မြန်မာစစ်တပ်ကို ဘယ်လိုဖျက်ကြမလဲ
အကြမ်းဖက်လူသတ် ဖက်ဆစ်ခေါင်းဆောင် မင်းအောင်လှိုင်က အာဏာကို ၂၀၂၃ အထိ ယူထားမယ်လို့ အတိအလင်းပြောသွားတယ်။ ၂၀၂၂ အကုန်ရောက်ရင်လည်း ၂၀၂၅ အထိ ထပ်တိုးဖို့ ရှိမှာပဲ။ တပ်မတော်လို့ခေါ်တဲ့ အကြမ်းဖက်စစ်တပ်ဟာ မြန်မာပြည်သူတွေအားလုံးအပေါ်မှာ အစဉ်အမြဲ ရန်သူလို့ သတ်မှတ်ခဲ့တာ။ စစ်တပ်မှာ ဖက်ဆစ် သန္ဓေပါလာတယ်။ ဂျပန် train ဖြစ်တာလည်း ပါမယ်။ ၁၉၆၂ မှာ နေဝင်း အာဏာသိမ်းလိုက်ကတည်းကစလို့၊ စောမောင်၊ သန်းရွှေ၊ ခင်ညွန့်၊ အခု မင်းအောင်လှိုင်အထိ သူတို့တစ်ဦးချင်းစီရဲ့ စိတ်သဏ္ဍာန်မှာ ပြည်သူတွေဟာ လိုသလို ဖိနှိပ်နိုင်တဲ့ subject တွေလို့ မှတ်ယူကြသလို၊ စစ်တပ်ထဲက ဒုဗိုလ်အဆင့်ကစလို့၊ ကစထ မှူး၊ ညှိကွပ်အဆင့်အလယ်၊ ဒုချုပ်၊ ကာချုပ်အထိ ကလည်း ပြည်သူဟာ သူတို့ စစ်ခင်းချင်သလို ခင်းလို့ရတဲ့ ကျွန်တွေလို့ သတ်မှတ်ကြတာ။ ဒါတွေဟာ ရမ်းကာ သမ်းကာပြောနေတာမဟုတ်ဘူး၊ စစ်တပ်ထဲမှာ ကျွန်သဘောက်အဆင့်လောက် ဆက်ဆံခံရတဲ့ ဗိုလ်အဆင့်၊ ဗိုလ်ကြီးအဆင့်ကနေ ဗိုလ်မှူးကြီး၊ ဗိုလ်ချုပ်ကြီးအဆင့်အထိတွေရဲ့ ပြောစကားတွေ၊ အမူအရာ၊ အပြုအမူတွေ၊ ရန်ကုန်၊ မန္တလေးလို မြို့ကြီးတွေရဲ့ လမ်းမကြီးတွေပေါ်မှာ “မင်းတို့မိန်းမတွေ၊ သမီးတွေကို မုဒိန်းကျင့်ပစ်မယ်” “သေရဲတဲ့ကောင်ထွက်ခဲ့” လို့အော်ဟစ်ကြတဲ့ အကြပ်၊ စစ်သားတွေရဲ့ လုပ်ရပ်တွေ၊ တိုင်းရင်းသားဒေသတွေမှာ ခေတ်အဆက်ဆက် ကျူးလွန်ခဲ့တဲ့ စစ်ရာဇဝတ်မှုတွေက သက်သေပဲ။
စစ်တပ်ဟာ ဖျက်ပစ်မှကို ရမယ့် အင်စတီကျူးရှင်းဆိုတာ အသေအချာပဲ။ တချို့က ပြောတယ်၊ စစ်တပ်ကို ဖျက်ဖို့ logistic အရ မဖြစ်နိုင်ဘူးဆိုတာ။ မဖြစ်နိုင်ဘူး၊ သိတာပဲ။ သိပ်ခက်ခက်ခဲခဲစဉ်းစားစရာတောင်မလိုဘူး။ မဖြစ်နိုင်လို့ မဖျက်ဘူးဆိုရင် ဘယ်လိုလုပ်ကြမလဲ၊ ပြီးခဲ့တဲ့ ၈ နှစ်အတွင်းမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ စစ်တပ်နဲ့ အပေးစားခံပြီး စစ်တပ်ကို တတ်နိုင် သမျှစည်းရုံးသိမ်းသွင်းတာပဲ။ ဖျက်လို့ မလွယ်ဘူးဆိုတာ သူလည်းသိတာပဲ။ ဒီလောက် ညင်ညင်သာသာနဲ့ သိက္ခာရှိရှိ၊ လူဆန်ဆန် ပြောင်းလဲဖို့ စည်းရုံးတာတောင်၊ နောက်ဆုံး ဒီဘူတာ ဆိုက်တာပဲ။
ဆက်စပ်လို့ ပြောရရင် ဒေါ်အောင်ဆန်းစုကြည်ကို စစ်တပ်နဲ့ပေးစားလွန်းမက ပေးစားတဲ့ CSO အသိုင်းအဝိုင်းထဲက လူတွေ (မှတ်ချက် - ထူးဆန်းတာက အဲဒီ CSO အသိုင်းအဝိုင်းထဲကလူတွေဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ အရပ်သားအစိုးအရအပေါ်မှာ အာကျယ်ပြီး စွာရဲသလောက် စစ်တပ်ကိုတော့ တို့ထိရမှာ အလွန်ရွံ့ကြတာဟာ အထူးစိတ်ဝင်စားဖွယ်ပါပဲ။ လက်သုံးစကားဖြစ်တဲ့ “စစ်တပ်ကတော့ ပြောစရာကိုမလိုအောင် ရိုင်းစိုင်းနေလို့” ဆိုတာကိုသုံးပြီး လက်တွေ့မှာ စစ်တပ်ကို တိုက်ရိုက်စိန်ခေါ်တာမျိုးလည်းမတွေ့ရသလို၊ ပြင်းပြင်းထန်ထန်ဝေဖန်တဲ့ ကြေညာချက်တစ်ခု တစ်လေတောင် မတွေ့ရ။) အလွန်လေးစားကြည်ညိုကြတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေလည်း ဒီဖက်ဆစ် စစ်တပ်ကို ဖျက်လို့မရဘူးဆိုတာ သိတာပဲ။ ဒါကြောင့်လည်း သူတို့လည်း တစ်ဖွဲ့ချင်းစီနဲ့ ကိုက်ညီမယ့် ဗျူဟာနဲ့ သွားနေကြတာ။
စစ်တပ်ကို ဖျက်လို့ရတယ်၊ မရဘူး ဘယ်လိုပဲ ငြင်းခုန်နေကြပါစေ၊ သဘောတရားအပိုင်းမှာတော့ ဖျက်ပစ်မှရမယ့် အင်စတီကျူးရှင်းဆိုတာ အရင်းဆုံး ရှင်းလင်းနေဖို့လိုတယ်။ ပြီးမှ လက်တွေ့ဘယ်လိုဖြစ်အောင်လုပ်မလဲ ဆိုတဲ့ အပိုင်းသွားရမှာ။
လက်တွေ့အပိုင်းမှာတော့ သေချာတာက စစ်တပ်ကို ဖျက်ဖို့က foreign power မပါဘဲတော့ မလွယ်ဘူး။ foreign power ပါရင် အချိန်မြန်မယ်။ မပါရင် အချိန်ယူရလိမ့်မယ်။ မြန်မြန် ဖြစ်ချင်တဲ့ ဆန္ဒတွေရှိပေမယ့် လက်တွေ့ကျကျ တော့လည်း စဉ်းစားဖို့လိုပါတယ်။ အထူးသဖြင့် လက်တွေ့ကျကျ လုပ်နိုင်မယ့်လူတွေများများလိုပါတယ်။ အရမ်း abstract ဖြစ်တဲ့ (စိတ္တဇဆန်တဲ့) နိုင်ငံရေးအိုင်ဒီယိုလိုဂျီတွေ၊ နိုင်ငံရေးစနစ်တွေ (ဖက်ဒရယ်တို့၊ ဒီမိုကရေစီတို့) ကို ထိုင်ပြောနေပြီး၊ အချိန်တွေအရမ်းကုန်မှာမျိုးဟာ မဖြစ်သင့်ဘူး။ ပြောသင့်သလောက်ပြောရင် ရပြီထင်ပါတယ်။ နောက် ဝေဖန်ရေးနဲ့ လေကန်ရေးကိုပဲ နိုင်ငံရေးထင်နေသူတွေများနေရင်လည်း မဟုတ်သေးဘူး။ ဝေဖန်တယ်ဆိုတာ အရမ်းလွယ်ပြီး “လေ” ပဲစိုက်ရတာ။ ဘာမှလည်း အားထုတ်စရာမလိုဘူး။ ကိုယ်ထင်တာတွေကို လျှောက်ပြောနေရုံပဲ။ မြေပြင်မှာ ဖြစ်နေတာနဲ့ ကိုက်သော်ရှိ၊ မကိုက်သော်ရှိ ပါးစပ်ကနေ လျှောက်ပြောပြီး လေပေါ နိုင်ရင်ရပြီ။ အခုအချိန်က “လေ” သမားတွေ မလိုဘူး။ လက်တွေ့ operation သမားတွေလိုအပ်တာ။
ဘယ်လိုတိုက်မှာလဲ၊ ဘယ်ကပိုက်ဆံနဲ့တိုက်မှာလဲ၊ ပိုက်ဆံဘယ်လိုရှာမလဲ၊ (CRPH က အလှူခံထားတဲ့ ၉ သန်းဟာ တစ်ကယ်တိုက်ရပြီဆိုရင် အသေးသုံးပဲရမယ်။) ရှာထားတဲ့ ပိုက်ဆံကို မှန်ကန်မျှတစွာ စနစ်တကျ ဘယ်လိုခွဲဝေမလဲ။ Transaction တွေ ဘယ်လိုလုပ်မလဲ၊ လူသူလက်နက် ဘယ်လိုစုဆောင်းမလဲ၊ စုဆောင်းထားတဲ့ လူသူလက်နက်တွေရဲ့ အင်အားကို maximum value ရအောင် ဘယ်လိုစီမံမလဲ၊ စစ်ရေးမဟာဗျူဟာ/နည်းဗျူဟာတွေကို ဘယ်လိုဆွဲမလဲ၊ Command structure ဘယ်လိုတည်ဆောက်မလဲ၊ စစ်ရေးနဲ့ နိုင်ငံရေး ဘယ်လိုပေါင်းစပ်ပြီးသွားမလဲ၊ စသဖြင့်စသဖြင့်။ ဒါတွေက အခုရေးလိုက်ရတာ စာလေး ၄ ကြောင်းထက်မပိုပေမယ့် လက်တွေ့ကျကျ အဖြေပေးဖို့ကျတော့ အလွန်ခက်တယ်။ လက်တွေ့ကျကျ အလုပ်လုပ်မယ့် operation သမားတွေက လုပ်ရတာ။ logistic နဲ့ management မပိုင်ဘဲ စစ်တိုက်လို့မရဘူး။ မပိုင်ဘဲ တိုက်လည်း ရှုံးမှာပဲ။
ဗီယက်နမ်စစ်ပွဲဟာ foreign power တွေပါတဲ့ proxy war တစ်ခု။ နှစ် ၂၀ ကြာတယ်။ စူပါပါဝါကို ဘာလို့ အနိုင်တိုက်နိုင်သလဲဆိုတာကို သေချာစေ့စေ့ငှငှ လေ့လာကြည့်ဖို့ကောင်းတယ်။ resource mobilization လုပ်သွားပုံ၊ logistic လမ်းကြောင်း (Ho Chi Minh Trail) တည်ဆောက်သွားပုံတွေဟာ အတုယူမယ်ဆိုရင် ယူလို့ရတယ်။ ကိုယ့် context နဲ့ကိုက်အောင် တော့ ပြောင်းသုံးနိုင်ရမှာပေါ့။
မည်သို့ဆိုစေ၊ ဆက်ပြီးတော့ ချီတက်ကြရဦးမယ်။ သေချာတာတစ်ခုကတော့ ပြည်သူရယ်၊ CRPH ရယ်၊ NUG ရယ်၊ တော်လှန်ရေးသစ္စာတည်ကြည်တဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေရယ် စုပေါင်းပြီး လုပ်ကြမှရမှာ။ မဟုတ်ရင် ဟိုတစ်စ၊ ဒီတစ်စနဲ့ စစ်တပ်အကြိုက်ပဲဖြစ်သွားမှာ။ ပြည်သူကိုယ်တိုင်ကလည်း ကြံ့ကြံ့ခံပြီး ရင်ဆိုင်ကြ ရလိမ့်ဦးမယ်။ ကမ္ဘာ့ဘယ်နေရာမှာ ရောက်သည်ဖြစ်စေ၊ ဒီတော်လှန်ရေးအတွက် လက်တွေ့ကျကျ အလုပ်ဖြစ်မယ့် ပံ့ပိုးမှုတွေလည်း လုပ်ကြဖို့လိုတယ်။
မြန်မာစစ်တပ်ကို ဘာကြောင့် ဖျက်သိမ်းသင့်သလဲ
မြန်မာစစ်တပ် (တပ်မတော်)ကို ဘယ်လိုဖျက်သိမ်းမလဲဆိုပြီး ရေးခဲ့ရာမှာ CRPH/NUG/PDF တွေကို ဘယ်လိုလက်တွေ့ကျကျပံ့ပိုးသင့်ကြောင်း ဖော်ပြခဲ့ပါတယ်။ အခုတော့ “စစ်တပ်ကို ဘာကြောင့် ဖျက်သိမ်းဖို့လိုသလဲ” ဆိုတာကို နည်းနည်းဆဝါးကြည့်ချင်ပါတယ်။
ကမ္ဘာ့နိုင်ငံအသီးသီးမှာ နိုင်ငံနဲ့ ပြည်သူတွေကို ကာကွယ်ဖို့ တပ်မတော်တွေကို ဖွဲ့စည်းထားရှိကြတယ်။ ကမ္ဘာမှာ တည်ထောင်ထားသမျှ အမျိုးသားနိုင်ငံတော် (nation-state) တွေကိုကြည့်လိုက်ရင် လက်နက်နဲ့ တည်ထောင်ထားကြတဲ့ နိုင်ငံတွေဟာ super majority ဖြစ်ပါတယ်။ အမျိုးသား နိုင်ငံတော်တွေကို တည်ထောင်ခဲ့တဲ့ အခါမှာလည်း စစ်တပ်တွေဟာ အဓိက အခန်းကဏ္ဍကနေ ပါဝင်ခဲ့ကြတာပါ။ နိုင်ငံတွေမှာ ကျင့်သုံးတဲ့ စနစ်တွေကို လိုက်ပြီး စစ်တပ်တွေရဲ့ အရည်အသွေးတွေဟာလည်း ကွာခြားကြတာရှိတယ်။ ဒီမိုကရေစီနိုင်ငံတွေမှာတော့ စစ်တပ်တွေဟာ ဂုဏ်သိက္ခာရှိရှိ၊ အရည်အသွေးရှိရှိနဲ့ သူတို့ရဲ့ တာဝန်တွေကို ထမ်းဆောင်ကြပါတယ်။ မြန်မာနိုင်ငံ အပါအဝင် ဒီမိုကရေစီမဟုတ်တဲ့ နိုင်ငံတွေမှာတော့ စစ်တပ်တွေဟာ လက်နက်ကို အားပြုပြီး အာဏာတည်ဆောက်ကြတယ်။ စစ်ခေါင်းဆောင်တွေဟာလည်း နိုင်ငံတော်ထဲမှာရှိတဲ့ ရင်းမြစ်အားလုံး (နိုင်ငံသားများအပါ)ကို စိုးမိုးတဲ့ အာဏာရှင်တွေဖြစ်ကြတယ်။
စစ်တပ်တစ်ခုကို စစ်တပ်လို့ သတ်မှတ်ဖို့ ဘယ်လို အရည်အချင်းတွေ လိုအပ်သလဲ၊ လက်နက်ရှိတယ်၊ ယူနီဖောင်းဝတ်ထားတယ်၊ စစ်တပ်လို့ နာမည်တပ်ထားတယ်၊ ဒါနဲ့ပဲ စစ်တပ်တစ်ခုအဖြစ် သတ်မှတ်ထိုက်ပြီလား၊ စစ်တပ်နဲ့ လက်နက်ကိုင်အကြမ်းဖက်အဖွဲ့နဲ့ကြားမှာ ကွာခြားချက်တွေက ဘာတွေရှိလဲ၊ စတဲ့ မေးခွန်းတွေကို မဆန်းစစ်ဘဲ လက်နက်ကိုင်အဖွဲ့တစ်ခုကို စစ်တပ်လို့ သမုတ်လို့ မရစကောင်းဘူး။
စစ်တပ်နဲ့ စစ်တပ်မှာတာဝန်ထမ်းဆောင်ကြတဲ့ စစ်သားတွေအဖို့ အသက်နဲ့ထပ်တူ အလေးထားရတာက သူတို့ရဲ့ သစ္စာလို့ နားလည်တယ်။ နိုင်ငံတော်နဲ့ နိုင်ငံသားတွေကို ဘေးအန္တရာယ်တွေကနေ ကာကွယ်ပေးတဲ့အခါ သစ္စာရှိစွာ တာဝန်ထမ်းဆောင်နိုင်မှ စစ်သားလို့ ခေါ်ထိုက်တယ်။ စစ်သားတစ်ယောက်ဟာ မိမိတို့က ကာကွယ်ပေးပါမယ်လို့ သစ္စာဆိုထားတဲ့ ပြည်သူနဲ့ နိုင်ငံတော်အပေါ်မှာ သစ္စာမဖောက်ရဘူး။ နောက်တစ်ချက်က သူရသတ္တိ။ သူရသတ္တိရှိတဲ့ စစ်သားဆိုတာ ရန်သူနဲ့ ရင်ဆိုင်တွေ့ရင်တောင် ရန်သူကို နောက်ကျောကနေ ဓားနဲ့ မထိုးရဘူး။ မျက်နှာချင်းဆိုင် စိန်ခေါ်ပြီး ရင်ဆိုင်ရဲရတယ်။ ဒီသဘောတရားကို ရှေးယခင်ကတည်းက စီးချင်းထိုး တဲ့ မှတ်တမ်းတွေမှာ ဖော်ပြထားတယ်။ NLD က ဦးဉာဏ်ဝင်းကို ထောင်ထဲမှာထည့်ထားပြီး သတ်တဲ့ ကိစ္စဟာ အလွန့်အလွန် သူရဲဘောင်ကြောင်တဲ့ ကိစ္စပဲ။ စစ်သားစစ်စစ်တွေဟာ ဒါမျိုးမလုပ်ဘူး။
လက်နက်ရှိသူချင်း စစ်တိုက်တာ တိုက်လို့ရတယ်။ တိုင်းရင်းသားလက်နက်ကိုင်နဲ့ပဲတိုက်တိုက်၊ အခု နောက်ပေါ်လာတဲ့ PDF တွေနဲ့ပဲတိုက်တိုက် ပြဿနာမဟုတ်ဘူး။ စစ်တိုက်ပြီဆိုမှတော့ သူ့ဘက် ကိုယ့်ဘက် အကျအဆုံးရှိမယ်။ ဒါပေမဲ့ စစ်သားတွေဟာ လက်နက်မဲ့သူကို လက်နက်ကိုင်ပြီး စိန်မခေါ်ရဘူး။ သေနတ်ကြီးတွေကိုင်ပြီး တုတ်တစ်ချောင်းမရှိတဲ့ လက်နက်မဲ့ ပြည်သူကို “သေရဲတဲ့ကောင်ထွက်ခဲ့” ဆိုပြီး ရပ်ကွက်ထဲဝင်အော်သူတွေကို စစ်သားတွေလို့ ခေါ်လို့မရဘူး။
မြန်မာစစ်တပ်ရဲ့ သူရဲဘောင်ကြောင်ပုံတွေ၊ သူရသတ္တိ လုံးလုံးကုန်ခမ်းနေပုံတွေ၊ နိုင်ငံတော်နဲ့ ပြည်သူတွေအပေါ် သစ္စာပျက်ယွင်းနေပုံတွေ အစရှိသဖြင့်ကို ထပ်ပြောရင် ကုန်နိုင်မယ်မထင်ဘူး။ ဒါတွေဟာ စစ်တပ်အပေါ် ဒေါသဖြစ်လို့ (ဒေါသာဂတိ) မို့လို့ ပြောနေတာမဟုတ်ဘူး။ နှစ်ပေါင်း ၆၀ ကျော်မှာ မြန်မာစစ်တပ်လုပ်ဆောင်ခဲ့တဲ့ လုပ်ရပ်တွေကို၊ ပြည်သူအပေါ်ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေကို ထောက်ချင့်ကြည့်ရင် အချက်အလက်အားဖြင့်ကို စစ်တပ်ဟာ စစ်တပ်မဟုတ်ဘူး။
ဒါဆိုရင် စစ်တပ်မဟုတ်တဲ့ လက်နက်ကိုင် သောင်းကျန်းသူအဖွဲ့ကို စစ်တပ်ဆိုပြီး ထည့်စဉ်းစားလို့မရဘူး။ ဒါကြောင့် ဒိုင်ယာလော့ကြောင့်ပဲဖြစ်ဖြစ်၊ စစ်ရေးကြောင့်ပဲဖြစ်ဖြစ်၊ နှစ်ခုလုံးကို ပေါင်းစပ်နိုင်လို့ပဲဖြစ်ဖြစ် နွေဦးတော်လှန်ရေးအောင်မြင်သွားတဲ့အခါ စစ်တပ်ကို ဖျက်ပစ်မှကိုရမယ်။ စစ်တပ်မဟုတ်တာကြီးကို စစ်တပ်အင်စတီကျူးရှင်းလို့ ဆက်ပြီး သတ်မှတ်လို့ကိုမရတာ။ ဆက်သတ်မှတ်မယ်ဆိုရင် paradox ဖြစ်ပြီး loop ထဲကို ပြန်ရောက်သွားမှာပဲ။ ဒီတစ်ကြိမ်မှာ အဲဒီ loop ကို ချိုးဖောက်ထွက်မှကိုရမယ်။
စစ်တပ်ကိုဖျက်တယ်ဆိုတာ အရပ်စကားနဲ့ပြောတာ။ technical သဘောမှာတော့ Security Sector Reform ကို ဆိုလိုချင်တာ။ စစ်သား ၃ သိန်းလုံးကို လက်နက်ဖြုတ်ပြီး အိမ်ပြန်ခိုင်းမှာမျိုးမဟုတ်ဘူး။ ဒါပေမဲ့ စစ်တပ်ရဲ့ အခြေခံအကျဆုံး စုဖွဲ့မှုစနစ်ကနေစလို့ အဆင့်အမြင့်ဆုံး command structure အထိ ပြောင်းလဲပစ်ရမှာဖြစ်တယ်။
ဒါကြောင့် နွေဦးတော်လှန်ရေးအောင်မြင်တဲ့အခါ ဘယ်လိုမျိုး ညှိနှိုင်းမှုတွေရှိနေပါစေ၊ ဘယ်လိုမျိုး အပေးအယူတွေ ရှိနေပါစေ၊ လက်ရှိစစ်တပ်ကို ဖျက်သိမ်းပြီး Security Sector Reform ဆိုတာမပါဘဲနဲ့တော့ စစ်မှန်တဲ့ အောင်မြင်မှုလို့ ဆိုနိုင်မှာမဟုတ်ဘူး။
စာကြွင်း - ပုံက Burr-Hamilton Duel ပုံဖြစ်တယ်။ Code of Honor လို့ခေါ်တဲ့ ဂုဏ်သိက္ခာရှိတဲ့ စည်းမျဉ်းအပေါ်မှာအခြေခံပြီး အမေရိကန်ပြန်ထောင်စုရဲ့ ဒုတိယသမ္မတ Aaron Burr နဲ့ ပထမဆုံး ဘဏ္ဍာရေးဝန်ကြီး Alexander Hamilton (Federalist Paper တွေရေးခဲ့သူ) တို့ စိန်ခေါ်ပြီး ပစ်ကြတဲ့ပွဲ။ ဒီလိုဂုဏ်သက္ခာမျိုး မြန်မာစစ်တပ်မှာ ရှိတယ်လို့ ယူဆနိုင်စရာ အချက်အလက် လုံးဝမတွေ့ရဘူး။
၁၉၅၈ ခုနှစ်သည် စစ်တပ်ကအာဏာသိမ်းခြင်းဖြစ်သည်။ ဝန်ကြီးချုပ်ဦးနု၏ ပါးနပ်မှုကြောင့်သာ အာဏာသိမ်းခြင်းမှသည် ခေတ္တခဏ အာဏာလွှဲပြောင်းခြင်းဆီသို့ ဦးဆိုက်ခြင်းဖြစ်သည်။ လတ်တလောကြားနေရသော အိမ်စောင့်အစိုးရဆိုသည်မှာ ဗိုလ်နေဝင်း တီထွင်ထုတ်လုပ်လိုက်ခြင်းဖြစ်သည်။
၁၉၆၀ ပြည့်နှစ်တွင် ရွေးကောက်ပွဲပြန်လည် ကျင်းပပေးသည်။ စစ်တပ်က ၎င်းတို့နှင့်နီးစပ်သော ဦးဗဆွေနှင့် ဦးကျော်ငြိမ်းဦးဆောင်သည့် တည်မြဲဖဆပလဘက် ပြတ်ပြတ်သားသားပင်းခဲ့သည်။ သို့သော်၊ ဒီမိုကရေစီကို ခုခံကာကွယ်ရမည်ဆိုသည့် မြန်မာပြည်သူ၏ စိတ်ဓာတ်ခွန်အားကြီးမှုအရ ဦးနုဦးဆောင်သော သန့်ရှင်းဖဆပလကို မဲပုံအောလိုက်ကြသည်။
သန့်ရှင်းအနိုင်ရရှိခြင်းသည် ဗိုလ်နေဝင်းအတွက် ခိုကိုးရာမဲ့ဖြစ်သွားသလိုမျိုး။ မနေ့တစ်နေ့ကပဲ နိုင်ငံ တော်၏ အထွတ်အထိပ်အာဏာရရှိခဲ့သူက အချိန်မရွေးကာကွယ်ရေးဦးစီးချုပ်ရာထူးကပင် မောင်းချခံရနိုင်ကြောင်း ဗိုလ်နေဝင်းတွက်ဆခဲ့ပုံရသည်။ ထို့ကြောင့် ခြေမြန်လက်မြန်ပင် ရွေးကောက်ပွဲတွင် ကြားမနေဘဲ တည်မြဲဘက်၊ ဘက်လိုက်ခဲ့သည်ဆိုသော အကြောင်းပြချက်ဖြင့် ဗိုလ်မှူးချုပ်အောင်ရွှေ၊ ဗိုလ်မှူးကြီးချစ်ခိုင်၊ ဗိုလ်မှူးကြီးတင်မောင် ၊ ဗိုလ်မှူးကြီးကြည်ဝင်းစသည့် စစ်တပ်တွင်း ဒုတိယခေါင်းဆောင်အဆင့်များကို ရှင်းထုတ်ပစ်ကာ ဝန်ကြီးချုပ်ဦးနုကို မျက်နှာလုပ်သည်။
နိုင်ငံရေးဘက်မလိုက်ရဆိုသည့် စစ်တပ်၏မူကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားသူပမာ ဝန်ကြီး ချုပ်ဦးနု ယုံကြည်မှုရှိစေရန် ကြံဆောင်ချက်ဖြစ်သည်။ ထို့ပြင် တပ်တွင်းသြဇာရှိပြီး၎င်းလုပ်သမျှ နာခံမည်မဟုတ်သော အရာရှိကြီးများကို ရှင်းထုတ်လိုက်နိုင်ခြင်းကြောင့် စစ်တပ်တွင်း ဗိုလ်နေဝင်းအာဏာ ပိုမိုခိုင်မာလာစေသော ဗိုလ်နေဝင်း၏ မဟာဗျူဟာမြောက် အမြော်အမြင်လည်းဖြစ်သည်။
ပြင်ပရန်က သံသယနည်းလာပြီး စစ်တပ်တွင်း ငါမှငါဆိုသည့် အာဏာခိုင်မာလာသည့် ၁၉၆၂ ခုနှစ် ရောက်တော့ ဖက်ဒရယ်အရေးကို နိုင်ငံတော်ပြိုကွဲတော့မည့်သဏ္ဍာန်အကြီးအကျယ်ပုံဖော်ကာ တော်လှန်ရေးကောင်စီအမည်ဖြင့် အာဏာကိုပြန်လမ်းမဲ့သိမ်းပိုက်လိုက်ခြင်းဖြစ်သည်။
ဗိုလ်နေဝင်းအာဏာသိမ်းပြီးသိပ်မကြာ ပုံမှန်ကုလားထိုင်များထက် ၉ လက်မပိုမြင့်သော အထူးကု လားထိုင်ကြီးတစ်လုံး တည်ဆောက်ကာ ၎င်း၏ အာဏာရှင်စိတ္တဇကို ဖော်ပြခဲ့သည်။ မြန်မာတစ် ပြည်လုံးတွင် ငါသည်သာပြိုင်ဘက်မရှိ နံပါတ်တစ်ဆိုသည့် ကျပ်မပြည့်ခြင်းလက္ခဏာ။
ဗိုလ်နေဝင်း၏ ရူးချက်က နိုင်ငံခြားခရီးစဉ်ကလွဲ ဘယ်မြို့သွားသွား ထိုကုလားထိုင်ကြီးပါသည်။ သူ က အရင်ရောက်နှင့်ပြီး သူ့အထူးကုလားထိုင် ရောက်မလာသေးလျှင် မည်သည့်ခုံမှာမှ မထိုင်၊ မိုးတိုး မတ် တပ်။ သူ့ကုလားထိုင်ကြီးရောက်လာမှသာ အထူးကုလားထိုင်ပေါ် မိန့်မိန့်ကြီးထိုင်တော့သည်။
နားမလည်သော သူ့တပည့်တချို့က သူသွားလေရာ ကုလားထိုင်ကြီးကိုပါ သယ်ရပြုရအလုပ်ရှပ် သဖြင့် ဗိုလ်နေဝင်းမကြာခဏသွားလေ့ရှိသော မြို့များတွင် အထူးကုလားထိုင်များ ထပ် တည်ဆောက်ထား ရန်အကြံပြုခဲ့သည်။ ဗိုလ်နေဝင်းကလုံး၀ လက်မခံ။ သူမရှိတုန်း တခြားတစ်ယောက်ယောက်က ထိုကုလားထိုင်ကြီးပေါ် တက်ထိုင်တာမျိုးအဖြစ်မခံလို။ နောက်ပိုင်း ဗိုလ်နေဝင်းမှသည် ဦးနေဝင်းဆီသို့ အာဏာလွှဲ ပြောင်းပြီးနောက် လွှတ်တော်တွေဘာတွေ တက်သည့်အခါကျတော့ လွှတ်တော်တွင်း ၎င်းထိုင်ရန်အထူး ကုလားထိုင်တစ်လုံး ထပ်တည်ဆောက်ခဲ့သည်။
ဗိုလ်နေဝင်းက ကုလားထိုင်ကြီးပေါ်ထိုင်ရုံတင်မက စစ်တပ်တွင်းသူ့အာဏာကိုလည်း အကြီးကြီး တည်ဆောက်နိုင်ခဲ့သည်။ သူ့အာဏာတည်ဆောက်ခန်းတွင် သူနှင့်အနီးဆုံးသော ဗိုလ်မောင်မောင်နှင့် ဗိုအောင်ကြီးကိုပင် နာလန်မထူနိုင်အောင် ချနင်းခဲ့သည်။ ဗိုလ်နေဝင်းဘဝရော ဦးနေဝင်းဘဝတွင်ပါ လနှင့်ချီကြာ နိုင်ငံခြားထွက် အလေလိုက်ရဲသည်အထိ သူ့ကိုယ်သူ ယုံကြည်မှုကြီးခဲ့သည်။
ဗိုလ်နေဝင်း၏ နောက်ထပ်စိတ္တဇမှာ နိုင်ငံရေးသမားများကဲ့သို့ပင် တိုင်းပြည်ဖွံ့ဖြိုးအောင် စွမ်းဆောင် နိုင်စွမ်းရှိသည်ဟု ထင်ယောင်မှားခြင်းဖြစ်သည်။ သေနတ်ပစ်တတ်လျှင် ဘာမဆိုလုပ်တတ်သည်ဆိုသောဟာသကို ဗိုလ်နေဝင်းက စတင်ပျိုးထောင်ခဲ့ပုံရသည်။ ထိုသို့ယုံကြည်ရင်း တိုင်းပြည်လည်းအဆင်းရဲဆုံးနိုင်ငံ စာရင်းသို့ရောက်ရှိ။ အခြေအနေက ပါလီမန်ခေတ်တွင် အရှေ့တောင်အာရှနိုင်ငံများက မော့ကြည်ခဲ့ရသော မြန်မာနိုင်ငံသည် ဆယ်စုတစ်ခုကျော်ကာလသို့ ရောက်ရှိသောအခါ ငရဲသို့ ဇောက်ထိုးပြေးဆင်းခြင်းဖြစ်သည်။
ပြိုင်ဘက်မရှိဟု အထင်ရောက်ခဲ့သောဗိုလ်နေဝင်းသည် ပြည်သူကဖက်ပြိုင်သည့်အခါမှာတော့ မခံ နိုင်။ သို့သော်၊ မြန်မာဆိုရှယ်လစ်လမ်းစဉ်ပါတီ ပြိုလဲခဲ့သည့်တိုင် စစ်တပ်ဆိုတာ ပစ်ရင်မှန် အောင်ပစ်တယ်ဟုဆိုကာ (အမှန်တကယ်လည်းပြည်သူကို ပစ်သတ်ပြီးနောက်) နိုင်ငံရေးကန့်လန့်ကာနောက် ဒေါသတကြီးဖြင့် ဝင်သွားခဲ့သည်။
သူ့အသက်နှင့်စည်းစိမ်အတွက် စစ်တပ်ကို အာဏာထပ်သိမ်းစေသည်။ ဗိုလ်စောမောင်နှင့် သူ့ငယ်ကျွန်ပမာဗိုလ်ခင်ညွန့်ကို ပွဲထုတ်ခဲ့သည်။ ရှစ်လေးလုံးအရေးတော်ပုံကြီးက မွေးထုတ်ပေးခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်သည်လည်း အာဏာရှင်တို့ကို အလဲထိုးရန် စင်မြင့်ထက်သို့ တက်လာခဲ့ပြီ။ အာဏာရှင်တို့က ၎င်းတို့၏ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ(တစည)နိုင်မည်ဟု မျှော်လင့်ချက်ကြီးကာ ၁၉၉၀ပြည့်နှစ် တွင် ရွေးကောက်ပွဲကျင်းပခဲ့ရာ ခေါင်းမဖော်ဝံ့အောင်ရှုံးနိမ့်ခဲ့သည်။
အာဏာသိမ်းခိုင်းခြင်း၏အဓိပ္ပါယ်ကို နားမလည်သော ဗိုလ်စောမောင်က ၁၉၉၀ ပြည့်နှစ် ၊မတ်လ ၂၇ ရက် နေ့တွင် မိန့်ခွန်းပြောရာ၌ စစ်တန်းလျားပြန်မည်ဆိုသည့်ကတိကို ထပ်လောင်း အတည်ပြုခဲ့ကာ “…… တို့ဟာ ဗလောင်းဗလဲမပြောဘူး။ ကလိမ်ကကျစ်လည်း မလုပ်ဘူး။ ပြည်သူလူထုကို လည်းမလှည့်စားဘူး…..”ဟုဆိုခဲ့ရာ စောစောစီးစီး အာဏာဇာတ်သိမ်းခဲ့ရသည်။
ဗိုလ်သန်းရွှေနှင့် ဗိုလ်ခင်ညွန့်တို့က ဒေါ်အောင်ဆန်းစုကြည်နှင့် ဒီမိုကရေစီအင်အားစုတို့ကို အရက် စက်ဆုံး ချေမှုန်းနည်းအစုံဖြင့် ဖက်ပြိုင်သည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသား တို့ဖြင့် နိုင်ငံရေးကစားကာ အနောက်အုပ်စု၏ ဖိအားများကို လှည့်ကြပတ်ကြသည်။ တစ်ဖက်တွင်လည်း ဗိုလ်သန်းရွှေရော ဗိုလ်ခင်ညွန့်ပါ ဒုတိယအာဏာရှင်ဘွဲ့ကိုခံယူခွင့်ရရန်အတွက် အပြိုင်အာဏာစုစည်းကြသည်။ ၄င်းတို့နှစ်ဦးစလုံး၏ တူညီသောအချက်မှာ ဒေါ်အောင်ဆန်းစုကြည်အပေါ် လူထုထောက်ခံမှုကြီးခြင်းကို မနာလိုစိတ် ကြီးစွာဖြင့် ဒေါသပုန်ထခြင်းဖြစ်သည်။
ဦးသိန်းစိန်လက်ထက်ရောက်တော့ ဦးသိန်းစိန်သည်လည်း ဒေါ်အောင်ဆန်းစုကြည်အပေါ် လူထု ထောက်ခံမှုကြီးခြင်းကို အားကျကာ ဒေါ်အောင်ဆန်းစုကြည်လို ဖြစ်ချင်စိတ်ရှိခဲ့သည်။ သို့သော်၊ ဦးသိန်းစိန်သည် နိုင်ငံရေးရည်မှန်းချက်မကြီးခြင်းနှင့် ၎င်းတို့အတွင်း စည်းကြား ပြင်းထန်သော နိုင်ငံရေး ပြိုင်ဆိုင်မှုများအရ ဒေါ်အောင်ဆန်းစုကြည်လို ဖြစ်ခြင်းစိတ်တွင် လုံ့လစိုက်ထုတ်မှုမပြင်းထန်။
ဒေါ်အောင်ဆန်းစုကြည်ကို အားကျခဲ့သူ နောက်တစ်ဦးမှာ ဦးရွှေမန်းဖြစ်သည်။ ၂၀၁၀-၂၀၁၅ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌဘဝက လွှတ်တော်တွင်း တွေ့ဆုံမှုမှ တစ်ဆင့် ဒေါ်အောင်ဆန်းစုကြည်နှင့် ပုဂ္ဂိုလ်ရေး ရင်းနှီးမှုရှိခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်အပေါ်လည်း အားကျခဲ့သည်။ ဦးရွှေမန်း၏ အားကျမှုမှာ အပြုသဘောဆောင်သောစိတ်။ ဒေါ်အောင်ဆန်းစုကြည်လို လူထုအပေါ် ဩဇာကြီးသူဖြစ်ချင်၊ ဒေါ်အောင်ဆန်းစုကြည်နှင့်တွဲဖက်ကာ အပေါင်းလက္ခဏာ ဆောင်သော တိုင်းပြည်ဖြစ်လာစေရေးနှင့် ၄င်း၏ပုဂ္ဂိုလ်ရေး အရှိန်အဝါကြီးလာအောင်လည်း အားထုတ်ခဲ့သည်။
သို့သော်၊ သန်းခေါင်ယံအာဏာသိမ်းပွဲအပြီး ပြည်ခိုင်ဖြိုးပါတီကို လက်လွှတ်လိုက်ရရုံမက ၂၀၁၅ ရွေး ကောက်ပွဲ၌ ရှုံးနိမ့်ခဲ့ခြင်းအရ ခြေမဲ့လက်မဲ့ဖြစ်ခဲ့ရသည်။ ဦးရွှေမန်း၏နောက်ဆက်တွဲစာမျက်နှာများမှာ ဒေါ်အောင်ဆန်းစုကြည်ပေးအပ်ခဲ့သော အထူးကော်မရှင်ဥက္ကဋ္ဌဘဝ။ ထို့နောက်ပြည်ထောင်စုကောင်းကျိုးဆောင် ပါတီထူထောင်။ ၂၀၂၀ ရွေးကောက်ပွဲတွင် တစ်နေရာမျှပင်မနိုင်ခဲ့။ ပြည်သူဘက်လုံးလုံးလျားလျားရပ်ရမည့် ယခုလိုကာလမျိုးရောက်တော့ ဦးရွှေမန်းသည် ပျောက်ချက်သားကောင်းလို့။ ဦးရွှေမန်းသည်စွန့်စားလှမ်းရမည့် နောက်ထပ်ခြေတစ်လှမ်းကို ဆက်မလှမ်းရဲတော့သဖြင့် အကြီးကြီးမှန်းခဲ့ပြီး စောစောစီးစီးနိုင်ငံရေး သေသွားခဲ့ခြင်းဖြစ်သည်။ ပြောရလျှင် ဒေါ်အောင်ဆန်းစုကြည်ကဲ့သို့ နိုင်ငံရေးသတ္တိမရှိဘဲ ဒေါ်အောင်ဆန်းစုကြည်လို ဖြစ်ချင်ခဲ့သည်။ မိသားစုဘဝကိုထားခဲ့ပြီး တစ်ဦးချင်းဘဝသည်လည်း အကျယ်ချုပ်ဘဝနှစ်များစွာ ကြာသည့်တိုင် ပြည်သူ့ရှေ့ မတ်မတ်ခိုင် ချစ်နိုင်စွမ်းသည် စိတ်ကူးယဉ်လို့မရကြောင်း ယခုဆို ဦးရွှေမန်းသ ဘောပေါက် လောက်ပြီဟုထင်၏။
ဦးရွှေမန်းနှင့် မရှေ့မနှောင်းမှာပင် ဒေါ်အောင်ဆန်းစုကြည်လို ဖြစ်ချင်သူတစ်ဦး လည်းရှိသေးသည်။ ၎င်းမှာ ပြည်သူတို့၏ဆဲဆိုခြင်းဒဏ် ၂၄ နာရီပြည့်ခံနေရသူ မင်းအောင်လှိုင်ဖြစ်သည်။ သူသည် ဒေါ်အောင်ဆန်းစုကြည်လို ပြည်သူအပေါ် ဩဇာကြီးသူတစ်ဦးဖြစ်ချင်စိတ် ပြင်းပြသည်။ မည်သို့မျှမဖြစ်နိုင်မှန်းလည်းသိကာ သိမ်ငယ်စိတ်ရှိ သည်။ သို့သော် ၊သေနတ်ပစ်တတ်လျှင ဘာမဆိုလုပ်တတ်သယောင် ဂျင်းအကြီးစားကို သူ့တစ်သက်တာမြိန်ရေယှက်ရေ စားခဲ့ဖူးသဖြင့် သူက ဘာမို့လဲဆိုသည့် မခံချင်စိတ် လည်းရှိသည်။ သိမ်ငယ်စိတ်၊ မခံချင်စိတ်နှင့် မျက်မြင်အခြေအနေတို့ ပေါင်းစပ်လိုက်သောအခါ အစိုင်အခဲကြီးလှသော မနာလို စိတ်ကြီးဖြစ်ပေါ်လာတော့သည်။
ထို့ကြောင့်ဒေါ်အောင်ဆန်းစုကြည်ရှေ့မှောက်တွင် ကြွက်ကလေးတစ်ကောင်လို ကုပ်ချောင်းချောင်း ဖြစ်နေသလောက် နောက်ကွယ်လည်းကျရော အသံထွက်ကျယ်လောင်ကာ ဒေါ်အောင်ဆန်းစုကြည်လုပ်သလောက် သူလည်းပဲလုပ်နိုင်သလိုလို၊ ပြည်တွင်းငြိမ်းချမ်းရေးကို ဦးဆောင်အရယူပြတော့မှာလိုလို သမ္မတကြီးရာထူးကို ထိုင်ရာမှမထ စီမံခန့်ခွဲမှု ကျွမ်းကျင်သူလိုလိုဖြင့် ဟိတ်ဟန်ထုတ်တော့သည်။
ဗိုလ်သန်းရွှေတီထွင်ထုတ်လုပ်ခဲ့သော ၂၅ ရာခိုင်နှုန်း အကျောရနေသည့်စနစ်တွင်ပင် စစ်တပ်နှင့် ပြည်ခိုင်ဖြိုးပါတီပေါင်းကာ ယခုဘဝ၌ အစိုးရဖွဲ့နိုင်တော့မည်မဟုတ်ကြောင်း ရာနှုန်းပြည့်နီးပါး သေချာသွားသည့် ၂၀၂၀ ရွေးကောက်ပွဲရလဒ်ထွက်ပေါ်ခဲ့သည်။ ရိုးသားစွာယှဉ်ပြိုင် အနိုင်ယူနိုင်စွမ်းမရှိသော မင်းအောင်လှိုင်ခမျာ မြေခွေးတို့ထုံးနှလုံးမူကာ ဗြောင်စဉ်းလဲတော့သည်။
ဆရာ့၊ဆရာတို့၏ လမ်းစဉ်အတိုင်း ဆန့်ကျင်ပြည်သူမှန်သမျှကို ဗြောင်သတ်ဖြတ်ပြကာ အာဏာရှင် ဖြစ်ကြောင်း ရဲဆေးတင်သည်။ ဗိုလ်သန်းရွှေမအောင်မြင်ခဲ့သော ဒေါ်အောင်ဆန်းစုကြည်ချေမှုန်းရေးလမ်းစဉ်ကို မနာလိုစိတ်ကြီးစွာဖြင့် ထမ်းဆောင်သည်။
ရှေ့သို့ချီနေသောတိုင်းပြည်သည် ဖေဖေါ်ဝါရီ ၁ မှစတင်ကာ ဘက်ဂီယာခပ်ပြင်းပြင်းနင်းကာ ပြန် ဆုတ်သည်။ တိုင်းပြည်အတွင်း အစစအရာရာသည် အရေးပေါ်ခွဲခန်းထဲသို့ ရောက်ရသည်။ အာဏာရှင်ဘေး တင်မက ကပ်ဘေးပါထပ်သင့်လေတော့ ပြည်သူတို့ခမျာ မသေသင့်ဘဲသေကြရ။ အောက်ဆီဂျင်ရရှိရေးအတွက် ပြေးရလွှားရ၊ ဆေးဆိုင်ရှေ့ ဆေးတန်းစီဝယ်ပြန်တော့လည်း (ကိုဗစ်စည်းကမ်းနှင်အညီ ခပ်ခွာခွာ တန်းစီသည့်တိုင်) ပိတ်ပင်ခံကြရ။ ပြည်တွင်းထွက်ကြက်ဥကအစ မတန်တဆဈေးတက်တော့လည်း ဒါသဘာဝပဲ တစ်ကမ္ဘာလုံးဈေးတက်နေတာဟု မင်းအောင်လှိုင်ရေရွတ်ပြ။ ယခုနောက်ဆုံးပေါ်ဟာသကတော့ သစ်ဥသစ်ဖုများဖြင့် ကိုဗစ်ကာကွယ်ဆေးဖော်ရန် မင်းအောင်လှိုင်တိုက်တွန်းလိုက်ခြင်းပင်ဖြစ်သည်။
ထို့ပြင် ကိုဗစ်တတိယလှိုင်းကို အတိုင်းအတာတစ်ခုအထိ ထိန်းထားနိုင်ပြီဟု မင်းအောင်လှိုင်ပြော ကြားလိုက်ခြင်းက ၎င်း၏အရူးတစ်ပိုင်း ဘဝင်ရိုင်းစိတ်ကို ဖော်ပြနေပေသည်။ မည်သို့ပင်ဆိုစေ မင်းအောင်လှိုင်သည် ကာကွယ်ရေးဦးစီးချုပ်လည်းဖြစ်၊ စစ်ကောင်စီဥက္ကဋ္ဌလည်းဖြစ်သဖြင့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဖြစ်သလို သူ့ကိုယ်သူဝန်ကြီးချုပ်ဟုလည်းဆိုပြန်သဖြင့် ဦးမင်းအောင်လှိုင်လည်း ဖြစ်နေပြန်သည်။ ပြောရလျှင် မင်းအောင်လှိုင်သည် ဘဝင်မြင့်ချင်စရာကောင်းလောက်အောင် ရာထူးရာခံပေါများ ပြီးယင်းသည် ဒေါ်အောင်ဆန်းစုကြည်ကိုသာမက များစွာသော နိုင်ငံတကာခေါင်းဆောင်တို့ကိုပါ ယှဉ်ပြိုင်နိုင်စွမ်းရှိသည်။
ကျပ်မပြည့်သူတို့သည် ထိုသို့ အမြီးရှည်ရှည်ဖြင့် ဂုဏ်မက်ကြကုန်၏။
ကိုးကား-ဗိုလ်နေဝင်းဇာတ်လမ်းရှုပ်သမျှ(ကြေးမုံဦးသောင်း)
လင်းခေတ်