close

ဗုံးကြဲ

close

May 8, 2023

ရေးမြို့တွင် PDF စခန်း ဗုံးကြဲတိုက်ခိုက်ခံရပြီး ရဲဘော် ၃ ဦး ကျဆုံး

မွန်ပြည်နယ်၊ ရေးမြောက်ပိုင်း PDF စခန်းကို စစ်ကောင်စီတပ်တွေက မေ ၇ ရက် ညက တကြိမ်၊ ဒီနေ့မနက် တကြိမ် လေယာဥ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ PDF ရဲဘော် ၃ ယောက် ကျဆုံးခဲ့တယ်လို့ ရေးမြောက်ပိုင်း PDF တာဝန်ခံ ဗိုလ်ရန်နိုင်က ပြောပါတယ်။

“ည ၁၁ နာရီ ၅၃ မိနစ်မှာ ဗုံး ၂ လုံး လာကြဲသွားတယ်။ ဒီနေ့မနက် ၁၁ နာရီ ၄၅ မိနစ်မှာ ရဟတ်ယာဉ်နဲ့ ပတ်ပြီး လာပစ်သွားတယ်။ ဒီနေ့မနက်ဘက်က သတင်းကြိုရထားတော့ ထိခိုက်မှုမရှိဘူး။ ညက အခင်းဖြစ်တဲ့နေရာမှာ တဦးကျ၊ နောက်ထပ် သွေးလွန်ပြီး ၂ ဦးထပ်ကျပြီး မကွဲတဲ့ဗုံးတလုံး ကျန်နေတယ်။”

စစ်ကောင်စီဘက်က လွန်ခဲ့တဲ့  လေးငါးရက်က ကင်းထောက်လေယာဥ်နဲ့ လာဝဲပြီး စခန်း တည်နေရာကို သိကာ လေယာဥ်နဲ့ ဗုံးလာကြဲ တိုက်ခိုက်သွားခဲ့တာလို့ ဆိုပါတယ်။

ဒေသခံတယောက်က “ရေးမြို့နယ်ထဲကို ညဘက်ဆို ကင်းထောက်လေယာဥ်သံ၊ ဂျက်ဖိုက်တာ လေယာဥ်သံတွေ ပျံဝဲနေတာ နေ့တိုင်းလိုလိုပါပဲ။ အခုရက်မှာ ဒေသကာကွယ်ရေးတပ်နဲ့ တိုက်ပွဲတွေမရှိပေမဲ့ လေယာဥ်သံတွေကြောင့် စိုးရိမ်မကင်းဖြစ်ရတယ်” လို့ ပြောပါတယ်။

ရေးမြောက်ပိုင်းမှာ စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးတပ်တွေအကြား မကြာခဏ တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က မြေပြင်မှာ အထိအခိုက် အကျအဆုံးတွေ များပြားနေပါတယ်။

6 mins Ago

April 22, 2023

တီးတိန်မြို့နယ်ရှိ CNA စခန်းကို လေကြောင်းမှ ဗုံးကြဲခံရ၊ ချင်းရဲဘော် ၁ ဦး ကျဆုံး

ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ ဇိမ်းသဲကျေးရွာနားက  ချင်းအမျိုးသားတပ်ဦး CNA တပ်စခန်းကို ဧပြီ ၂၁ ရက်နေ့ မွန်းတည့် ၁၂ နာရီဝန်းကျင်က စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် အသက် ၂၃ နှစ်ရှိ ရဲဘော် တယောက် ကျဆုံးပြီး တချို့ ထိခိုက် ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

နီးစပ်သူ တဦးက "လေယာဉ်နဲ့ဗုံးကြဲလို့ ရဲဘော် ဆလိုင်းကိုရင် ကျဆုံးခဲ့ပြီးတပ်ဖွဲ့ဝင် ၅ ယောက် ထိခိုက် ဒဏ်ရာ ရရှိခဲ့တယ် "လို့ ဆိုပါတယ်။

အိန္ဒိယနယ်စပ်နဲ့ လေးမိုင်ကနေ မိုင်ဝက်လောက်သာဝေးတဲ့ ဇိမ်းသဲရွာကို ၁၁ နာရီ ၄၅ မိနစ်မှာ တကြိမ်ဗုံးကြဲပြီး ၁၂ နာရီမှာ ဒုတိယအကြိမ် ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်မှာလည်း ဧပြီ ၁၈ ရက်ညပိုင်း  တိုက်ပွဲမဖြစ်ဘဲ ပြည်သူနေအိမ်တွေကို စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဉ်၊ ဗုံးကြဲလေယာဥ်နဲ့ ၃ ကြိမ်ခန့် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ CDF - Mindat ကနေ သိရပါတယ်။

ဧပြီ ၁၆ ရက် ညနေပိုင်းကလည်း မင်းတပ်မြို့ကို စစ်ကောင်စီက လေကြောင်းကနေအကြမ်းဖက် တိုက်ခိုက်ခဲ့လို့ ကလေးငယ်တယောက်၊ သက်ကြီးရွယ်အိုတယောက်နဲ့ မိန်းကလေးငယ်တယောက် သေဆုံးသွားပါတယ်။

2 weeks Ago
Up