တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ ထားဝယ်မြစ်အနောက်ဘက်ကမ်းမှာရှိတဲ့ နတ်တွင်းရွာမှာ ဇန်နဝါရီ ၁၂ ရက်က ကျင်းပနေတဲ့ မင်္ဂလာဧည့်ခံပွဲမှာ ဗုံးဖောက်ခွဲခံရပြီး ဒဏ်ရာရသူတွေရှိတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဗုံးဖောက်ခွဲခံရတဲ့ မင်္ဂလာပွဲအတွင်း ရှိနေသူတဦးက “မင်္ဂလာပွဲက လမ်းမနဲ့ နည်းနည်းလှမ်းတယ်။ ဗုံးကို ဒရုန်းနဲ့ လာချသွားတာမျိုး၊ ခြံဝမှာပေါက်သွားတယ်။ နားစည်ထိတဲ့လူတယောက်၊ ကျောက်စလာစင်ပြီး ခေါင်းထိတဲ့သူက တယောက်နဲ့ ပွန်းပဲ့ဒဏ်ရာ ရသူတွေရှိတယ်။ ပွဲကပြီးခါနီးမှာ ပေါက်သွားတာ” လို့ ပြောပါတယ်။
ဗုံးဖောက်ခံရတဲ့ ရွာအနီးတဝိုက်မှာ မင်္ဂလာပွဲတွေ၊ လူစုလူဝေးတွေ မလုပ်ရဘူးလို့ တားမြစ်ထားကြောင်း ကောလာဟလတွေ ထွက်နေပြီး ဘယ်သူတွေက တားမြစ်လဲ ဆိုတာကိုတော့ ဒေသခံတွေက တိတိကျကျ ပြောပြနိုင်တာမျိုး မရှိသလို အခု ဗုံးဖောက်ခံရတဲ့ဖြစ်စဉ်ကို ဘယ်အဖွဲ့အစည်းက လုပ်ဆောင်တယ် ဆိုတာကိုလည်း သီးခြား အတည်မပြုနိုင်သေးပါဘူး။
ဗုံးဖောက်ခံရတဲ့ မင်္ဂလာပွဲက သတို့သားဟာ ရေဖြူမြို့နယ်၊ တလိုင်းယာအုပ်စုကဖြစ်ပြီး သတို့သမီးက နတ်တွင်းရွာသူဖြစ်ကာ သတို့သမီးအိမ်မှာ မင်္ဂလာပွဲပြုလုပ်နေရင်း အခုလို ဖောက်ခွဲခံရတာ ဖြစ်ပါတယ်။
အခုလို ပဋိပက္ခဖြစ်စဉ်တွေကြောင့် ရေဖြူမြို့နယ်နဲ့ လောင်းလုံးမြို့နယ်မှာ ပြင်ဆင်ပြီးမှ မကျင်းပဖြစ်တော့တဲ့ အလှူပွဲ၊ မင်္ဂလာပွဲတွေလည်း ရှိတယ်လို့ အခမ်းအနား ပြင်ဆင်သူတွေက ပြောပါတယ်။
ဒီဇင်ဘာ ၂၉ ရက်ကလည်း လောင်းလုံးမြို့နယ် ဝေဒီရွာက မင်္ဂလာပွဲတခုကို ပျူစောထီးတွေက ဗုံးဖောက်ခဲ့တာကြောင့် လူ ၇ ဦးထက်မနည်း ထိခိုက်ဒဏ်ရာ ရခဲ့ပါတယ်။
တနင်္သာရီတိုင်း၊ မြိတ်ခရိုင်အတွင်းရှိ ပြည်သူ့ကာကွယ်ရေးထိန်းချုပ်နယ်မြေမှာ ဇန်နဝါရီ ၁၁ ရက် ည ၇ နာရီကျော်လောက်က မင်္ဂလာဆောင်ဖို့ တရက်ပဲလိုတော့တဲ့ သတို့သားတဦးကို ဆိုင်ကယ်စီးလာတဲ့ အမျိုးသားနှစ်ဦးက သေနတ်နဲ့ ပစ်သတ်ခဲ့တယ်လို့ သိရပါတယ်။
အဆိုပါသတို့သားလောင်းမှာ အသက် ၂၆ နှစ်အရွယ် ကိုနှင်းထွန်း ဆိုသူဖြစ်ပြီး သေနတ်နဲ့ ပစ်ခတ်ခံရပြီးနောက် အခင်းဖြစ်နေရာမှာပဲ သေဆုံးသွားတယ်လို့ ဒေသခံတဦးက ပြောပါတယ်။
“ပုဂ္ဂိုလ်ရေးအရ သတ်လိုက်တာလို့ သိရတယ်။ မနက်ဖြန် မင်္ဂလာဆောင်မှာဆိုတော့ ညဘက် သတို့သမီးရွာကို သွားပို့တဲ့အချိန်မှာ ဖြစ်တာလို့ သိရတယ်။ အိမ်ပေါ်မှာရှိနေတဲ့အချိန် ဒီအတိုင်း ခေါ်ခိုင်းပြီးတော့ ပစ်သတ်လိုက်တာပါ။”
သတို့သားလောင်းကို ပစ်သတ်ခဲ့တဲ့ အမျိုးသားနှစ်ဦးမှာ ညောင်ပင်ကွင်းကျေးရွာက ကိုမျိုးဆက်ပိုင်နဲ့ ကိုအောင်မြတ်ဇော် တို့ဖြစ်ပြီး ပုဂ္ဂိုလ်ရေးမကျေနပ်ချက်ကြောင့် ခုလို ပစ်သတ်ခဲ့တာလို့ တနင်္သာရီ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကနေ သိရပါတယ်။
အခင်းဖြစ်ပွားပြီးနောက် အဲဒီအမျိုးသားနှစ်ဦးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက လိုက်လံစုံစမ်းပြီး ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။
တနင်္သာရီ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက “လောလောဆယ်မှာတော့ ဖမ်းမိတဲ့နှစ်ယောက်စလုံးကို ရွာမှာရှိတဲ့ အုပ်ချုပ်ရေးအဖွဲ့ကပဲ ထိန်းသိမ်းထားပါတယ်။ ဘယ်လိုမျိုး အရေးယူဆောင်ရွက်မယ် ဆိုတာတော့ အတိအကျ မသိသေးဘူး” လို့ ပြောပါတယ်။
သေဆုံးသူ သတို့သားလောင်းကို အဆိုပါ ပြည်သူ့ကာကွယ်ရေး ထိန်းချုပ်နယ်မြေမှာ မီးသင်္ဂြိုဟ်မယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာလတုန်းကလည်း တနင်္သာရီမြို့နယ်ရှိ ချောင်းလမုကျေးရွာမှာ အမျိုးသမီးတဦးကို အမည်မသိ အမျိုးသားနှစ်ဦးက တည်းခိုခန်းမှာ သေနတ်နဲ့ လာရောက်ပစ်ခတ်ခဲ့မှု ဖြစ်ခဲ့ပါသေးတယ်။
မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် မြစ်သားမြို့နယ်မှာ နာမည်ကြီးနေတဲ့ လောင်းကစားဝိုင်းကို နိုဝင်ဘာ ၁၂ ရက်နေ့မနက်က ဗုံးပစ်ခံရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒေသခံတဦးက “မင်းဝံနဲ့ ညောင်ဝန်းရွာကြားက နာမည်ကြီးနေတဲ့ လောင်းကစားဝိုင်း ဗုံးပစ်ခံရတာပါ။ လူထိခိုက်မှုတော့ မရှိပါဘူး” လို့ ပြောပါတယ်။
ဘုရားပွဲကို အကြောင်းပြပြီး မင်းဝံကျေးရွာနဲ့ ညောင်ဝန်းကျေးရွာကြားမှာ လောင်းကစားဝိုင်းအကြီးအကျယ် ပြုလုပ်နေတဲ့ အဖွဲ့ကို သတိပေးတဲ့အနေနဲ့ ဗုံးဖောက်ခွဲခဲ့တာဖြစ်ပြီး ဆက်လက်လောင်းကစားဝိုင်းပြုလုပ်နေပါက ထိထိရောက်ရောက် လုပ်ဆောင်သွားမယ်လို့ ကျောက်ဆည် နဂါးနီ ပြောက်ကျား တပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
မင်းဝံရွာက ဇော်မင်းထိုက်နဲ့ ရဲဆွေတို့ဟာ ဘုရားပွဲ အကြောင်းပြပြီး လောင်းကစားပွဲတွေ အကြီးအကျယ် ပြုလုပ်နေသလို စစ်တပ်သတင်းပေး ဒလန်များလည်း ဖြစ်ကြောင်း၊ အခုလို သတိပေးဖောက်ခွဲမှုမှာ ပထမဆုံးနဲ့ နောက်ဆုံးအကြိမ်ဖြစ်ပြီး ဖောက်ခွဲမှုကို ကျောက်ဆည်မြေပြင်တိုက်ခိုက်ရေးအဖွဲ့များဖြစ်တဲ့ ကျောက်ဆည်နဂါးနီ ပြောက်ကျားတပ်ဖွဲ့ နဲ့ Dragon Kyaukes Defense Force - DKDF တို့က ပူးပေါင်းလုပ်ဆောင်တာလို့ ဆိုပါတယ်။