ထိုင်းမြောက်ပိုင်း၊ ချင်းမိုင်ခရိုင်ထဲမှာ ဥပဒေမဲ့လုပ်ငန်းလုပ်ကိုင်နေသူ၊ ဗီဇာသက်တမ်းကုန်ဆုံးသူ နိုင်ငံခြားသားတွေကို လိုက်လံစစ်ဆေးနေရာမှာ ဥပဒေနဲ့ မညီညွတ်သူ ၅ ဦး ဖမ်းဆီးခံရတယ်လို့ ချင်းမိုင်နယူးစ်သတင်းမှာ ဖော်ပြပါတယ်။
ထိုင်းအမျိုးသားရဲတပ်ဖွဲ့ ရဲချုပ်ရဲ့ညွှန်ကြားချက်အရ ဥပဒေမဲ့နိုင်ငံခြားသားတွေကို ဒီဇင်ဘာ ၁ ရက်မှ ၁၀ ရက်အထိ စစ်ဆေး ဆောင်ရွက်ဖို့ရှိပြီး ဒီဇင်ဘာ ၂ ရက်မှ ၄ ရက် အတွင်း သံသယရှိနေရာတွေ ဝင်ရောက်စစ်ဆေးခဲ့ရာမှာ ဥပဒေနဲ့ မညီညွတ်သူ ၅ ဦး ဖမ်းဆီးခဲ့တယ်လို့ ချင်းမိုင်ခရိုင်ရဲတပ်ဖွဲ့ တာဝန်ရှိသူမှ သတင်းထောက်တွေကို ပြောပါတယ်။
သူတို့တွေဟာ ထိုင်းနိုင်ငံထဲကို အလည်အပတ်ဗီဇာနဲ့ ဝင်ရောက်လာပြီး သက်တမ်းကုန်ပေမဲ့ သွားမတိုးတာကြောင့် Overstay မှုနဲ့လည်းကောင်း၊ ခွင့်ပြုချက်မရဘဲ အလုပ်ဝင်လုပ်နေတာကြောင့် ထိုင်းအလုပ်သမားဥပဒေနဲ့ပါ ဖမ်းဆီးခံရတာလို့ ဆိုပါတယ်။
အဆိုပါ ၅ ဦးမှာ တရုတ်နိုင်ငံသား အမျိုးသား ၂ ဦး ၊ အမျိုးသမီး ၁ ဦး၊ မြန်မာနိုင်ငံသား အမျိုးသား ၁ ဦးနဲ့ အမျိုးသမီး ၁ ဦးတို့ဖြစ်ပြီး အသက် ၇၁ နှစ်ရွယ်ရှိ တရုတ်အဘိုးအိုတစ်ဦးပါ ပါဝင်ပါတယ်။
ထိုင်းနိုင်ငံမှာ ဥပဒေမဲ့လုပ်ငန်းတွေ လုပ်ကိုင်နေတဲ့ တရုတ်သူဌေးတွေ ဖမ်းဆီးခံရတဲ့နောက် ဥပဒေနဲ့မညီညွတ်တဲ့ နိုင်ငံခြားသားစစ်ဆေးမှုတွေလည်း တင်းကျပ်ပြုလုပ်နေပါတယ်။
Ref-ChiangMaiNews