ပါကစ္စတန်နိုင်ငံ အနောက်မြောက်ပိုင်း ခိုက်ဘာပက်ထွန်ခွာပြည်နယ်ရှိ ဆွက်ထ်ခရိုင်မှာ ဧပြီ ၂၄ ရက် နှောင်းပိုင်းက အင်အားပြင်း ပေါက်ကွဲမှု ၂ ခု ဖြစ်ပွားခဲ့ရာ လူ ၁၂ ဦးထက်မနည်း သေဆုံးပြီး ၅၅ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့နဲ့ ကယ်ဆယ်ရေး တာဝန်ရှိသူတွေက ပြောပါတယ်။
ဆွက်ထ်ခရိုင် ကာဘားလ်နယ်မြေရှိ အကြမ်းဖက်မှုနှိမ်နင်းရေးဌာန (CTD) ရဲစခန်းအတွင်း ဖြစ်ပွားခဲ့တဲ့ အဲဒီပေါက်ကွဲမှု ၂ ခုမှာ ရဲတပ်ဖွဲ့ဝင် ၈ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း ခရိုင်ရဲအရာရှိ ရှာဖီယူလာ ဂန်ဒါပူရ်က အသေအပျောက်တွေကို အတည်ပြု ပြောကြားခဲ့ပါတယ်။
ပဏာမ သတင်းအစီရင်ခံချက်တွေအရ ဒါဟာ အသေခံဗုံးခွဲမှုဖြစ်တယ်လို့ ဆိုပေမဲ့ အာဏာပိုင်တွေဟာ ဒီကိစ္စကို စုံစမ်းစစ်ဆေးနေပြီး ပေါက်ကွဲမှုရဲ့ သဘောသဘာဝကို တိတိကျကျ သိရှိနိုင်ဖို့ မှုခင်းဆိုင်ရာ အထောက်အထားတွေကို စုဆောင်းနေကြောင်း ရဲအရာရှိ ဂန်ဒါပူရ်က ပြောပါတယ်။
ဒီပေါက်ကွဲမှုတွေဟာ အကြမ်းဖက်မှုနှိမ်နင်းရေးဌာနရဲ့ ခဲယမ်းမီးကျောက် သိုလှောင်ရုံမှာ ဖြစ်ပွားခဲ့ပြီး ပြင်ပကနေ တိုက်ခိုက်တဲ့ အထောက်အထား မတွေ့ရသေးကြောင်းနဲ့ လက်နက်တွေ မီးလောင်သွားတာဟာ လျှပ်စစ်ဝါယာရှော့ကြောင့် ဖြစ်နိုင်ကြောင်း ပြည်နယ်ရဲချုပ် အခ်ထာ ဟာယက်ရဲ့ ပြောရေးဆိုခွင့်ရှိသူက နောက်ပိုင်းမှာ ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာ ပြောပါတယ်။
ဗုံးပေါက်ကွဲမှုရဲ့ တခြားရှုထောင့်တွေကိုလည်း စုံစမ်းစစ်ဆေးနေကြောင်း ဆိုပါတယ်။
ဗုံးခွဲမှုအတွင်း သေဆုံးခဲ့သူ အများစုမှာ အကြမ်းဖက်နှိမ်နင်းရေးရဲတပ်ဖွဲ့မှ အရာရှိတွေ ဖြစ်ကြောင်း ပြည်နယ်ရဲချုပ် ဟာယက်က ပြောပါတယ်။
အဆောက်အဦထဲကနေ ဖြတ်သွားတဲ့ အမျိုးသမီးတဦးနဲ့ သူ့ရဲ့ ကလေးငယ်တဦးလည်း သေဆုံးခဲ့ကြောင်း သိရပါတယ်။
ဒဏ်ရာရရှိသူ အများအပြား ဆေးကုသမှု ခံယူခဲ့ရပြီး တချို့ဟာ စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိနေကြောင်း ဆေးရုံအုပ်ချုပ်ရေးအဖွဲ့က ပြောပါတယ်။
ပေါက်ကွဲမှုတွေကြောင့် CTD ရဲစခန်း အဆောက်အဦ လုံးဝပျက်စီးသွားပြီး ပေါက်ကွဲမှုတွေရဲ့ သက်ရောက်မှုကြောင့် အနီးနားရှိ အဆောက်အဦတွေရဲ့ ပြတင်းပေါက်တွေလည်း ကွဲအက်ကုန်ကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။
လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ ကယ်ဆယ်ရေးအဖွဲ့တွေဟာ အဆောက်အအုံရဲ့ အပျက်အစီးတွေအောက်မှာ ပိတ်မိနေသူတွေကို ကယ်ဆယ်ဖို့နဲ့ ဒဏ်ရာရသူတွေကို ခရိုင်အတွင်းရှိ နီးစပ်ရာဆေးရုံတွေဆီ ပို့ဆောင်ပေးခဲ့ပါတယ်။
ခရိုင်အတွင်းရှိ ဆေးရုံတွေ အားလုံးမှာလည်း အရေးပေါ်အခြေအနေ ထုတ်ပြန်ထားပါတယ်။ ဒီတိုက်ခိုက်မှုအတွက် ဘယ်ပုဂ္ဂိုလ်၊ ဘယ်အဖွဲ့ကမှ တာဝန်ရှိကြောင်း ထုတ်ဖော်ပြောဆိုခြင်း မရှိပါဘူး။
ပါကစ္စတန်ဝန်ကြီးချုပ် ရှာဘတ်ဇ် ရှာရစ်ဖ်ကတော့ ဒီဖြစ်ရပ်ကို ရှုတ်ချခဲ့ပါတယ်။ အသက်ဆုံးရှုံးမှုအတွက် ဝမ်းနည်းကြေကွဲကြောင်း ပြောကြားပြီးတော့ ဒဏ်ရာရသူတွေကို အကောင်းဆုံး ဆေးဝါးအကူအညီပေးဖို့ သက်ဆိုင်ရာ အာဏာပိုင်တွေကို ညွှန်ကြားခဲ့ပါတယ်။
ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ အမှတ် ၅ ရပ်ကွက်မှာ နေထိုင်တဲ့ ဧရာဝတီတိုင်း ဒုတိုင်းရဲတပ်ဖွဲ့မှူးရဲ့နေအိမ်ခြံထဲမှာ ဧပြီ ၂၂ ရက်နေ့ ည ၉ နာရီလောက်က ဗုံး ၂ လုံးပေါက်ကွဲခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဗုံးပေါက်ကွဲခဲ့တဲ့ ဒုတိုင်းရဲတပ်ဖွဲ့မှူးရဲ့ နေအိမ်ဟာ ပုသိမ်ခရိုင်ရဲတပ်ဖွဲ့မှူးနဲ့ စစ်သားစုဆောင်းရေးတပ်ကြားမှာရှိတဲ့ နေအိမ်ဖြစ်တာကြောင့် အဝေးထိန်း စနစ်နဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ ပုသိမ်မြို့ပြ ပြောက်ကျားတပ်ဖွဲ့ရဲ့ တာဝန်ရှိသူက ဒီဗွီဘီကို ပြောပါတယ်။
''အဝေးထိန်းစနစ်နဲ့ ၂ လုံးဖောက်ခွဲခဲ့ပါတယ်၊ ရဲဘော်တွေအားလုံး ဘေးကင်းတဲ့နေရာ ပြန်ရောက်ပါပြီ။ ခုတော့ အဲ့နားမှာ လုံခြုံရေးတင်းတင်းကြပ်ကြပ်နဲ့ ပိတ်ဆို့စစ်ဆေးနေပါတယ်'' လို့ ပုသိမ်မြို့ပြပြောက်ကျားတပ်ဖွဲ့တာဝန်ရှိသူက ပြောပါတယ်။
ဗုံးဖောက်ခွဲတိုက်ခိုက်ခံခဲ့ရတဲ့ ဒုတိုင်းရဲတပ်ဖွဲ့မှူးဟာ စစ်ကောင်စီတပ်ဘက်က အာဏာမသိမ်းခင်က အသွင်ကူပြောင်းလာသူလည်းဖြစ်တယ်လို့ ရဲတပ်ဖွဲ့အသိုက်အဝန်းက သိရပါတယ်။
CCTV တွေ တပ်ဆင်ထားတဲ့ ဒုတိုင်းရဲတပ်ဖွဲ့မှူးနေအိမ်ဟာ တိုင်းရဲတပ်ဖွဲ့ရုံးနဲ့ ကား ၅ မိနစ်မောင်းသွားရတဲ့ အကွာအဝေးမှာရှိပြီး လုံခြုံရေးတင်းကြပ်ထားတဲ့နေရာလည်းဖြစ်တယ်လို့ ရဲတပ်ဖွဲ့နဲ့နီးစပ်သူတွေက ပြောပါတယ်။