ကိုလံဘီယာ ဖားသူပုန်ခေါင်းဆောင် နက်စ်တာ ဂရီဂိုရီယို ဗီရာဟာ လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ ဗုံးခွဲမှုကြောင့် သေဆုံးသွားပြီဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီး ဒီးဂိုမိုနာလိုက ဇူလိုင် ၁၅ ရက် မှာ ပြောကြားခဲ့ပါတယ်။
သူ့ကို တခြားနာမည် အိုင်ဗန် မော်ဒစ္စ်ကိုလို့ လူသိများပါတယ်။
မော်ဒစ္စ်ကိုဟာ ပြီးခဲ့တဲ့ သီတင်းပတ်က အနောက်တောင်ပိုင်း ကာကက်တာ ပြည်နယ်ရဲ့ တောထဲမှာ တခြားတိုက်ခိုက်ရေးသမား ၉ ဦးနဲ့အတူ သေဆုံးသွားခဲ့ကြောင်း မိုနာလိုက သတင်းထောက် တွေကို ပြောကြားခဲ့ပါတယ်။
FARC ခေါင်းဆောင်ဟောင်းတွေ ဆက်တိုက် သတ်ဖြတ်ခံရမှုမှာ နောက်ဆုံးလက်ကျန် FARC ခေါင်းဆောင်ကြီး မော်ဒစ်ကိုရဲ့ သေဆုံးမှုဟာ အတိုက်အခံတွေကို နောက်ဆုံး ပွဲသိမ်းထိုးနှက်ချက် ဖြစ်တယ်လို့လည်း မိုနာလိုက ပြောပါတယ်။
FARC ကိုလံဘီယာ သူပုန်ခေါင်းဆောင်တွေဟာ ၂၀၁၆ ခုနှစ်က အစိုးရနဲ့ ငြိမ်းချမ်းရေး သဘောတူညီချက်ကို ပယ်ချခဲ့ပြီး အဲဒီအစား မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုနဲ့ တရားမဝင် သတ္တုတူးဖော်မှုမှာ ပါဝင်ပတ်သက်နေတဲ့ အဖွဲ့နှစ်ဖွဲ့ကို ဖွဲ့စည်းခဲ့ပြီး မော်ဒစ္စ်ကိုက သူ့ရဲ့အဖွဲ့ခွဲကို တိုးချဲ့ဖို့တောင် စီစဉ်နေပြီဖြစ်ကြောင်းလည်း ပြောပါတယ်။
လုံခြုံရေးသတင်းရင်းမြစ်တွေအရ မော်ဒစ်ကိုဟာ မေလကုန်က ဗင်နီဇွဲလားမှာ အသတ်ခံခဲ့ရတဲ့ FARC-EP အတိုက်အခံအဖွဲ့ခွဲရဲ့ ခေါင်းဆောင် ဂျန်တီးလ် ဒူဝါ့တေ နေရာကို အစားထိုး တာဝန်ယူလာတာလို့ ဆိုပါတယ်။
FARC-EP အဖွဲ့ခွဲ နဲ့ ပြိုင်ဘက် ဆေဂွန်းဒါ မာရ်ကေ တာလီယာ အဖွဲ့တို့ဟာ ကိုလံဘီယာ နဲ့ ဗင်နီဇွဲလားတို့မှာ ရာဇ၀တ်မှုဆိုင်ရာ လှုပ်ရှားမှုတွေကို ထိန်းချုပ်ဖို့အတွက် လက်နက်ကိုင်အဖွဲ့တွေ တဖက်နဲ့တဖက် ပြိုင်ဆိုင်နေကြတာ ဖြစ်ပါတယ်။
အတိုက်အခံခေါင်းဆောင် ယယ်ဆု ဆန်ထရစ်ခ် ၊ ရိုမားနာ နဲ့ အလ် ပိုင်ဆာတို့လည်း မကြာသေးမီ က ဗင်နီဇွဲလားမှာ အသတ်ခံခဲ့ရပါတယ်။
ကိုလံဘီယာအစိုးရက ဗင်နီဇွဲလားသမ္မတ နီကိုလပ်စ်မာဒူရိုကို ကိုလံဘီယာလက်နက်ကိုင်အဖွဲ့ တွေကို ခိုလှုံခွင့်ပေးထားကြောင်း စွပ်စွဲခဲ့ပြီး မာဒူရိုက ပြင်းပြင်းထန်ထန် ငြင်းဆိုထားပါတယ်။
ဆိုမာလီယားနိုင်ငံ ဆိပ်ကမ်းမြို့ကစ်မာယိုမှာ ဘောလုံးအားကစားသမားတွေကို တင်လာတဲ့ ဘတ်စ်ကားတစီး ဗုံးထောင် ဖောက်ခွဲ ခံခဲ့ရလို့ ကစားသမား ၅ ဦးထက် မနည်း သေဆုံးခဲ့တယ်လို့ ရဲအရာရှိတယောက်က ပြောပါတယ်။
ဇူလိုင် ၃၀ ရက် ညနေပိုင်းက တိုက်ခိုက်မှု နောက်ကွယ်မှာ ဘယ်သူရှိတယ်ဆိုတာ ချက်ချင်း ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။
သမ္မတက သေဆုံးသူတွေအတွက် စာနာကြောင်း သတင်းစကား ပေးပို့ခဲ့ပြီး ဖောက်ခွဲမှုအတွက် အယ်လ်ကေဒါတွေနဲ့ ပတ်သက်နေတဲ့ အယ်လ်ရှာဘတ် သူပုန်တွေကို အပြစ်တင်ခဲ့ပါတယ်။
ဗဟိုအစိုးရကို ဖယ်ရှားချင်ပြီး အစ္စလာမ်ဘာသာရဲ့ ပြင်းထန်တင်းကျပ်တဲ့ ရှရီးယား ဥပဒေကို ချမှတ် ကျင့်သုံးချင်နေတဲ့ အယ်လ်ရှာဘတ်တွေဟာ ဆိုမာလီယားနိုင်ငံအတွင်း သေနတ်တွေ ဗုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်တာတွေ မကြာခဏ လုပ်လေ့ရှိတယ်လို့ ရိုက်တာသတင်းမှာ ရေးပါတယ်။