ရန်ကုန်တိုင်း၊ သုံးခွမြို့မရဲစခန်းကို ဒီကနေ့ စက်တင်ဘာ ၂၂ ရက် နေ့လယ်ပိုင်းက အမည်မသိအဖွဲ့က ၄၀ မမ ဗုံးပစ်လောင်ချာနဲ့ လာရောက်ပစ်ခတ်ခဲ့တဲ့အတွက် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
သုံးခွမြို့နယ်၊ ၁၁ ရပ်ကွက်၊ မင်းရဲကျော်စွာလမ်းမပေါ်မှာရှိတဲ့ သုံးခွမြို့မရဲစခန်းကို ဒီကနေ့ နေ့လယ် ၂ နာရီခွဲက အမည်မသိအဖွဲ့က ၄၀မမ ဗုံးပစ်လောင်ချာနဲ့ ပစ်ခတ်ခဲ့တာလို့ မြို့ခံတယောက်က ပြောပါတယ်။
“အသံကြားတာတော့ အကျယ်ကြီးပဲ။ ဗုံးက ရဲစခန်းထဲကျသွားတာ။ စစ်သားတွေရော ရဲတွေရော အများကြီးပဲ ဒဏ်ရာရတယ်လည်း ကြားတယ်၊ သေတယ်လည်း ကြားတယ်။”
လတ်တလောမှာ မြို့မရဲစခန်းနဲ့ မင်းရဲကျော်စွာလမ်းတလျှောက် စစ်ကောင်စီတပ်နဲ့ ရဲတွေက ဆိုင်ကယ်နဲ့ ကားတွေကို စစ်ဆေးတာတွေ ပြုလုပ်နေတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
သုံးခွမြို့နယ်ရဲစခန်း ၄၀မမ နဲ့ ပစ်ခတ်ခံရတဲ့ကိစ္စနဲ့ပတ်သက်ပြီး ဘယ်အဖွဲ့အစည်းက လုပ်တယ်ဆိုတာ ဒီဗွီဘီအနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိပါဘူး။
ဒီကနေ့ မနက်ပိုင်းကလည်း မရမ်းကုန်းမြို့နယ်၊ ဘုရင့်နောင် ၃ ရပ်ကွက်၊ အောင်သိဒ္ဓိလမ်းနဲ့ ပါမောက္ခလမ်းသွယ်ထိပ်မှာ လူငယ်နှစ်ယောက် သေနတ်နဲ့ပစ်ခတ်ခံရပြီး တယောက် သေဆုံးကာ တယောက် ဒဏ်ရာရရှိခဲ့တဲ့ ဖြစ်စဥ်လည်း ရှိပါတယ်။
ရန်ကုန်တိုင်းရှိ မြို့နယ်တချို့မှာ စက်တင်ဘာ ၁ ရက်မှ ၂၂ ရက်အထိ ဗုံးပေါက်ကွဲမှုနဲ့ ပစ်ခတ်မှု ၃၁ ကြိမ်ဖြစ်ခဲ့ပြီး ၇ ယောက် သေဆုံးကာ ၁၀ ယောက် ဒဏ်ရာရရှိခဲ့ပါတယ်။
မွန်ပြည်နယ် ရေး - သံဖြူဇရပ်ကားလမ်းပိုင်းက အခြေစိုက်တပ်ရင်းတွေဖြစ်တဲ့ ခလရ-၁၀၆ ကို စက်တင်ဘာ ၁၈ ရက် ညနေ ၅ နာရီလောက်က ၄၀ မမ ဗုံးပစ်လောင်ချာနဲ့ ၂ ချက် ပစ်ခတ်ခဲ့တယ် လို့ ရေးပြောက်ကျားပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ YGF တာဝန်ရှိသူက ပြောပါတယ်။
“အဓိကတော့ တပ်ရင်းမှူး နေအိမ်ကို ပစ်တာ။ ပစ်တဲ့အချိန်မှာ တပ်က စစ်သားတွေ စုဝေးနေတဲ့ အချိန်ဖြစ်တော့ လူ ထိခိုက်သေဆုံးတာတွေ ရှိနိုင်တယ်”
YGF ပြောက်ကျားတပ်ဖွဲ့ရဲ့ ပစ်ခတ်မှုအပြီး စစ်တပ်က လက်နက်ကြီးနဲ့ ၄ ချက်လောက် ပြန်လည်ပစ်ခတ်ပေမဲ့ YGF အနေနဲ့ ထိခိုက်မှု မရှိဘူးလို့ ဆိုပါတယ်။
ဒေသခံ တဦးက “PDF တွေက ပစ်တယ်။ စစ်တပ်ဘက်ကလည်း ပြန်ပစ်တယ်။ လက်နက်ကြီး တွေက ဘယ်မှာ ထိမှန်ပြီး ကျတာ မသိရပေမဲ့ စိုးရိမ်ရတယ်”လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ရက်က ရေးပြည်သူ့ကာကွယ်ရေးပြောက်ကျားတပ်ဖွဲ့တွေက စက်တင်ဘာ ၁၄ ရက် မနက်ကလည်း စစ်ကောင်စီတပ်ရင်း ၄ ခု ကြားကနေ နယ်မြေရှင်းလင်းရေး ပြုလုပ်သွားခဲ့ပြီး ရေး-သံဖြူဇရပ်ကားလမ်းက အာရှလမ်းမကြီးပေါ်က Mytel တိုင်ကို ပါဖျက်ဆီးခဲ့သလို ခရီးသွား ကားတွေကို စစ်ဆေးရေးလုပ်တယ် ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီတပ်ဖွဲ့တွေဟာ ရေး-သံဖြူဇရပ်ကားလမ်းနေရာမှာ PDF တွေရဲ့ မကြာခဏဆိုသလို ချုံခို တိုက်ခိုက်တာခံရလေ့ရှိပြီးစစ်တပ်ဘက်က အထိအခိုက် အကျအဆုံး များပြားနေပါတယ်။