close

ဗိုလ်မှူးကြီးဗထူး ကျဆုံးခြင်း ၇၇ နှစ်မြောက်

close

June 3, 2022

ဗိုလ်မှူးကြီးဗထူး ကျဆုံးသည့်နေ့ကို ‘ဗထူးနေ့’ အဖြစ် သတ်မှတ်ကြောင်း ထားဝယ်ခရိုင် သပိတ်ကော်မတီ ကြေညာ

ဖက်ဆစ်ဂျပန်တော်လှန်ရေးကာလ အထက်ဗမာပြည် တိုင်းမှူးတဦးဖြစ်သူ ဗိုလ်မှူးကြီးဗထူး ကျဆုံးခဲ့တဲ့ ဇွန် ၂ ရက်နေ့ကို "ဗထူးနေ့" အဖြစ် သတ်မှတ်ကြောင်း ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီက ဇွန် ၂ ရက် ဗိုလ်မှူးကြီးဗထူး ကျဆုံးတဲ့ ၇၇ နှစ်ပြည့်နေ့မှာ ထုတ်ပြန်ကြေညာပါတယ်။

ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီဝင်တဦးကတော့ "ဗိုလ်မှူးကြီးဗထူးက လွတ်လပ်ရေးကြိုးပမ်းမှုကာလမှာ အရေးကြီးတဲ့ အခန်းကဏ္ဍကနေ ပါဝင်ခဲ့တာ။ ဒါပေမဲ့ အခုထိ ထိုက်သင့်တဲ့ အသိအမှတ်ပြုမှု မရခဲ့ဘူး။ ဒါကြောင့် ကျနော်တို့ဒေသရဲ့ သူရဲကောင်းတဦးကို အသိအမှတ်ပြုတဲ့အနေနဲ့ရော နောက်ထပ်မျိုးဆက်သစ်တွေ လုံးဝမေ့မသွားစေလိုတဲ့ ရည်ရွယ်ချက်နဲ့ရော အခုလို အထိမ်းအမှတ်နေ့ သတ်မှတ်တာပါ" လို့ ပြောပါတယ်။

လောင်းလုံးမြို့နယ်၊ လေးသွန်ခံကျေးရွာဇာတိ ဗိုလ်မှူးကြီးဗထူးဟာ ၁၉၄၂ ခုနှစ်မှာ ဗမာ့လွတ်လပ်ရေးတပ်မတော် (ဘီအိုင်အေ) ကို တပ်သား ၁၅ ဦး အုပ်ချုပ်ရတဲ့ တပ်ကြပ်ကလေးရာထူးနဲ့ စတင်ဝင်ရောက်ခဲ့ပြီး လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်ရင်း ၁၉၄၅ ခုနှစ်၊ ဇွန် ၂ ရက်နေ့မှာ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်၊ တာလူးစခန်းမှာ ကျဆုံးခဲ့ပါတယ်။

ဗိုလ်မှူးကြီးဗထူးဟာ ၁၉၄၅ ခုနှစ် ဖက်ဆစ်ဂျပန်တော်လှန်ရေးကို စတင်ခဲ့တဲ့ စစ်တိုင်းမှူးတဦးဖြစ်ပြီး ၁၉၄၅ ခုနှစ်၊ မေ ၁ ရက်နေ့မှာ ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင် လက်မှတ်ရေးထိုးကာ ဗိုလ်မှူးအဆင့်ကနေ ဗိုလ်မှူးကြီးအဆင့်ကို ရာထူးတိုး တာဝန်ပေးအပ်တာ ခံခဲ့ရပါတယ်။

ဇွန် ၂ ရက် မနက်ပိုင်းကလည်း ဗိုလ်မှူးကြီးဗထူးကျဆုံးတဲ့ ၇၇ နှစ်မြောက် အောက်မေ့ဖွယ် အခမ်းအနားကို လောင်းလုံးမြို့နယ်၊ လေးသွန်းခံကျေးရွာအတွင်းရှိ ဗိုလ်မှူးကြီးဗထူးပန်းခြံမှာ ပြုလုပ်ခဲ့ကြပြီး အဲဒီအခမ်းနားမှာ ထားဝယ်ခရိုင် သပိတ်ကော်မတီဝင် ကိုမင်းလွင်ဦးက "ဗထူးနေ့" အဖြစ်သတ်မှတ်ကြောင်း ကြေညာချက်ကို ဖတ်ကြားသွားခဲ့ပါတယ်။

6 mins Ago

June 2, 2022

ဗိုလ်မှူးကြီးဗထူး ကျဆုံးခြင်း ၇၇ နှစ်မြောက် အောက်မေ့ဖွယ် အခမ်းအနား ဇာတိ လောင်းလုံးမြို့နယ်တွင် ကျင်းပ

ဗိုလ်မှူးကြီးဗထူး ကျဆုံးခြင်း ၇၇ နှစ်မြောက် အောက်မေ့ဖွယ်အခမ်းအနားကို တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ လေးသွန်ခံကျေးရွာရှိ ဗိုလ်မှူးကြီးဗထူးပန်းခြံမှာ ဇွန် ၂ ရက် ဒီမနက်ပိုင်းက ဒေသအတွင်းရှိ တော်လှန်ရေးအင်အားစုတွေ ပူးပေါင်းပြီး ကျင်းပပါတယ်။

အဲဒီအခမ်းအနားကို လောင်းလုံးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ နှင်းဆီရောင်အမျိုးသမီးများသမဂ္ဂ (ထားဝယ်)၊ Dawei LGBT Community၊ လောင်းလုံးမြို့နယ်လုံးဆိုင်ရာ အခြေခံပညာကျောင်းသားများသမဂ္ဂ၊ သရက်ချောင်းမြို့နယ် ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီ၊ လောင်းလုံးမြို့နယ် ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီ၊ ထားဝယ်ခရိုင် ဒီမိုကရေစီလှုပ်ရှားမှု သပိတ်ကော်မတီတို့မှ ကိုယ်စားလှယ်တွေနဲ့ ပြည်သူတချို့ တက်ရောက်ခဲ့ပါတယ်။

အခမ်းအနားမှာ ဗိုလ်မှူးကြီးဗထူး အပါအဝင် လွတ်လပ်ရေး၊ ဒီမိုကရေစီအရေး တိုက်ပွဲအတွင်း ကျဆုံးခဲ့ရတဲ့သူတွေကို အလေးပြုခဲ့ကြပြီး တက်ရောက်လာတဲ့ တဖွဲ့ချင်းစီ လွမ်းသူ့ပန်းခွေချတာ၊ ကဗျာရွတ်ကြပါတယ်။

လောင်းလုံးမြို့နယ်၊ လေးသွန်ခံကျေးရွာဇာတိ ဗိုလ်မှူးကြီးဗထူးဟာ ဗမာ့လွတ်လပ်ရေးတပ်မတော် (BIA) ကို တပ်သား ၁၅ ဦးကို အုပ်ချုပ်ရတဲ့ တပ်ကြပ်ကလေးရာထူးနဲ့ ၁၉၄၂ ခုနှစ်က စတင်ဝင်ရောက်ခဲ့ပြီး လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်ရင်း ၁၉၄၅ ခုနှစ်၊ ဇွန် ၂ ရက်နေ့မှာ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်၊ တာလူးစခန်းမှာ ကျဆုံးခဲ့ပါတယ်။

လောင်းလုံးမြို့နယ်အတွင်း အရင်နှစ် မတ်လအစောပိုင်းကနေ လက်ရှိအချိန်ထိ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး သပိတ်လှုပ်ရှားမှုတွေ ဆက်တိုက်ရှိနေပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်၊ ပျူစောထီးအဖွဲ့ဝင်တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့အကြား ထိတွေ့ပစ်ခတ်မှုတွေလည်း မကြာခဏ ရှိနေပါတယ်။

1 day Ago
Up