တနင်္သာရီတိုင်း၊ ထားဝယ်ဒေသ အခြေစိုက်၊ ထားဝယ်ပြောက်ကျားတော်လှန်ရေးတပ်ဖွဲ့ရဲ့ ဗျူဟာမှူး ဖထီးဟာ စစ်ကောင်စီတပ်တွေနဲ့ ရင်ဆိုင်တိုက်ပွဲအတွင်း ကျဆုံးခဲ့တယ်လို့ ထားဝယ်ပြောက်ကျားတော်လှန်ရေးတပ်ဖွဲ့က ဇန်နဝါရီ ၉ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။
ဥသြစစ်ကြောင်းရဲ့ စစ်ကြောင်းမှူးလည်းဖြစ်တဲ့ အသက် ၆၅ နှစ်အရွယ် ဖထီးဟာ ဇန်နဝါရီ ၇ ရက်က စစ်ကောင်စီတပ်တွေနဲ့ ထားဝယ်မြို့နယ် ဝကုန်းကျေးရွာအနီး ဖြစ်ပွားခဲ့တဲ့ ဘဲမတ်တပ်တောင်တိုက်ပွဲမှာ ကျည်ဆန်ထိမှန် ကျဆုံးခဲ့တာလို့ ထားဝယ်ပြောက်ကျားတော်လှန်ရေးတပ်ဖွဲ့ ပြန်ကြားရေးတာဝန်ရှိသူတဦးက ဒီဗွီဘီကို ပြောပါတယ်။
ကျဆုံးသူရဲ့အလောင်းကိုတော့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ ပြန်လည်ရယူနိုင်ခဲ့ပြီး မြေမြှုပ်သင်္ဂြိုဟ်လိုက်ပြီလို့ သိရပါတယ်။
ထားဝယ်-ထီးခီးနယ်စပ် ကားလမ်းမပေါ်မှာရှိတဲ့ ဝကုန်းကျေးရွာနဲ့ အနီးတဝိုက်မှာ ဇန်နဝါရီ ၇ ရက်ကနေ ၉ ရက်အထိ စစ်ကောင်စီတပ်တွေနဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်တွေအကြား တိုက်ပွဲဖြစ်ပွားနေပြီး နှစ်ဖက်စလုံး ထိခိုက်ကျဆုံးမှု ရှိနေပါတယ်။
တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်ကနေ ကျေးရွာတွေထဲကို ပစ်ခတ်တဲ့အပြင် လူနေအိမ်တွေကိုပါ မီးရှို့ဖျက်ဆီးနေတာကြောင့် ရွာခံတွေလည်း ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဒေသခံတဦးက ပြောပါတယ်။
ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကတော့ တိုက်ပွဲပြင်းထန်နေတာကြောင့် ထားဝယ်-ထီးခီးနယ်စပ်ဂိတ် ကားလမ်းမကြီးကို ဖြတ်သန်းအသုံးမပြုကြဖို့လည်း ထုတ်ပြန်ထားပါတယ်။
ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ စစ်ကောင်စီတပ်က ဗျူဟာမှူးအပါဝင် တပ်ဖွဲ့ဝင် ၁၀ ဦးလောက် လိုက်ပါလာတဲ့ စက်လှေတစီးကို မတ် ၁၁ ရက်နေ့ မနက်ပိုင်းမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF က တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
စစ်ကိုင်းတိုင်း ကသာမြို့နယ် ချောင်းဝကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်က ဗန်းမော်မြို့ကို ရေယာဉ်နဲ့ ထွက်လာစဉ် ရွှေကူမြို့နယ် သာယာကုန်းကျေးရွာအနီး ပစ်ခတ်ခံခဲ့ရတာလို့ ဒေသခံတွေက ပြောပါတယ်။
“မနက် ၁၀ နာရီခွဲလောက် စစ်တပ်က စက်လှေနဲ့ ဗန်းမော်ဘက်ကို ထွက်လာတုန်း ပစ်ခံရတာ။ သူတို့ဘက်ကတော့ ၁၀ ဦးလောက်ရှိမယ်။ အပစ်ခံရတော့ ရေထဲခုန်ချသွားတယ်၊ ပစ်တာခတ်တာက သိပ်မကြာဘူး ၁၀ မိနစ်လောက်ပါပဲ” လို့ ဒေသခံတဦးက ပြောပါတယ်။
ပစ်ခတ်ခံရတဲ့ စက်လှေပေါ်မှာ စစ်ကောင်စီဘက်က ဗျူဟာမှူး ၁ ဦး၊ သုံးပွင့်ဗိုလ်နှစ်ဦးအပါအဝင် အင်အား ၁၀ ဦးလောက် လိုက်ပါလာတာဖြစ်ပြီး ထိခိုက်ကျဆုံးမှုအခြေအနေကို မသိရသေးဘဲ PDF တွေဘက်ကတော့ အကျအဆုံး မရှိဘူးလို့ သိရပါတယ်။