close

ဗီအဲရာ

close

March 18, 2023

ခရစ္စတယ်ပဲလေ့စ်အသင်းနည်းပြ ဗီအဲရာ ထုတ်ပယ်ခံရ

ပရီးမီယားလိဂ်ကလပ် ခရစ္စတယ်ပဲလေ့စ်အသင်းဟာ အသင်းကို လ ၂ဝ ကြာ ကိုင်တွယ်ခဲ့တဲ့ နည်းပြ ပက်ထရစ် ဗီအဲရာကို မတ်လ ၁၇ ရက်မှာ ရာထူးက ထုတ်ပယ်လိုက်ပါတယ်။ 

ဘရိုက်တန် အသင်းကို ၁ ဂိုး-ဂိုးမရှိနဲ့  ရှုံးနိမ့်ခဲ့ပြီးနောက် တန်းဆင်းဇုန်အထက် ၃ မှတ်သာ ကွာခြားတော့တာကြောင့် အသင်းမန်နေဂျာဖြစ်သူကို အခုလို ထုတ်ပယ်ခဲ့တာပါ။ 

ပဲလေ့အသင်းဟာ ၂၀၂၃ ခုနှစ်အတွင်း နိုင်ပွဲလုံးဝမရရှိသေးတဲ့ တခုတည်းသော ပရီးမီးယားလိဂ် အသင်းဖြစ်ပြီး နောက်ဆုံး ၁၁ ပွဲမှာ ၅ ပွဲသရေ၊ ၆ ပွဲအထိ ရှုံးနိမ့်ထားပါတယ်။ 

လိဂ်ပွဲစဉ်တွေအတွင်း ပဲလေ့စ်အသင်း နောက်ဆုံးအနိုင်ရရှိမှုက ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၃၁ ရက်နေ့က ဘုန်းမောက်အသင်းကို ၂ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့တဲ့ ပွဲစဉ်ဖြစ်ပြီး လက်ကျန် ၁၁ ပွဲကစားဖို့ ကျန်ရှိရာ မှာ ရမှတ် ၂၇ မှတ် အဆင့် ၁၂ နေရာမှာ ရပ်တည်နေပါတယ်။ 

ပဲလေ့စ်အသင်းဥက္ကဋ္ဌ စတိဗ် ပဲရစ် (ချ်) က "ဒီလိုခက်ခဲတဲ့ ဆုံးဖြတ်ချက်ကို ချမှတ်ခဲ့ရတာကြောင့် အကြီးအကျယ် စိတ်ထိခိုက်ရတယ်" လို့ မှတ်ချက်ပေးပါတယ်။ 

အာဆင်နယ်အသင်းခေါင်းဆောင်အဖြစ် ပရီးမီးယားလိဂ်ဖလား ၃ ကြိမ်၊ အက်ဖ်အေဖလား ၄ ကြိမ်အထိ ရရှိအောင် စွမ်းဆောင်ပေးခဲ့ဖူးတဲ့ ပြင်သစ်ဂန္ထဝင်ကစားသမားကြီး ဗီအဲရာဟာ ၂၀၂၁ ခုနှစ် ဂျူလိုင်လမှာ ၃ နှစ်စာချုပ်နဲ့အတူ ပဲလေ့စ်နည်းပြအအဖြစ် ရွိုင်းဟော့တ်ဆန်ဆီက လွှဲပြောင်း တာဝန်ယူခဲ့တာပါ။ 

ဗီအဲရာရဲ့ ပဲလေ့စ်အသင်းနဲ့ ပထမဆုံးရာသီမှာ ပရီးမီးယားလိဂ်အဆင့် ၁၂ နေရာမှာ ရပ်တည်ခဲ့ပြီး အက်ဖ်အေဖလား ဆီးမီးဖိုင်နယ်အဆင့်အထိ ပို့ဆောင်ပေးနိုင်ခဲ့ပါတယ်။ 

ပရီးမီးယားလိဂ် ဇယားထိပ်ဆုံးက ဦးဆောင်နေတဲ့ အာဆင်နယ်အသင်းနဲ့ မတ် ၁၉ ရက်နေ့ ပွဲစဉ်အတွင်း ဗီအဲရာနေရာမှာ ဘယ်သူအစားထိုးတာဝန်ယူမလဲ ဆိုတာကိုတော့ ပဲလေ့အသင်းဘက်က မထုတ်ပြန်သေးပါဘူး။

1 min Ago

January 24, 2022

လီဗာပူး ရခဲ့သည့် ပင်နယ်တီ ဒိုင်လူကြီးအမှားဖြစ်ဟု နည်းပြဗီအဲရာ ဝေဖန်

ခရစ္စတယ်ပဲလေ့ကို ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ မနေ့ညကပွဲစဉ်မှာ လီဗာပူးရရှိခဲ့တဲ့ ပင်နယ်တီဟာ ဒိုင်လူကြီးရဲ့ ဆုံးဖြတ်ချက်အမှားဖြစ်တယ်လို့ ပဲလေ့နည်းပြ ဗီအဲရာကဝေဖန်ပါတယ်။

လီဗာပူးအသင်းဟာ ပထမပိုင်းကတည်းက ၂ ဂိုးဂိုးမရှိနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ဒုတိယပိုင်းမှာ ပဲလေ့က ချေပဂိုးတစ်ဂိုး ပြန်သွင်းပါတယ်။

ပဲလေ့အသင်းက နောက်ထပ်ချေပဂိုးရဖို့ ကြိုးပမ်းနေချိန်မှာ မပေးသင့်တဲ့ ပင်နယ်တီကြောင့် ပွဲရလဒ်အပေါ် အကျိုးသက်ရောက်မှုရှိစေခဲ့တယ်လို့ နည်းပြ ဗီအဲရာကပြောပါတယ်။ 

ပွဲချိန် ၈၉ မိနစ်မှာ လီဗာပူးတိုက်စစ်မှူး ဂျိုတာကို ပဲလေ့ ဂိုးသမားဂူယက်တာက တွန်းတိုက်ခဲ့တယ်ဆိုပြီး ဒိုင်လူကြီးက ကွင်းဘေးက တီဗီမော်နီတာကို ပြန်ကြည့်ပြီး ပင်နယ်တီ ပေးခဲ့တာပါ။

ဂျိုတာဟာ ဘောလုံးနဲ့အတူမရှိတော့တဲ့အချိန်ရောက်မှ ဂိုးသမားနဲ့ တိုက်မိတာကြောင့် ပင်နယ်တီပေးရမယ့်ပြစ်ဒဏ်မဟုတ်ကြောင်း၊ အိမ်ကွင်းမှာ အသင်းကြီးတွေနဲ့ကစားရတိုင်းမှာ ဒိုင်လူကြီးတွေရဲ့ မျှတတဲ့ဆုံးဖြတ်ချက်တွေ မရခဲ့ကြောင်း နည်းပြ ဗီအဲရာက ဝေဖန်ပါတယ်။

လီဗာပူးနည်းပြ ကလော့ပ်ကတော့ ပင်နယ်တီနဲ့ ပတ်သက်ပြီး မှတ်ချက်မပေးလိုဘဲ ဒိုင်လူကြီးက လုပ်ရမယ်တာဝန်သာဖြစ်တယ်လို့ ပြောသွားပါတယ်။

1 year Ago
Up