မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ဗျည်းဘရွာမှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို ဒီဇင်ဘာ ၁၇ ရက် မနက် ၁၀ နာရီဝန်းကျင်က တိုက်ခိုက်ခဲ့ရာမှာ စစ်ကောင်စီတပ်သား နှစ်ယောက် သေဆုံးခဲ့တယ်လို့ ရေစကြိုမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သိရပါတယ်။
ဗျည်းဘရွာအနောက်ဘက်က ဘုန်းကြီးကျောင်းက ထွက်လာတဲ့ စစ်ကြောင်းကို လက်နက်ကြီး တွေအပြင် ဒရုန်းနဲ့ အီနာဂါချတိုက်ခိုက်ခဲ့တယ်လို့ ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။
"သူတို့ စစ်ကြောင်းထိုးနေတာ မနေ့တည်းက။ သူတို့ ဘုန်းကြီးကျောင်းမှာ စခန်းချနေလို့ မတိုက် ခိုက်ခဲ့တာ။ ဒီနေ့ သူတို့ ဘုန်းကြီးကျောင်းက အထွက်မှာ ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။"
လက်နက်ကြီး၊ အီနာဂါအပြင် အနီးကပ် တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီဘက်က ၂ ယောက် သေဆုံးကာ ၅ ယောက်ထက်မနည်း ထိခိုက်နိုင်ပြီး စစ်ကြောင်းဟာ ဘုန်းကြီးကျောင်းထဲ ပြန်လည် ဝင်ရောက်သွားတယ်လို့ သိရပါတယ်။
ရွာနားမှာ မနေ့ မနက် ၁၀ နာရီလောက်က ဒေသကာကွယ်ရေးတပ်နဲ့ စစ်ကောင်စီ စစ်ကြောင်း တိုက်ပွဲဖြစ်လို့ လက်နက်ကြီး လက်နက်ငယ်သံတွေ ကြားရတယ်လို့ ဒေသခံက ပြောပါတယ်။
ဒီဇင်ဘာ ၁၈ ရက် မနက်ပိုင်းမှာ စစ်ကောင်စီ စစ်ကြောင်းက မီးရှို့ ဖျက်ဆီးခဲ့လို့ နေအိမ် ၆၀ ကျော် လောက် မီးလောင်ဆုံးရှုံးခဲ့တယ်လို့ ဆိုပါတယ်။
အိမ်ခြေ ၃၀၀ လောက်ရှိတဲ့ ဗျည်းဘရွာကို ဒီဇင်ဘာ ၁၇ ရက် မနက်ပိုင်းမှာ စစ်ကောင်စီတပ် စစ်ကြောင်း ထိုးလာတာကြောင့် ရွာလုံးကျွတ် ဘေးလွတ်ရာ ထွက်ပြေးနေရပြီး ဇူလိုင် ၂ ရက်က လည်း စစ်ကြောင်းထိုးဝင်ရောက် မီးရှို့ဖျက်ဆီးခဲ့တာကြောင့် အိမ်ခြေ ၆၁ လုံး မီးလောင်ခဲ့ တယ်လို့ သိရပါတယ်။
မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ဗျည်းဘရွာကို ဒီဇင်ဘာ ၁၇ ရက် မနက်ပိုင်းမှာ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလာတာကြောင့် ရွာလုံးကျွတ် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီနေ့ မနက်အစောပိုင်းမှာ စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးတွေပါတဲ့ စစ်ကြောင်းက ပြည်သူတချို့ကို ဖမ်းဆီးကာ လူသားဒိုင်းအဖြစ် အသုံးပြုပြီး လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်ဝင်ရောက်လာတာကြောင့် အိမ်ခြေ ၃၀၀ ကျော်လောက်က ပြည်သူတွေဟာ အဝတ်တထည် ကိုယ်တခုနဲ့ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဗျည်းဘ ကျေးရွာဒေသခံတဦးက ပြောပါတယ်။
ရွာသူရွာသားတွေဟာ ဘေးလွတ်ရာတောတောင်တွေထဲမှာ ဖြစ်သလိုနေထိုင်ကြရပြီး စားနပ်ရိက္ခာနဲ့ သောက်ရေ အလုံအလောက်ပါမလာတာကြောင့် ရှိတာလေးနဲ့ မျှဝေစားသောက်နေရပြီး အကူအညီလိုအပ်နေတယ်လို့ ဆိုပါတယ်။
စစ်ကြောင်းဟာ ရွာထဲက နေအိမ်တွေကို စိတ်ကြိုက်မွှေနှောက်ပြီး ပြည်သူတွေ ပိုင်ဆိုင်တဲ့ ရွှေငွေနဲ့ပစ္စည်း ဥစ္စာတွေနဲ့ ကား ၃ စီးကို ခိုးယူနေကြတယ်လို့ ဒေသခံက ဆိုပါတယ်။
ဗျည်းဘကျေးရွာကို ဇူလိုင် ၂ ရက်ကလည်း စစ်ကောင်စီတပ်က စစ်ကြောင်းထိုးဝင်ရောက်ပြီး မီးရှို့ဖျက်ဆီးခဲ့တာကြောင့် အိမ်ခြေ ၆၁ လုံး မီးလောင်ဆုံးရှုံးခဲ့ရတယ်လို့ သိရပါတယ်။