ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်ဟာ ဘုရင်မကြီး အဲလိစဘက် ထီးနန်းသက် နှစ် ၇၀ ပြည့် အခမ်းအနား အကြိုအဖြစ် မေ ၂၆ ရက်က ဂုဏ်ပြုစကား ပြောကြားခဲ့ပါတယ်။
သက်တော် ၉၆ နှစ်ရှိပြီဖြစ်တဲ့ ဘုရင်မကြီးရဲ့ ထီးနန်းသက်ဟာ ဖေဖော်ဝါရီမှာ အနှစ် ၇၀ ပြည့်ခဲ့ပြီး လေးရက်တာ နိုင်ငံတော်အခမ်းအနားကို ဒီရက်ပိုင်း ကျင်းပဖို့ ရှိပါတယ်။
ဘက်ကင်ဟမ်နန်းတော် အပြင်ဘက်မှာ ကျေးဇူးတော် ချီးမွမ်းတဲ့ အခမ်းအနား၊ ဂီတပွဲတော်တွေကို ဇွန် ၂ ရက်ကနေ ၅ ရက်အထိ ခြိမ့်ခြိမ့်သဲသဲ ကျင်းပဖို့ စီစဉ်ထားပါတယ်။
မေ ၂၆ ရက်က ပြုလုပ်တဲ့ လွှတ်တော်အစည်းအဝေး အစီအစဉ်တွေထဲမှာလည်း နိုင်ငံရေးသမားတွေဟာ ဘုရင်မကြီးအတွက် ချီးကျူးဂုဏ်ပြုတဲ့ မိန့်ခွန်းတွေကို အသီးသီး ပြောကြားခဲ့ကြပါတယ်။
သက်တော်ရှည် ဘုရင်မကြီး အဲလိစဘက်ဟာ ယူနိုက်တက်ကင်းဒမ်း ဗြိတိန်ရဲ့ ဘုရင်မကြီးဖြစ်သလို ကနေဒါ၊ သြစတြေးလျ၊ နယူးဇီလန် အပါအဝင် ဓနသဟာရ နိုင်ငံတွေရဲ့ နိုင်ငံ့ဥသျှောင်လည်း ဖြစ်ပါတယ်။
ခမည်းတော်ဖြစ်တဲ့ ဆဋ္ဌမမြောက် ဂျော့ချ်ဘုရင် နတ်ရွာစံပြီးတဲ့နောက် ၁၉၅၂ ခုနှစ် ဖေဖော်ဝါရီ ၆ ရက်နေ့မှာ နန်းမွေကို ဆက်ခံလာခဲ့တာ ဒီနေ့အချိန်အထိ ဖြစ်ပါတယ်။