ထိုင်းနိုင်ငံတောင်ပိုင်း ပတ်တနီခရိုင်မှာ နယ်မြေလုံခြုံရေး ဆောင်ရွက်နေတဲ့ ရဲတပ်ဖွဲ့ဝင်တွေကို အမည်မသိ လက်နက်ကိုင်တွေက ဗုံးခွဲတိုက်ခိုက်မှုကြောင့် ပတ်တနီခရိုင် ဆိုင်းဘူရီရဲစခန်းက ရဲအရာရှိ အပါအဝင် ရဲ ၈ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ထိုင်းနိုင်ငံအခြေစိုက် The Thaiger သတင်းဌာနက ဖော်ပြထားပါတယ်။
ဧပြီ ၁၉ ရက် ည ၁၀ နာရီ ၄၅ မိနစ်လောက်မှာ ဆိုင်းဘူရီရဲစခန်းက ရဲအရာရှိအပါအဝင် အင်အား ၁၁ ယောက်၊ ကား ၂ စီးနဲ့ နယ်မြေလုံခြုံရေးအတွက် ဘန်ခိုလမ်းဘက်ကို ကင်းလှည့်ဆောင်ရွက်နေစဥ် ဘန်းပတောင်-ဘန်ခိုလမ်းထဲမှာ ဗုံးခွဲတိုက်ခိုက်ခံရတာပါ။
ဒဏ်ရာရရှိခဲ့တဲ့ ရဲတပ်ဖွဲ့ဝင်တွေကို ဆိုင်းဘူရီခရောင်းပရင့်စ်ဆေးရုံကို ပို့ဆောင်ထားပြီး ထိခိုက်ခဲ့သူတွေမှာ ရဲအုပ် ကစ်ခ္ထီခွန်ဖောင်ပိ့ထ်၊ ရဲအရာခံဗိုလ် အနွမ်ဝမ်သောင်၊ ရဲတပ်ကြပ်ကြီး တီယာနပ်ပင်နော့ခ်၊ ရဲတပ်ကြပ် စူခွန်လိုင်ချမ်း၊ ရဲတပ်ကြပ် စံယမက္မွန်းနဲ့ ရဲတပ်ကြပ် ဆန်ခချီချိုတို့ ပါဝင်ပြီး ကျန် ၃ ယောက်ကို အတည်ပြုဆဲဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကလည်း ယာလခရိုင်ထဲက ရဲစခန်းတခု တိုက်ခိုက်ခံခဲ့ရပြီး ရဲမှူးတဦးနဲ့ စုံစမ်းရေးမှူးနှစ်ဦးတို့ သေဆုံးခဲ့ပါတယ်။
၂၀၂၂ နိုဝင်ဘာလထဲမှာလည်း နရာသီဝပ်ခ်ခရိုင်ရဲစခန်းမှာ ရဲကား ဗုံးခွဲတိုက်ခိုက်ခံရမှုကြောင့် ရဲအရာရှိတဦးသေဆုံးကာ ရဲတပ်ဖွဲ့ဝင် ၂၀ ထက်မနည်း သေဆုံးခဲ့ပါတယ်။
အလားတူဖြစ်စဥ်မျိုးတွေ ၂၀၀၄ ခုနှစ်က ထိုင်းတောင်ပိုင်း ပတ်တနီခရိုင်၊ ယာလခရိုင်၊ နရာသီဝပ်ခ်ခရိုင်နဲ့ ဆောင်ခလခရိုင်တွေမှာ ရဲတပ်ဖွဲ့ဝင်တွေ တိုက်ခိုက်ခံရတာတွေရှိခဲ့ပါတယ်။
ရန်ကုန်-ပဲခူးကားလမ်းမကြီးပေါ်ရှိ မင်္ဂလာဒုံမြို့မရဲစခန်းကို ဒီဇင်ဘာ ၇ ရက် ည ၈ နာရီကျော်က ဗုံးခွဲတိုက်ခိုက်ခံရပြီး ဒဏ်ရာရရှိသူတချို့ရှိတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
ဗုံးပေါက်ကွဲမှုဖြစ်ခဲ့နောက် ရဲစခန်းအရှေ့ကို ပိတ်ဆို့ကာ ရှာဖွေစစ်ဆေးမှုတွေပြုလုပ်ခဲ့တယ်လို့ ရပ်ကွက်နေသူတစ်ဦးက ပြောပါတယ်။
"ဗုံးက ရဲစခန်းဝင်းထဲမှာ ပေါက်တာ သေတဲ့သူမရှိဘူး။ ဒဏ်ရာရတဲ့သူရှိတယ်လို့ ကြားတယ်။ ရဲတပ်သားတွေနေမှာပေါ့။ စခန်းထဲမှာ ဆူညံနေတာပဲ။
ဗုံးပေါက်ကွဲပြီးနောက် ရဲစခန်းအတွင်း လုံခြုံရေးယူထားတဲ့ စစ်ကောင်စီတပ်နဲ့ရဲတွေဟာ လမ်းသွားလမ်းလာတွေရဲ့ ဖုန်းတွေနဲ့ ကျောပိုးလွယ်အိတ်တွေကို စစ်ဆေးနေတယ်လို့ လှည်းကူးမြို့နေသူတစ်ဦးက ပြောပါတယ်။
"ကျနော် လှည်းကူးကို ထောက်ကြန့်ကနေ တဆင့်ပြောင်းစီးရတာ ဗုံးပေါက်မှန်းလည်းမသိဘူး ထောက်ကြန့်လမ်းဆုံမှာစစ်တာ။ ဖုန်းတွေလည်းစစ်တယ် ကျောပိုးအိတ်ကိုလည်းစစ်တယ်။”
မင်္ဂလာဒုံမြို့မရဲစခန်းကို UMCD အင်အားစုမှ တပ်ဖွဲ့တစ်ခုနဲ့ မဟာမိတ်တပ်ဖွဲ့ KMD 18 တို့ပူးပေါင်းပြီး အဝေးထိန်းလက်လုပ်မိုင်းနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ထုတ်ပြန် ကြေညာထားပါတယ်။
ရန်ကုန်က မြို့နယ်တချို့မှာ ဒီဇင်ဘာ ၁ ရက်မှ ၇ ရက်အတွင်း ပစ်ခတ်မှုနဲ့ ဗုံးပေါက်ကွဲမှု ၁၁ ကြိမ်ဖြစ်ခဲ့ပြီး ၇ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။