စစ်ကိုင်းတိုင်းမှာ စခန်းသိမ်းတိုက်ပွဲတွေနဲ့ စစ်ကောင်စီစခန်းတွေကို PDF တွေက အပြင်းအထန် တိုက်ခိုက်ဖျက်ဆီးတာတွေကို ဆက်လက်မြင်တွေ့ရမယ်လို့ ဗိုလ်နဂါးက ပြောလိုက်ပါတယ်။
စစ်ကိုင်းတိုင်းက ၁၁ မြို့နယ်အပါအဝင် တိုင်းနဲ့ပြည်နယ် ၈ ခုရှိ မြို့နယ် ၃၇ ခုကို ဖေဖော်ဝါရီ ၂ ရက်မှာ စစ်ကောင်စီက စစ်အုပ်ချုပ်ရေး ကြေညာခဲ့တာပါ။
စစ်ကောင်စီက စစ်အုပ်ချုပ်ရေး ကြေညာခဲ့ပေမဲ့ တော်လှန်ရေးအင်အားစုတွေဘက်က နောက်ဆုတ်မသွားဘဲ ကန့်ဘလူမြို့နယ်၊ တန့်ဆည်မြို့နယ်နဲ့ မြင်းမူမြို့နယ်တွေ အပါအဝင် စစ်ကိုင်းတိုင်းထဲက မြို့နယ်တချို့မှာ စခန်းသိမ်းတိုက်ပွဲတွေကို PDF တွေက ဆင်နွှဲခဲ့ပါတယ်။
စစ်ကောင်စီဘက်က စစ်အုပ်ချုပ်ရေးကြေညာပြီး အဆိုးဆုံးအကြမ်းဖက်မှုတွေ မပြုလုပ်နိုင်ခင်မှာ PDF တွေက ကြိုတင်တိုက်ခိုက်တာဖြစ်ပြီး နောက်ထပ်စခန်းသိမ်းတိုက်ပွဲတွေကို ပြည်သူတွေ ဆက်လက်မြင်တွေ့ရမယ်လို့ မြန်မာ့တော်ဝင်နဂါးတပ်တော် ခေါင်းဆောင် ဗိုလ်နဂါးက ပြောလိုက်ပါတယ်။
“စခန်းသိမ်းနိုင်တယ်ဆိုတဲ့ အနေအထားတွေကတော့ ရှေ့လျှောက်မှာ ခုထက်ပိုပြီးတော့ မြင်လာရနိုင်ခြေတွေရှိတယ်လို့ ပြောရမှာပဲ။ စစ်ရေးမှာ အပြင်းထန်ဆုံး အနေအထားနဲ့ ကျနော်တို့က စခဲ့ကြရတယ်။ အခုလို မောင်းပြန်တွေ ကိုင်လာနိုင်တဲ့ အခြေအနေမှာတော့ စိတ်ဓာတ်တက်ကြွမှုအပိုင်းတွေ ပိုလာတယ်။ ကိုင်တွယ်ပစ်ခတ်ရတဲ့ လက်နက်ရဲ့ အရည်အသွေးကလည်း ပိုပြီးမြင့်လာတယ်။ အဲ့ဒီ ၂ ခု ပေါင်းစပ်လိုက်တော့ စစ်ရေးအရှိန်အဟုန်က မြင့်လာတာပေါ့။ သူတို့ဘက်ကလည်း လေကြောင်းတွေနဲ့ အရန်သင့် ပြင်ဆင်ထားတာတွေ ရှိတယ်။ အဲ့ဒီလေကြောင်းကို တုံ့ပြန်တိုက်ခိုက်ဖို့ ဒီဘက်က တနည်းနည်းနဲ့ ကြံဆလာတာတွေ ပြင်ဆင်လာတာတွေ ရှိတယ်ပေါ့။ ဘယ်လိုပဲဆိုဆို နေရာတိုင်းမှာ တပြိုင်နက် တိုက်ခိုက်မှုတို့၊ နောက် အလစ်အငိုက်ချောင်းပြီး တိုက်ခိုက်မှုတို့ ရှိမယ်ဆိုရင်တော့ လေကြောင်းတွေ လစ်သွားချိန်မှာ မကြာခဏ ကျနော်တို့ စခန်းသိမ်းနိုင်တာတွေ ရှိလာမယ်လို့ ယူဆတယ်။ စခန်းသိမ်းတာ မဟုတ်ရင်တောင် စခန်းတွေကို ပြင်းပြင်းထန်ထန် ဝင်ရောက်ဖျက်ဆီးမယ်လို့ ထင်တာပဲ၊ ယူဆရတာပေါ့။”
PDF တွေဘက်က လက်ဦးမှုရယူပြီး တိုက်ခိုက်တယ်ဆိုပေမဲ့ စစ်ကောင်စီက တိုက်ပွဲနဲ့ မသက်ဆိုင်တဲ့ ပြည်သူတွေကို လေကြောင်းအသုံးပြုပြီး အကြမ်းဖက်လာနိုင်တဲ့အတွက် စစ်ကိုင်းဒေသခံတွေအနေနဲ့ ဗုံးခိုကျင်းတွေ ပြင်ဆင်ထားဖို့နဲ့ ရိက္ခာစုဆောင်းထားဖို့ လိုတယ်လို့ ဗိုလ်နဂါးက သတိပေးပါတယ်။
“ကိုယ့်အတွက်ကို ပြင်ဆင်ပြီးတဲ့အပြင် တော်လှန်ရေးအင်အားစုတွေအနေနဲ့ စစ်ရေးက နေ့စဉ်နေ့တိုင်း တိုက်ခိုက်ပြီးတော့ တိုက်ပွဲထဲမှာ ရှိနေရတာမဟုတ်ဘူး။ အားလပ်တဲ့ အချိန်တွေမှာ ပြင်းထန်လာမယ့် စစ်ရေးအတွက် ပြည်သူကို အသိပညာပေးတာအပြင် ပြည်သူတွေရဲ့ ကာကွယ်ရေးလုပ်ငန်းစဉ်တွေမှာ ကိုယ်တိုင်ပါဝင်ပြီးတော့ ပြင်ဆင်ပေးကြဖို့။ ကိုယ့်အတွက်လည်းပြင်ဆင်၊ ပြည်သူ့အတွက်လည်း ပြင်ဆင်ပေးကြဖို့၊ အသိပညာတွေ ဖြန့်ဝေပေးကြဖို့ အဲ့ဒါတွေကို တိုက်တွန်းချင်ပါတယ်။”
စစ်အုပ်ချုပ်ရေး ကြေညာပြီးနောက်ပိုင်း ဖေဖော်ဝါရီ ၁၁ ရက်မှာ အများပြည်သူ လက်နက်ကိုင်ဆောင်ခွင့် ဥပဒေကို စစ်ကောင်စီက အတည်ပြု ထုတ်ပြန်လိုက်ပါတယ်။
စစ်ကောင်စီ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ သဘောတူညီချက်နဲ့ ပြည်ထဲရေးဝန်ကြီးဌာနကနေ တဆင့် လက်နက်ကိုင်ဆောင်ချင်တဲ့ ပြည်သူတွေဟာ ဝယ်ယူတင်သွင်းခွင့်၊ ရောင်းချခွင့် ရှိတယ်လို့ သူတို့ဥပဒေမှာ ဖော်ပြခဲ့ပါတယ်။ ဒီလုပ်ရပ်ဟာ စစ်ကောင်စီက သူတို့အင်အားနဲ့ တော်လှန်ရေးကို မထိန်းနိုင်တော့လို့ ပြည်သူချင်း ရန်တိုက်ပေးတာလို့ စစ်ကိုင်းနယ်ခံ နိုင်ငံရေးသမားတယောက်က သုံးသပ်ပါတယ်။
“စစ်အုပ်ချုပ်ရေးဆိုပြီး စစ်ကောင်စီဘက်က ထုတ်ပြန်လာတဲ့အချိန်မှာ မြေပြင်မှာ စစ်ရေးအရ ပိုပြီး တင်းမာလာတာတော့ ရှိတယ်။ စစ်ကိုင်းတိုင်းက ဒေသတွေမှာတော့ စစ်အုပ်ချုပ်ရေး မကြေညာလည်းပဲ သတ်ချင်သလိုသတ် မီးရှို့ချင်သလို ရှို့နေတာပဲဗျာ။ အဲ့ဒီအတွက်ကြောင့် စစ်အုပ်ချုပ်ရေး ကြေညာလိုက်လို့လည်း ဘာမှတော့ ထူးခြားသွားမှာ မဟုတ်ပါဘူး။ စစ်ကောင်စီကတော့ သူတို့ကပဲ အုပ်ချုပ်လို့ရနေသယောင်၊ သူတို့ကပဲ အာဏာသက်ရောက်နေသယောင် စစ်အုပ်ချုပ်ရေး ထုတ်ပြန်လိုက်၊ လက်နက်ကိုင်ဆောင်ခွင့်ဥပဒေ ထုတ်ပြန်လိုက် ပုံစံမျိုးစုံ လုပ်နေတာပဲပေါ့။ မြေပြင်မှာတော့ ပြည်သူကတော့ ကိုယ့်ရဲ့မြေပြင်အခြေအနေကို ကိုယ့်ဘာသာ စီမံခန့်ခွဲနေပြီ။ ပြည်သူက တိုင်းပြည်အသစ်တခုဆီကို ကိုယ်ပိုင်ပြဋ္ဌာန်းပြီးတော့ လျှောက်လှမ်းနေပြီဆိုတာ တွေ့ရပါတယ်။ လက်နက်ကိုင်ဆောင်ခွင့်ဆိုတာကြီးကို အတည်ပြုပေးလိုက်တယ် ဆိုတာကတော့ သူ့ရဲ့ နောက်လိုက်နောက်ပါတွေနဲ့ တော်လှန်ရေးကို နှိမ်နင်းဖို့ရာ မဖြစ်နိုင်တော့လို့ ပြည်သူ ပြည်သူချင်း လှည့်တိုက်ပေးလိုက်တဲ့ သဘောလို့ပဲ နားလည်ပါတယ်ဗျ။”
စစ်အုပ်ချုပ်ရေး ကြေညာခံထားရတဲ့ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ချင်းပြည်နယ်နဲ့ ပဲခူးတိုင်းက မြို့နယ်ပေါင်း ၂၄ ခုမှာ သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်တွေက ဖေဖော်ဝါရီ ၄ ရက် နေ့စွဲနဲ့ သွားလာခွင့်အချိန် ကန့်သတ်အမိန့် ထုတ်ပြန်တင်းကျပ်ခဲ့ပါတယ်။
အမိန့်ကို မလိုက်နာတဲ့သူတွေကို လုံခြုံရေးတာဝန်ထမ်းဆောင်သူတွေက အင်အားသုံး ဖမ်းဆီးပြီး အရေးယူမယ်လို့ စစ်ကောင်စီက အမိန့်စာမှာ ဖော်ပြပါတယ်။
လေကြောင်းရန်ကာကွယ်ရေးလက်နက်ဝယ်ယူဖို့ NUG ကာကွယ်ရေးဝန်ကြီးဌာနဆီကို ငွေကြေးပေးသွင်းထားပြီးဖြစ်ပေမယ့် လက်နက်တွေ လက်ဝယ်မရောက်သေးဘူးလို့ မြန်မာ့တော်ဝင်နဂါးတပ်တော်ခေါင်းဆောင်ဗိုလ်နဂါးက ပြောပါတယ်။
ကွန်မန်ဒို ၁၀၀ ပရောဂျက်ရငွေ ဒေါ်လာ ၄ သိန်းထဲက ၃ သိန်းကို ပြီးခဲ့တဲ့ ဇွန်လကတည်းက NUG ငွေပေးချေမှာ ယူထားတာလို့ ဆိုပါတယ်။
ပြည်သူတွေဆီ ပိုက်ဆံတွေ အလှူခံပြီး ဖြစ်ဖြစ်မြောက်မြောက် ပစ္စည်းတွေ လက်ဝယ်မပြနိုင်တာကြောင့် သူ့ကို ပုတ်ခတ်တိုက်ခိုက်တာတွေရှိလာတဲ့အတွက် အခုလိုဖြေရှင်းရတာလို့ ဗိုလ်နဂါးက ပြောပါတယ်။
"ဘာမှရေရေရာရာမလုပ်ဘဲ လူထုဆီက အလှူခံထားတာတွေရှိတယ်ဆိုပြီး ပြောလာတာတွေရှိတာပေါ့။ ဒါကလည်း ရတဲ့ငွေကို လက်နက်ဝယ်ရင်လည်း ကြီးကြီးမားမား ကိစ္စတွေကို MOD နဲ့ ချိတ်ဆက်ပြီးတော့ အလုပ်လုပ်နေတယ်။ ငွေကြေးဆိုရင်လည်း Donar တွေဆီထားတယ်။ Donar တွေဆီကမှ MOD ကိုတဆင့် ကြားခံပြီးတော့မှ လက်နက်ဝယ်ယူတဲ့ဆီကို သွားတယ်ဆိုတာမျိုးပြောထားပြီးသား။ ဒါပေမယ့် ဒါနဲ့ပတ်သက်ပြီးတော့ ခေါင်းစဉ်အလွဲတွေတပ်ပြီးတော့ ပုတ်ခတ်စွပ်စွဲခံနေရတဲ့ အခက်အခဲတော့ရှိတာပေါ့။ ကွန်မန်ဒို ၁၀၀ သုံးလ ဒေါ်လာလေးသိန်း ပရောဂျက်ဆိုရင်လည်း သုံးသိန်းလောက် MOD ကိုသွင်းထားပြီးသားပဲ။ သူတို့လည်း လမ်းကြောင်းအခက်အခဲကြောင့် ရောက်မလာသေးဘူး ပြောတာပဲ။ တကယ်တော့ ကြားထဲကနေ ပြည်သူတွေ မျက်စိလည်အောင်လုပ်ပြီးတော့ နာမည်ဖျက်ချင်တာလား။ အဲ့လိုမျိုးလုပ်နေတဲ့ အနေအထားတွေတော့ ကြုံရတာပေါ့။ ကိုယ့်အဖွဲ့အစည်းဆိုတာထက် တော်လှန်ရေးတခုလုံးကို သွားတွေးပြီးတော့ ယုံကြည်မှုနည်းသွားမှာကိုပဲ စိုးတာ။ ကျနော်တို့ ကွန်မန်ဒို ၁၀၀ တင်မကဘူးလေ။ လေကြောင်းရန်ကာကွယ်ဖို့ လက်နက်ကြီးဝယ်ထားတာလည်း တနေရာရှိတယ်။ အဲ့ဒါအပြင် တခြား မမ တွေပေါ့။ အကြီးတွေအသေးတွေ အဲ့ဒီလမ်းကြောင်းက ဝယ်ထားတာရှိတယ်။ အဲ့ဒါကလည်း ကျနော်တို့ ဝယ်ထားပြီးခါကြမှ MOD ထောက်ပို့တာဝန်ခံက သူတို့ သယ်ကူပေးမယ်ဆိုလို့ အဲ့ဒါလည်း သူတို့ဆီအပ်ထားရတာပဲ။ ၆ လပိုင်းကတည်းက ခုထိရောက်မလာဘူး။ ကျနော့်ရဲ့အဓိကအင်အား ၂ ခုလုံးက အဲ့ဒီမှာ မြုပ်နေတော့ အလုပ်လုပ်ရတာ ထင်သလောက် ခရီးမပေါက်တာတော့ရှိတာပေါ့။"
အမျိုးသားညီညွတ်ရေးအစိုးရက လေကြောင်းကာကွယ်ရေးစီမံချက်တွေ ဆောင်ရွက်နေပြီး တချို့နေရာတွေမှာ အကောင်အထည်ဖော်နိုင်ပြီလို့ ပြောဆိုထားပေမယ့် မြေပြင်က NUG လက်အောက်ခံ PDF အဖွဲ့တွေဟာ လေကြောင်းကာကွယ်ရေးလက်နက်နဲ့ တိုက်ခိုက်ရေးပစ္စည်းတွေကို ဝယ်ယူဖို့ ပြည်သူတွေဆီက အလှူခံနေရဆဲဖြစ်ပါတယ်။
စစ်ကိုင်းတိုင်းနဲ့ မန္တလေးတိုင်းမှာ ရွှေ့ပြောင်းလှုပ်ရှားနေတဲ့ Zero ပြောက်ကျားတပ်ဖွဲ့ဟာ လေယာဉ်ပစ်လက်နက်ဝယ်ဖို့ တလအတွင်း ငွေကျပ်သိန်းသုံးရာကျော်ရရှိထားပြီး လိုအပ်တဲ့ ငွေကြေးကို ဆက်လက်လှူဒါန်းပေးကြဖို့ မေတ္တာရပ်ခံထားပါတယ်။
မြင်းခြံခရိုင်တပ်ရင်း ၇ မှ ဗိုလ်ဇီးရိုးက "ကျနော်တို့ဟာ အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ကနေ လက်တွဲတိုက်ခိုက်နေတဲ့ မြင်းခြံခရိုင် တပ်ရင်း (၇) ပါ။ ကျနော်တို့ကို လှူဒါန်းတဲ့လက်နက်တွေဟာ တော်လှန်ရေးအလွန်ကာလမှာ နိုင်ငံတော်အတွက် တာဝန်ဆက်လက်ထမ်းဆောင်မယ့် လက်နက်တွေဆိုတာလည်း သေချာပါတယ်။ ကျနော်တို့ တစိုးတစွန်းမှ ယူထားလို့မရပါဘူး။ တော်လှန်ရေးအတွက် ကျနော်တို့ ဆက်လက်ကြိုးစားသွားမှာပါ။ ပြည်တွင်းပြည်ပ အလှူရှင်များရဲ့ လှူဒါန်းထောက်ပံ့မှုဟာ တော်လှန်ရေးကာလမှာ အင်မတန်အရေးပါတဲ့ အခန်းကဏ္ဏမှာတည်ရှိတဲ့အတွက် ကျန်တဲ့ရက် ၆၀ မှာ ကျနော်တို့လိုချင်တာလေး ပြည့်မီအောင်လို့ ဆက်လက်ပါဝင်ကူညီပေးကြပါ” လို့ မေတ္တာရပ်ခံလိုပါတယ်။"
အမျိုးသားညီညွတ်ရေးအစိုးရ NUG အနေနဲ့ လေကြောင်းပစ်လက်နက်တွေကို တချို့နေရာတွေမှာ တပ်ဆင်ထားနိုင်ပြီလို့ အောက်တိုဘာ ၇ ရက်နေ့သတင်းစာရှင်းလင်းပွဲမှာ တာဝန်ရှိသူတွေက ပြောဆိုထားပါတယ်။
အဲ့ဒါအပြင် ပြည်သူတွေကို တိုက်ခိုက်ဖို့ စစ်ကောင်စီ လေယာဉ်နဲ့ ရဟတ်ယာဉ်ပျံသန်းမောင်းနှင်ပေးတဲ့ လေယာဉ်မှူးတွေဟာလည်း နောင်တချိန်မှာ တာဝန်ယူတာဝန်ခံရမယ်လို့ NUG ဆက်သွယ်ရေး၊ သတင်းအချက်အလက်နဲ့နည်းပညာဝန်ကြီးဦးထင်လင်းအောင်က ပြောပါတယ်။
စစ်ကောင်စီက စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ချင်းပြည်နယ်၊ ကရင်ပြည်နယ်နဲ့ ကရင်နီပြည်နယ်တွေမှာ လေကြောင်းပစ်ကူတွေကိုပါ အသုံးပြုပြီး ပြည်သူတွေကို တိုက်ခိုက်ခဲ့တာပါ။
စစ်ကောင်စီက မြေပြင်စစ်ရေးမယှဉ်သာတော့တဲ့အတွက် လေကြောင်းပစ်ကူတွေကိုပါအသုံးပြုပြီး နယ်မြေထိန်းချုပ်နိုင်ဖို့ ကြိုးစားနေရတာဖြစ်ပါတယ်။ ဒီတိုက်ခိုက်မှုတွေကို သီးမခံနိုင်တော့တဲ့အတွက် ဒေသခံကာကွယ်ရေးတပ်တွေက လေကြောင်းရန်ကာကွယ်ရေး လက်နက်တွေကို ဝယ်ယူနိုင်ဖို့ ကြိုးစားနေကြတာဖြစ်ပါတယ်။
နိုင်ငံတဝန်းဖြစ်ပွားနေတဲ့ တိုက်ပွဲတွေနဲ့ပတ်သက်ပြီး စစ်ကောင်စီက ပုံမှန်သတင်းထုတ်ပြန်လေ့မရှိဘဲ အင်တာနက်နဲ့ဖုန်းလိုင်းတွေဖြတ်တောက်ပြီး သတင်းအမှောင်ချဖို့ ကြိုးစားခဲ့ပါတယ်။