မကွေးတိုင်း ရေစကြိုမြို့နယ် ပခုက္ကူ-ချောင်းဦးလမ်းမှာ ဖေဖော်ဝါရီ ၂၅ ရက်နေ့ ညနေ ၄ နာရီလောက်က ရေနံကားတွေကို လိုင်းကြေးကောက်နေတဲ့ စစ်ကောင်စီရဲ့ ဗိုလ်တစ်ယောက်နဲ့ တပ်သားတစ်ယောက်ကို ရေစကြို PDFက ပစ်ခတ်သုတ်သင်နိုင်ခဲ့တယ်လို့ ရေစကြို PDF ခေါင်းဆောင် ရဲဘော်ဝေကြီးက ဒီဗွီဘီကို ပြောပါတယ်။
“ဆီဘောက်ဆာကားတွေကို ဆက်ကြေးကောက်နေတဲ့ စစ်ဗိုလ်တစ်ယောက်နဲ့ တပ်သားတစ်ယောက်ကို ပစ်ခတ်သုတ်သင်လိုက်တာပါ။ သူတို့ဆီကနေ MA-5 သေနတ်တစ်လက်လည်း သိမ်းဆည်းရမိခဲ့တယ်။”
ရေစကြို PDF တပ်ဖွဲ့ဟာ ဖေဖော်ဝါရီ ၂၃ ရက်နေ့မှာလည်း ညီနောင်မဟာမိတ်တပ်ဖွဲ့တွေနဲ့ ရေပြာရဲစခန်းကို သွားရောက်တိုက်ခိုက်ခဲ့ပြီး စခန်းမှူးအပါဝင် ရဲ ၅ ယောက်သေဆုံးက ရေစကြို PDF ဘက်က ရဲဘော် ၂ ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
တပ်ဖွဲ့ဝင်တွေ ပစ်သတ်ခံရတာနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။
ရေစကြို PDF အနေနဲ့ စစ်အုပ်စုတွေကို အမြစ်ပြတ်ခြေမှုန်းသွားမှာဖြစ်သလို တိုက်ပွဲတွေကိုလည်း အရှိန်ဟုန်မြှင့်တင်သွားမှာဖြစ်လို့ ပြည်သူတွေအနေနဲ့ ပံ့ပိုးကူညီပေးကြဖို့ တိုက်တွန်းထားပါတယ်။