close

ဗုံးတွေ့

close

April 13, 2023

ပြည်မြို့တွင် သင်္ကြန်ဗဟိုမဏ္ဍပ်အနီး ဗုံးတွေ့သဖြင့် လုံခြုံရေးတိုးမြှင့်

ပဲခူးတိုင်း၊ ပြည်မြို့က စစ်ကောင်စီသင်္ကြန်ဗဟိုမဏ္ဍပ်အနီးမှာ  ဧပြီ ၁၂ ရက်က မပေါက်ကွဲသေးတဲ့ ဗုံးတလုံးတွေ့တာကြောင့် ပြည်မြို့ကအဓိကကျတဲ့လမ်းတွေနဲ့ နေရာပေါင်းစုံကို  စစ်ကောင်စီက လုံခြုံရေးအင်အားတိုးချပြီး၊ ဖြတ်သွားသမျှသူတွေကို စစ်ဆေးနေတယ်လို့ ဒေသခံထံက သိရပါတယ်။

မြို့ဒေသခံ တယောက်ထံက "ဖြစ်တာက မနေ့က ဗုံးတွေ့တယ်ဆိုပြီး နေ့ခင်ကြောင်တောင်ကနေ ညနက်တဲ့အထိစစ်တယ်။ ခါ တိုင်းဆိုညနေ ၆ ခွဲလောက်ကနေ ၈ နာရီထိလောက်ပဲစစ်တာ၊ အရင်ကဆိုရင် စီးပွားရေးဘဏ်နဲ့ အင်း၀ဘဏ် နားလောက်ပဲစစ်တာ၊ အခုက အဲ့ဒိနေရာတွေအပြင်၊ အရှေ့ပန်းခြံရှေ့၊ ပြည်တက္ကသိုလ်ရှေ့၊ ကညနရုံးရှေ့၊ အဝေးပြေးဂိတ်ရှေ့ ရဲစခန်းတွေရှေ့ တွေမှာလည်း စစ်ဆေးနေတယ်။ နောက် ဗိုလ်ချုပ်လမ်းကိုလည်း ဘူတာရှေ့ကနေ ပိတ်ထားတယ်” လို့ ပြောပါတယ်။

တမြို့လုံး စစ်နေတာနဲ့ သင်္ကြန်မဏ္ဍပ်တွေမှာ လက်နက်ကိုင်တွေ စောင့်နေတာကြောင့်  မြို့ခံတွေ အပြင်မထွက်ကြကြောင်းနဲ့ ရပ်ကွက်ထဲက  ကလေးတွေတောင်  ရေမပတ်ကြဘူးလို့ ပြည်မြို့ခံတယောက်ကပြောပါတယ်၊။

ပြည် ယူဂျီအဖွဲ့ တာဝန်ရှိသူက ''ဗုံးက အဝေးထိန်းဗုံး ဖြစ်တယ်၊ သူတို့က ဗဟိုမဏ္ဍပ်မှာ  Jammerတွေ တပ်ထားတော့ မပေါက်တာ၊ သေသေချာချာစီစဉ်ပြီး ၊ ချခဲ့တာ။ ထပ်လုပ်ဖို့လည်း အစီအစဉ်ရှိသေးတယ်။ အဓိက ကတော့ ပြည်သူတွေအနေနဲ့ ပျော်ချင်ရင် အိမ်မှာပဲပျော်ကြဖို့ သူတို့နဲ့သွားမပတ်သတ်ဖို့အတွက် ထပ်မံ သတိပေးပါရစေ” လို့ပြောပါတယ်၊

စစ်ကောင်စီဟာ သင်္ကြန်ပွဲတော်ကာလအတွင်း ရေကစားမဏ္ဍပ်တွေနဲ့ ဖျော်ဖြေရေးမဏ္ဍပ်တွေမှာ Non-CDM ဝန်ထမ်းတွေကို မဖြစ်မနေသွားဖို့ ဖိအားပေးခိုင်းစေထားတယ်လို့လည်း စစ်ကောင်စီလက်အောက်ခံ ဝန်ထမ်း တယောက်ထံက သိရပါတယ်။

ဧပြီ ၉ ရက်မှာ  ပေါင်းတည်မြို့က ဆောက်လုပ်ဆဲသင်္ကြန်မဏ္ဍပ်ဗုံးခွဲခံခဲ့ရပြီး သင်္ကြန်ပွဲတော်မစတင်မီကတည်းက နိုင်ငံတဝန်းက စစ်ကောင်စီရဲ့ သင်္ကြန်မဏ္ဍပ် ၁၀ ခုထက်မနည်း ဖောက်ခွဲတိုက်ခိုက်ခံထားရပါတယ်။

13 hours Ago

February 28, 2023

ရန်ကုန်လေဆိပ်အဝင်လမ်းတွင်ဗုံးတွေ့ရှိ၊ လူငယ် ၂ ဦး ဖမ်းဆီးခံရ

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်အဝင်မှာ ဖေဖော်ဝါရီ ၂၇ ရက် ည ၆ နာရီလောက်က လက်လုပ်ဗုံးတွေ့ရှိခဲ့ပြီးနောက် စစ်ကောင်စီတပ်က အလုပ်ကနေပြန်လာတဲ့ လူငယ်နှစ်ယောက်ကို ဖမ်းဆီးခဲ့တယ်လို့ မင်္ဂလာဒုံမြို့ခံတွေဆီက သိရပါတယ်။ 

လက်လုပ်ဗုံးတွေ့ပြီးနောက် အင်းစိန် ဆယ်မိုင်ကုန်း သံပန်းစစ်ဆေးရေးဂိတ်မှာ ဟိုက်ဂျက်ကားနဲ့ လာတဲ့ လူငယ်နှစ်ဦးကို ဖမ်းဆီးခဲ့တာဖြစ်တယ်လို့ မြို့ခံတစ်ဦးကပြောပါတယ်။

"ဗုံးတွေ့တော့ စစ်တပ်က အရာရှိရောက်လာပြီးဆဲဆိုတာ။ အဲ့နောက် ဟိုက်ဂျက်ကားတစ်စီးကို တားပြီး အလုပ်ကပြန်လာတဲ့ လူနှစ်ဦးကို ဖမ်းလိုက်တယ်"လို့ ပြောပါတယ်။

 PVC ပိုက်နဲ့လုပ်ထားတဲ့ လက်လုပ်မိုင်းတစ်လုံး၊ သံပိုက်နဲ့လုပ်ထားတဲ့ လက်လုပ်မိုင်းသုံးလုံးနဲ့ ကော်ဘူးနဲ့လုပ်ထားတဲ့ လက်လုပ်မိုင်းတစ်လုံးကို လွယ်အိတ်အတွင်းက  တွေ့ပြီး ဖမ်းမိခဲ့တာလို့  စစ်ကောင်စီဘက်ကတော့  ပြောဆိုထားပါတယ်။

ဟိုက်ဂျက်ကားကို စစ်ကောင်စီတပ်က တားပြီး စစ်ဆေးရာ ယာဥ်ပေါ်ပါ အမျိုးသားနှစ်ယောက်က ထွက်ပြေးလို့ စစ်ကောင်စီတပ်က လိုက်လံဖမ်းဆီးခဲ့တာလို့ ရဲတပ်ဖွဲ့နဲ့နီးစပ် သူတစ်ဦးက ပြောပါတယ်။

"ကားကိုတားပြီး သေနတ်တွေနဲ့ဝိုင်းချိန်တော့ တစ်ယောက်က လန့်ပြီးထွက်ပြေးတာ။ စစ်တပ်က လိုက်ဖမ်းတာ မိသွားတယ်။ အဲ့ဒါနဲ့ကျန်တဲ့တစ်ယောက်ပါ ဖမ်းသွားတာ ဘာပစ္စည်းမှမတွေ့ဘူး။”

လတ်တလောမှာ ဖမ်းဆီးခံရသူလူငယ်နှစ်ယောက်ကို စစ်ကောင်စီတပ်က ကားနဲ့ ခေါ်ဆောင်သွားပြီး  မင်္ဂလာဒုံမြို့မရဲစခန်းသို့ ပို့ဆောင်လိုက်တယ်လို့လည်း ရဲတပ်ဖွဲ့နဲ့နီးစပ်သူက ပြောပါတယ်။ 

1 month Ago
Up