close

ဗုံးလန့်မှု

close

December 28, 2022

ဘရာဇီးသမ္မတ တည်းခိုရာနေရာအနီး ဗုံးလန့်မှုဖြစ်ပွား

ဘရာဇီး ရွေးကောက်ခံသမ္မတ လူးဝစ္စ အင်နာစီယို လူလာ ဒါ ဆေးလ်ဗား တည်းခိုရာနေရာ အနီးမှာ ကိုယ်ပိုင်ပစ္စည်းတွေသာပါရှိတဲ့ ကျောပိုးအိတ်တလုံးကို တွေ့ရှိခဲ့ပြီး ဗုံးလန့်မှု ဖြစ်ပွားခဲ့တယ်လို့ မြို့တော် ဘရပ်စီလီယာ ရဲတပ်ဖွဲ့က ဒီဇင်ဘာ ၂၇ ရက်မှာ ပြောပါတယ်။

စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေတာကြောင့် စစ်ရဲတွေ၊ မီးသတ်သမားတွေနဲ့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေဟာ လူလာ တည်းခိုရာ ဟိုတယ်တဝိုက်က အကာအရံ ပိတ်ဆို့ထားတဲ့ နေရာတွေကို လှည့်ပတ် စစ်ဆေးကြည့်ရှုခဲ့ကြပါတယ်။

လူလာ ရာထူးမထမ်းဆောင်မီ ရက်ပိုင်းအလိုမှာပဲ ဗုံးရှင်းလင်းရေးအဖွဲ့ကို ခေါ်လိုက်ရတယ် ဆိုတဲ့ သတင်းကြောင့် မျိုးဆက်တခုအတွင်း အဆိုးရွားဆုံး ရွေးကောက်ပွဲအပြီး မြို့တော် ဘရပ်စီလီယာဝန်းကျင်မှာ ထိတ်လန့်တုန်လှုပ်နေကြတာပါ။

ဘရပ်စီလီယာရဲတပ်ဖွဲ့က သူတို့ဟာ ဗုံးဖောက်ခွဲဖို့ ကြံစည်မှုကို တားဆီးခဲ့ပြီး စစ်တပ်ဌာနချုပ် အပြင်ဘက်မှာ စခန်းချပြီးတော့ လူလာရဲ့ ရွေးကောက်ပွဲအောင်ပွဲကို ပြောင်းပြန်လှန်ပစ်ဖို့ စစ်တပ်ကို တိုက်တွန်းခဲ့တဲ့ ဘော်ဆိုနာရိုကို လိုလားသူများအဖွဲ့နဲ့ အချိတ်အဆက်ရှိတဲ့ အမျိုးသားတဦးကို ဖမ်းဆီးခဲ့ကြောင်း ပြောပါတယ်။

မြို့တော်မှာ နိုင်ငံရေးတင်းမာမှုတွေကြောင့် လူလာရဲ့အဖွဲ့ကို တနင်္ဂနွေနေ့ ကျမ်းသစ္စာကျိန်ဆိုပွဲအတွက် လုံခြုံရေးဆိုင်ရာ စည်းမျဉ်းတွေကို တင်းကျပ်ထားဖို့ တွန်းအားပေးခဲ့ကြောင်း အသစ်ဝင်လာတဲ့ တရားရေးဝန်ကြီး ဖလာဗီယို ဒီနိုက ဒီဇင်ဘာ ၂၆ ရက်မှာ ပြောပါတယ်။

12 hours Ago
Up