ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ နန်းမားနယ်မြေရဲစခန်းကို မေ ၁၁ရက် နေ့လယ်ပိုင်းက ဒရုန်းနဲ့ ဗုံးချတိုက်ခိုက်ခဲ့တဲ့အတွက် ရဲတပ်ဖွဲ့ဝင် သုံးဦး ထိခိုက်ဒဏ်ရာ ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရဲစခန်းရုံးဝင်ပေါက်အနီး ဗုံးချ တိုက်ခိုက်ခံရတဲ့အတွက် ရဲစခန်းအတွင်း ကျရောက်ပေါက်ကွဲပြီး အပြန်အလှန် ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။
နန်းမားရဲစခန်းနဲ့ နီးစပ်သူ တဦးက "နေ့လယ် ၂ နာရီ လောက်က ဒရုန်းနဲ့ ဗုံးလာကြဲတာ။ အားလုံးပေါင်း နှစ်လုံး။ ပထမတစ်လုံးက စခန်းရှေ့ ဝင်ပေါက်နားကျပြီး ရဲသုံးဦး ဒဏ်ရာ ရသွားတယ်။ နောက်တစ်လုံးက ရှေ့ဆင်ဝင် ခေါင်မိုးပေါ်ကျပြီး သွပ်ပြားတွေ ပွင့်သွားတယ်။ ဗုံးနဲ့ကြဲပြီး လက်နက်ငယ်နဲ့ ပစ်တဲ့အတွက် အပြန်အလှန် ပစ်ခတ်မှုဖြစ်တယ်။ ရဲစခန်းထဲကလည်း ပြန်ပစ်တယ် ဒုရဲအုပ် တစ်ဦးနဲ့ ရဲတပ်ဖွဲ့ဝင် နှစ်ဦး ထိခိုက် ဒဏ်ရာရတယ် "လို့ ဆိုပါတယ်။
ဖြစ်စဉ်အတွင်း နန်းမားရဲစခန်းက ဒုရဲအုပ် ကျော်မိုးနိုင်၊ ရဲတပ်ကြပ်ကြီး ကျော်နိုင်ဝင်းနဲ့ ရဲတပ်သား မျိုးမင်းထွန်းတို့ ဒဏ်ရာရှိခဲ့ပြီး မိုးညှင်းပြည်သူ့ဆေးရုံမှာ ဆေးကုသမှုခံယူနေတယ်လို့ သိရပါတယ်။
ဗုံးကြဲပစ်ခတ် တိုက်ခိုက်မှုနဲ့ပတ်သက်ပြီး ဘယ်အဖွဲ့အစည်းက လုပ်တယ်ဆိုတာကိုတော့ ထုတ်ပြန်ထားတာ မရှိသေးပါဘူး။
မန္တလေးတိုင်း မတ္တရာမြို့နယ်၊ တောပုရွာမှာစခန်းချနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ဖေဖော်ဝါရီ ၄ ရက်က ဒရုန်းနဲ့ ဗုံးချတိုက်ခိုက်ခဲ့တယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေထံက သိရပါတယ်။
တောပုရွာမှာ စခန်းချနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ညနေ ၄ နာရီလောက်မှာ ဒရုန်း ၃ စီးနဲ့ တပြိုင်နက် ဗုံးချ တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင် တဦးက ပြောပါတယ်။
အခုလို ဒရုန်းတိုက်ခိုက်မှုကြောင့် စဉ့်ကူးမြို့နယ် နဲ့ မတ္တရာမြို့နယ် အကြား၊ဧရာ၀တီ မြစ်ကမ်းအနီး ဇီးကုန်းရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေဟာ ဧရာဝတီမြစ်အတွင်းက ကျွန်းရွာတွေကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။
"အသေအပျောက်ကတော့ နှစ်ယောက်ထိခိုက်ဒဏ်ရာရတယ်လို့တော့ ကြားတာပဲ။ မနေ့ညကတော့ ကိုးနာရီခွဲလောက်မှာ စဉ့်ကူးနဲ့ မတ္တရာချုပ်စပ်မှာ ဇီးကုန်းရွာကနေ ပြီးတော့မှ လက်နက်ကြီးတွေနဲ့ မတ္တရာမြို့နယ်၊ မြစ်ခလယ်ခေါင်ကျေးရွာတွေကို လှမ်းပြီးတော့ပစ်တယ်။"
အဆိုပါတိုက်ခိုက်မှုကို ဒေသကာကွယ်ရေးတပ်ဖွဲ့တွေ ပူးပေါင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့တာလို့ သိရပါတယ်။
စစ်အုပ်စုဟာ မတ္တရာမြို့နယ်အတွင်း ဧရာဝတီမြစ်ထဲမှာရှိတဲ့ ကျွန်းရွာတွေမှာ တပ်စွဲတာ၊ မီးရှို့တာ၊ ပစ်ခတ်တာတွေ လုပ်ဆောင်နေတာကြောင့် မြစ်လည်ကျေးရွာတွေမှာ ပိုဝ(တောင်)၊ ပိုဝ (မြောက်)ရွာ၊ စိန်ပန်းကုန်းရွာနဲ့ ပိုဝရွာစတဲ့ အနီးအနားကျေးရွာတွေက ဒေသခံ ရာဂဏန်းဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။