရထားစက်ခေါင်းစက်ရုံ (အင်းစိန်)အနေနဲ့ လျှပ်စစ်စက်ခေါင်းငယ်တွေကစလို့ သုတေသနပြုထုတ်လုပ်ပြီး အဲဒီကတဆင့် အဆင့်မြှင့်တင်တာနဲ့ လျှပ်စစ်စက်ခေါင်းကြီးတွေ ထုတ်လုပ်တဲ့လုပ်ငန်းကို အဆင့်ဆင့်ကြိုးပမ်းဆောင်ရွက်သွားကြဖို့လိုတယ်”လို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောပါတယ်။
လျှပ်စစ်ရထားတွေပြေးဆွဲနိုင်ရေးလိုအပ်တဲ့ လျှပ်စစ် ဓာတ်အားသုံးစက်ခေါင်းတွေ ထုတ်လုပ်နိုင်ရေး နိုင်ငံတကာက နည်းပညာတွေကိုလေ့လာပြီး ပြည်တွင်းမှာ ထုတ်လုပ်နိုင်တဲ့ ပစ္စည်းတွေနဲ့ ပြည်ပမှဝယ်ယူရမယ့် ပစ္စည်းတွေကိုပေါင်းစပ်ပြီး ပထမခြေလှမ်းအနေနဲ့ ဒီဇယ်လျှပ်စစ်သုံး(DEMU) စက်ခေါင်းတွေ တည်ဆောက်ထုတ်လုပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ရန်လိုကြောင်း၊ ဒီဇယ်လျှပ်စစ်ရထားစက်ခေါင်းတွေကတဆင့် လျှပ်စစ်ရထား(EMU)အထိ ပြေးဆွဲနိုင်ရေးကြိုတင်ပြင်ဆင်ဆောင်ရွက်ကြဖို့လည်းတိုက်တွန်းပြောပါတယ်။
လက်ရှိ ရန်ကုန်မြို့ပတ်ရထားလမ်းမှာ ဒီဇယ်လျှပ်စစ်သုံးရထားများအသုံးပြု၍ မြို့ပတ်ရထားများပြေးဆွဲနေတာဖြစ်ပြီး တနိုင်ငံလုံးရှိ အဓိကကျတဲ့နေရာတွေကို လျှပ်စစ်ရထားအသုံးပြုပြေးဆွဲနိုင်ရေး အဆင့်ဆင့်ကြိုးပမ်းဆောင်ရွက်သွားဖို့လိုတယ်လို့လည်း ဆိုပါတယ်။
အာဏာသိမ်းစစ်ခေါင်းဆောင်ဟာ မြန်မာနိုင်ငံအနှံ့ သွားရောက်တဲ့ခရီးစဉ်တွေ တွေ့ဆုံပွဲတွေမှာလည်း လျှပ်စစ်ရထားတွေ၊ မြေအောက်ရထားတွေ ပြေးဆွဲဖို့ ကိစ္စ အခုလိုပဲ မကြာခဏ ပြောဆိုလေ့ရှိတာဖြစ်ပါတယ်။
လက်ရှိ မြန်မာနိုင်ငံတဝန်း ရန်ကုန်နဲ့ မန္တလေးမြို့ကြီးတွေအပါအဝင် ပြည်နယ်နဲ့တိုင်းအသီးသီးမှာ အာဏာသိမ်းစစ်ကောင်စီက ပြည်သူတွေအတွက် လျှပ်စစ်မီးတွေ လုံလောက်အောင်မပေးနိုင်ဘဲ လျှပ်စစ်မီးမကြာခဏ ပြတ်တောက်မှုတွေနဲ့ ရင်ဆိုင်ကြုံတွေ့နေကြရတာ ဖြစ်ပါတယ်။
Photo- MOI