ရန်ကုန်၊ မြောက်ဥက္ကလာပမြို့နယ်၊ ဃ ရပ်ကွက်၊ အဝိုင်းအနီးရှိ မြို့နယ်ခန်းမအနောက်မှာ ဒီနေ့မနက် ၉ နာရီက ဗုံးပေါက်ကွဲခဲ့တယ်လို့ ရပ်ကွက်နေသူတွေဆီက သိရပါတယ်။
စစ်ကောင်စီတပ်တွေ မြို့နယ်ခန်းမအနောက်ကို ကားနဲ့ရောက်လာချိန် ဗုံးပေါက်ကွဲခဲ့တာ ဖြစ်ပြီး ထိခိုက်ဒဏ်ရာရသူတွေ ရှိနိုင်တယ်လို့ ရပ်ကွက်နေသူတဦးက ပြောပါတယ်။
“စစ်တပ်က ကားနဲ့ဝင်လာပြီးမှ ဗုံးပေါက်တာ၊ အသံအကျယ်ကြီးပဲ၊ မြို့နယ်ခန်းမအနောက်ဘက်က ပေါက်တာ၊ ထိတဲ့သူတွေရှိတယ်လို့ ကြားတယ်။”
ဗုံးပေါက်ကွဲတာမှန်ပေမဲ့ စစ်ကောင်စီတပ်က အဝိုင်းယာဥ်ထိန်းရုံးအနီးမှာ လက်လုပ်ဗုံးတွေ့လို့ အကာအရံတားပြီး လာရောက်ဖောက်ခွဲတာဖြစ်တယ်လို့ အုပ်ချုပ်ရေးနဲ့ နီးစပ်သူတဦးက ပြောပါတယ်။
“စစ်တပ်ကပြောတာတော့ လက်လုပ်ဗုံးတွေ့လို့ လာဖောက်တယ်ပြောတယ်။ မြို့နယ်ခန်းမအနောက်မှာ ဗုံးပေါက်တာမဟုတ်ဘူး။”
ပေါက်ကွဲမှုဖြစ်ပြီးနောက် စစ်ကောင်စီတပ်တွေဟာ မြောက်ဥက္ကလာအဝိုင်းအနီးမှာ ကားနဲ့ ဆိုင်ကယ်တွေကို စစ်ဆေးခဲ့တယ်လို့ ရပ်ကွက်နေသူတွေဆီက သိရပါတယ်။
ရန်ကုန်မှာ ပြီးခဲ့တဲ့ရက်တွေက ပစ်ခတ်မှုနဲ့ ဗုံးပေါက်ကွဲမှုတွေကြောင့် စစ်ကောင်စီတပ်က အငြိမ်းစား ဒုဗိုလ်မှူးကြီးတယောက်နဲ့ အရပ်သားတချို့ သေဆုံးဒဏ်ရာရတာတွေ ရှိပါတယ်။
ရန်ကုန်၊ ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်၊ ၁၅ ရပ်ကွက်၊ ကုန်းဘောင်လမ်းနဲ့ နှင်းဆီလမ်းထောင့်မှာ ဧပြီ ၁၉ ရက် ဒီနေ့မနက် ၁၁ နာရီကျော်က အမှိုက်ကောက်သူမိသားစုသုံးဦး တွန်းလာတဲ့ အမှိုက်တွန်းလှည်းအတွင်းမှာ ပေါက်ကွဲမှုဖြစ်ခဲ့ပြီး မိခင်ဖြစ်သူနဲ့ ကလေးငယ်နှစ်ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ရပ်ကွက်နေသူတွေဆီက သိရပါတယ်။
အမှိုက်လိုက်ကောက်နေတဲ့ အမျိုးသမီးတဦးနဲ့ ကလေးငယ်နှစ်ဦးဟာ အမှိုက်ကောက်ပြီး တွန်းလှည်းတွန်းလာစဥ် ကုန်းဘောင်လမ်းနဲ့ နှင်းဆီလမ်းထောင့်မှာ ပေါက်ကွဲခဲ့တာ ဖြစ်တယ်လို့ ရပ်ကွက်နေသူတဦးက ဒီဗွီဘီကို ပြောပါတယ်။
“သူတို့ကောက်လာတဲ့ အထုပ်ထဲက ပေါက်တာဖြစ်မှာပေါ့။ အမေဖြစ်သူကလည်း အသက် ၂၀ ကျော်ပဲရှိသေးတယ်။ စိုးရိမ်ရတယ်။ ကလေးက ၄ နှစ်တယောက်၊ တနှစ် တယောက်၊ သူတို့ကတော့ သိပ်မစိုးရိမ်ရဘူး။ အခုဆေးရုံမှာ” လို့ ပြောပါတယ်။
ပေါက်ကွဲမှုဖြစ်ပြီးနောက် ဒဏ်ရာရရှိသူတွေဟာ မစောယုနွယ်၊ မအိသဇင်နဲ့ မောင်နေလင်းအောင် တို့ဖြစ်ပြီး မင်္ဂလာဒုံ အမှတ် ၁ စစ်ဆေးရုံကြီးကို စစ်ကောင်စီတပ်က လူနာတင်ယာဥ်နဲ့ သယ်ဆောင်သွားတယ်လို့ ရပ်မိရပ်ဖတဦးက ဒီဗွီဘီကို ပြောပါတယ်။
ဒဏ်ရာရရှိတဲ့ အမှိုက်ကောက်သူ မိသားစုသုံးဦးမှာ ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်၊ ၁၀၈ ရပ်ကွက် ကျူးကျော်မှာ နေထိုင်သူတွေဖြစ်တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။