ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်မှာ ဖေဖော်ဝါရီ ၃ ရက် မနေ့ညပိုင်းမှာ မတော်တဆ ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီး ကလေးငယ် ၂ ယောက်သေဆုံးကာ လူကြီး ၃ ယောက် အပြင်း အထန်ဒဏ်ရာရရှိခဲ့တယ်လို့ ဆေးရုံကိုပို့ဆောင်အကူညီပေးသူတွေဆီကနေ သိရပါတယ်။
ပုဏ္ဏားကျွန်းမြို့နယ် ကုန်းတန်းကြိမ်ချောင်းကျေးရွာမှာ မနေ့ ည ၈ နာရီကျော်လောက်မှာ ကလေးငယ်တယောက် ကောက်ရတဲ့ ဗုံးသီးတလုံးကို ဆော့ကစားရာကနေ မတော်တဆ ဗုံးပေါက်ကွဲပြီး စုစုပေါင်း ၅ ယောက် ထိခိုက်သွားတာဖြစ်ပါတယ်။
အဲဒီပေါက်ကွဲမှုကြောင့် ဒဏ်ရာရတဲ့ လူနာတွေကို တင်ပြီး အလယ်ချောင်းတိုက်နယ်ဆေးရုံကို ပို့ဆောင်ဖို့ ကြိုးစားခဲ့ပေမယ့် ဆရာဝန်ခရီးလွန်နေတာကြောင့် ကား ၃ စီးနဲ့ ပုဏ္ဏားကျွန်းဆေးရုံကို ပို့ဆောင်ပေးခဲ့ရတယ်လို့ လိုက်ပါကူညီပေးသူတဦးက ပြောပါတယ်။
ဒဏ်ရာရတဲ့သူတွေကတော့ အသက် ၁၀ နှစ်အရွယ် ကလေးငယ် တယောက်၊ အသက် ၁၃ နှစ်အရွယ်တယောက်၊ အသက် ၃၄ နှစ်အရွယ် နှစ်ယောက်နဲ့ အသက် ၅၀ အရွယ် တယောက်ဖြစ်ပြီး ၁၀ နှစ်နဲ့ ၁၃ နှစ်အရွယ် နှစ်ယောက်ကတော့ ည ၁၂ နာရီကျော်နဲ့ မနက် ၁ နာရီကျော်လောက်က ဆေးရုံမှာပဲ သေဆုံးသွားခဲ့တာလို့ ဆိုပါတယ်။
“အသက် ၁၃ နှစ်အရွယ်ကလေးက ကျနော့်ကားပေါ်မှာပါလာတာ တော်တော် သနားဖို့ကောင်းတယ်ဗျာ။ သူ့ကိုယ်သူ သေရတော့မယ် ရေဆာတယ် ဆိုပြီးရေတောင်းတယ်။ ဆေးရုံကဆရာဝန်က လက်လျှော့လိုက်တော့ အဖေဖြစ်သူဆိုရင် သူသားကို ရှင်ပြုဖို့ ၁၀ ရက်ပဲလိုတော့တယ်လို့ ပြောပြီး ငိုနေတာ”လို့ ပြောပါတယ်။
ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ သူကလည်း ခြေထောက်တွေ၊ လက်တွေ၊ ပေါင်တွေနဲ့ ရင်ဘတ်တွေမှာ ဒဏ်ရာအပြင်းထန်ဒဏ်ရာရရှိကာ ဒဏ်ရာအခြေနေစိုးရိမ်ရပြီး ပုဏ္ဏားကျွန်းမြို့ပြည်သူ့ဆေးရုံမှာ ဆေးကုသမှုခံယူနေရတယ်လို့ ဆိုပါတယ်။
ပုဏ္ဏားကျွန်းမြို့ ပြည်သူ့ဆေးရုံကိုတော့ သက်ဆိုင်ရာတာဝန်ရှိသူတွေရောက်လာပြီး အဲဒီဗုံးပေါက်ကွဲတဲ့ ဖြစ်စဥ်နဲ့ ပတ်သက်လို့ စစ်ဆေးမေမြန်းခဲ့ကြတယ်လို့ သိရပါတယ်။
ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ (BXT)ကိုရီးယားဆိပ်ကမ်းမှာ ဇန်နဝါရီ ၂၁ ရက် ညနေ ၄ ရီခန့်လောက်က မပေါက်ကွဲသေးတဲ့ ဗုံးသီး တစ်လုံးတွေ့ရှိခဲ့ကြောင်း ဒေသခံတွေထံက သိရပါတယ်။
စစ်တွေမြို့ မိဇံရပ်ကွက်ရှိ ကိုးရီးယားဆိပ်ကမ်းခြေမှာ လူငယ်တွေ ဂုံးလိုက်ရှာကြစဥ် ဗုံးသီးတွေ့လို့ ရန်ပြေ၊ မန်ပြေဘုရားကြီး ဂေါပကလူကြီးတွေထံ အသိပေးခဲ့တာဖြစ်ပါတယ်။
စစ်တွေဒေသခံအမျိုးသမီးတစ်ဦးက "လူငယ်တွေ ကမ်းခြေမှာ ဂုံးလိုက်ရှာကြတဲ့အခါတွေ့တာပါ။ သူတို့က ဘုရားလူကြီးတွေကို အကြောင်းကြားပြီး။ ကမ်းကိုတွန်းတင်ခဲ့ကြတာ။ ဘုရားလူကြီးတွေက စစ်တပ်ကိုအကြောင်းကြားခဲ့တာ"လို့ ပြောပါတယ်။
အဆိုပါ ဗုံးသီးမှာ စစ်လက်ကျန်ဗုံးသီးလားအဟောင်းလား၊ လက်ရှိ ဗုံးသီးလားဆိုတာကိုတော့ တာဝန်ရှိသူတွေက ထုတ်ပြန်ပြောကြားခြင်း မရှိသေးပါဘူး။
ဗုံးသီးတွေ့ရှိတဲ့နေရာကို စစ်ကောင်စီတပ်တွေလာရောက် စစ်ဆေးနေပြီး ယူဆောင်သွားရန်ပြင်ဆင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်တွေမြို့ပြ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ စစ်တွေဆိပ်ကမ်း သာယာလှပရေးစီမံကိန်းချက်တွေ လုပ်ကိုင်ဖို့ BXT Construction & Development ကိုရီးယားနိုင်ငံကုမ္ပဏီဟာ ၂၀၁၅ ခုနှစ် ဇန်နဝါရီလကစတင်ပြီး ကိုးရီးယား BXT ဆိပ်ကမ်းမှာ လုပ်ကိုင်နေတာ ဖြစ်ပါတယ်။