close

ဗုံးဖြင့်အပစ်ခံရ

close

February 25, 2023

ပျဉ်းမနားမြို့ ဘောဂဝတီရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး ဗုံးဖြင့်အပစ်ခံရ၊ လုံခြုံရေးတင်းကျပ်

နေပြည်တော်ကောင်စီနယ်မြေ ပျဥ်းနားမြို့မှာ ရှိတဲ့ ဘောဂဝတီရပ်ကွက်အုပ်ချုပ်ရေးမှူး ဒီနေ့ မနက်က လက်ပစ်ဗုံးနဲ့ပစ်ခတ်ခံရပြီးနောက် လုံခြုံရေးတင်းကျပ်ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပျဥ်းမနားမြို့ ဘောဂဝတီရပ်ကွက် နေကြာလမ်းနဲ့မေတ္တာသုံးလမ်းထောင့်မှာရှိတဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို ဒီနေ့ မနက်ကိုးနာရီက လက်ပစ်ဗုံးနဲ့ ပစ်ခတ်ခံရပြီးနောက် လုံခြုံရေး တင်းကျပ်ထားတာလို့ ရပ်ကွက်နေသူတဦးက ပြောပါတယ်။

"ဗုံးနဲ့အပစ်ခံရတာ မပေါက်သေးဘူး၊ စစ်တပ်ကို ရောက်လာပြီး စစ်ဆေးတာတွေ ရှာဖွေရေးတွေလုပ်နေတယ်။ ဖုန်းတွေစစ်တယ်၊ အိတ်တွေစစ်တယ်၊ ဆိုင်ကယ်ဆို တူးဘောက်တွေပါ ဖွင့်ပြရတယ်။" 

ဗုံးနဲ့ပစ်ခတ်ခံရပြီး အမှတ် ၉၂၀ စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်းမှ စစ်ကောင်စီတပ်သားတွေ ရောက်လာပြီး လက်ပစ်ဗုံးကို အသက်မဲ့အောင်ပြုလုပ်ခဲ့တယ်လို့ အုပ်ချုပ်ရေးနဲ့နီးစပ်သူတဦးက ပြောပါတယ်။

"လာပစ်သွားတာ MG 1 လက်ပစ်ဗုံးအမျိုးအစား၊ ပြသာနာက လူကြီးတွေလည်း လန့်သွားတယ်။ အဲ့နေရာကို လုံခြုံရေးတင်းကျပ်ထားဖို့ အမိန့်ပေးထားတယ်။" 

လတ်တလောမှာ ဘောဂဝတီရပ်ကွက်က လမ်းအချို့မှာ စစ်ဆေးနေပြီး နေကြာလမ်းနဲ့ မေတ္တာ ၃ လမ်းဘက်မှာ လမ်းသွားလမ်းလာ၊ ဆိုင်ကယ်နဲ့ အိမ်စီးကားတွေပါ စစ်ဆေးနေတယ်လို့ ရပ်ကွက်နေသူတွေဆီက သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၁ ရက် မနက်ပိုင်းကလည်း နေပြည်တော်ကောင်စီနယ်မြေ လယ်ဝေးမြို့ ၅ ရပ်ကွက် ဗိုလ်ချုပ်ကြေးရုပ်အနီးက ယာဥ်ထိန်းရဲကင်းမှာ  ဗုံးပေါက်ကွဲခဲ့ပြီး ယာဥ်ထိန်းရဲတဦး ဒဏ်ရာရရှိခဲ့ပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း နေပြည်တော်မှာ ပစ်ခတ်မှုနဲ့ ဗုံးပေါက်ကွဲမှုတွေကြောင့် သေဆုံးသူနဲ့ ဒဏ်ရာရသူများလည်းရှိပါတယ်။

9 hours Ago

February 23, 2023

မြောက်ဥက္ကလာ (င) ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး ဗုံးဖြင့်အပစ်ခံရ

ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ် င ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး ဒီနေ့ ညနေ သုံးနာရီကျော်က ဗုံးနဲ့အပစ်ခံရပြီး ပေါက်ကွဲမှုဖြစ်ခဲ့တယ်လို့ ရပ်ကွက်နေသူတွေက ပြောပါတယ်။ “ဗုံးပေါက်တဲ့အသံက အတော်ကျယ်တာ၊ ထိခိုက်ဒဏ်ရာရတဲ့သူတွေရှိတယ်လို့ ကြားတယ်။ စစ်တပ်က ရောက်နေတော့ ဘယ်သူမှရုံးဘက်ကို မသွားကြဘူး။ အဲ့ဒီရုံးမှာ ဗုံးမကြာခဏ ပေါက်တယ်” လို့ ရပ်ကွက်နေသူတဦးက ပြောပါတယ်။ ဗုံးပေါက်ကွဲပြီးနောက် စစ်ကောက်စီတပ်သားတွေ ရောက်လာကာ ရပ်ကွက်ရုံးရှေ့နဲ့ သုဓမ္မာလမ်းမကြီးတလျှောက် စစ်ဆေးခဲ့တယ်လို့ သုဓမ္မာလမ်းနေသူတဦးက ပြောပါတယ်။ "စစ်တပ်က တခုခုဖြစ်တာနဲ့ ခွင်ပဲ။ ဗုံးပေါက်၊ ဆိုင်ကယ်ဖမ်းပြီး ပိုက်ဆံတောင်း၊ အဲ့ဒီရုံးဆို လေးကြိမ်ရှိပြီ။ ဗုံးပေါက်တာ င ရပ်ကွက်မှာ အရင်နှစ်ကဆို ပစ်ခတ်မှုတွေပါဖြစ်တာ။" ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၆ ရက်ကလည်း င ရပ်ကွက် နွယ်နီ (၁၃) လမ်းနဲ့ သန္တာ(၁၂) လမ်းကြားမှာ ကြံ့ခိုင်ရေးပါတီဝင်တဦး သေနတ်နဲ့ပစ်ခတ်ခံရပြီး သေဆုံးခဲ့တဲ့ ဖြစ်စဥ်လည်း ရှိပါတယ်။ ဒီနေ့ င ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး ဗုံးခွဲတိုက်ခိုက်မှုကို(Yan gon Underground Force - YUF) က ပြုလုပ်ခဲ့တာဖြစ်ပြီး တော်လှန်ရေးရဲဘော်တွေ အထိအခိုက်မရှိ ဘေးကင်းစွာ ဆုတ်ခွာနိုင်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၉ ရက် ညနေကလည်း ဒဂုံဆိပ်ကမ်းမြို့နယ် အမှတ် ၉၄ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး ပစ်ခတ်တိုက်ခိုက်ခံရပြီး ရာအိမ်မှူးနှစ်ဦး သေဆုံးကာ ရာအိမ်မှူး သုံးဦး နဲ့ ကယ်ရီသမားတဦး ဒဏ်ရာရရှိခဲ့ပါတယ်။ ရန်ကုန်က မြို့နယ်အချို့မှာ ဖေဖော်ဝါရီ ၁ ရက်မှ ၂၃ ရက်အတွင်း ပစ်ခတ်မှုနဲ့ ဗုံးပေါက်ကွဲမှုတွေကြောင့် ၁၁ ဦးသေဆုံးခဲ့ပြီး ၈ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
2 days Ago
Up