close

ဗြိတိန်နိုင်ငံသား

close

July 16, 2022

ယူကရိန်းခွဲထွက်ရေးသမားများ၏ ဖမ်းဆီးခြင်းခံရသူ ဗြိတိန်နိုင်ငံသား ဒွန်းနက်စ်၌ သေဆုံး

ယူကရိန်းမှာ ရုရှားကျောထောက်နောက်ခံပြု ခွဲထွက်ရေးသမားတွေက ဖမ်းဆီးတာခံရပြီး နိုင်ငံခြား ကြေးစား စစ်သားအဖြစ် စွပ်စွဲခံရတဲ့ ဗြိတိန်နိုင်ငံသားတစ်ဦး သေဆုံးသွားကြောင်း ကိုယ်ပိုင်နိုင်ငံတော်လို့ ကြွေးကြော်ထားတဲ့ ဒွန်းနက်စ်ပြည်သူ့ သမ္မတ နိုင်ငံ-ဒီပီအာရ် မှ တာဝန်ရှိသူ တစ်ဦးက ဇူလိုင် ၁၅ ရက်မှာ ပြောကြားခဲ့ပါတယ်။ 

အသက် ၄၅ နှစ်အရွယ် ပေါလ် ယူရေးရဲ့ သေဆုံးမှုကို ဗြိတိန်ပရဟိတ အဖွဲ့တစ်ခုက လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဝန်ထမ်းတစ်ဦး လို့ ဖော်ပြထားပြီး သူ့မှာ စစ်ရေးနောက်ခံ မရှိကြောင်း ငြင်းဆိုထားပါတယ်။ 

ပေါလ် ယူရေးဟာ ရုရှားထိန်းချုပ်နယ်မြေကနေ ထွက်ခွာပြီး ဗြိတိန်နိုင်ငံကို ခရီးသွားဖို့ ခွင့်ပြုချက်ရထားတဲ့ အမျိုးသမီးတစ်ဦးကို ကူညီပေးဖို့လုပ်ဆောင်နေချိန် ဧပြီလနှောင်းပိုင်းက ယူကရိန်းအရှေ့တောင်ပိုင်းမှာ ဖမ်းဆီးခံခဲ့ရတာဖြစ်ကြောင်း Presidium Network မှ စစ်ဆင်ရေးဒါရိုက်တာ Dominik Byrne က ပြောကြားခဲ့ပါတယ်။ 

DPR ခွဲထွက်ရေးသမားတွေဟာ သူ့ကို စစ်ဆေးရေးဂိတ်မှာ ရပ်ခိုင်းပြီး ဖမ်းဆီးလိုက်ကာ နိုင်ငံခြားကြေးစား စစ်သား လှုပ်ရှားမှုတွေ လုပ်ဆောင်တယ်လို့ စွဲချက်တင်ခဲ့ပါတယ်။

ဗြိတိန်နိုင်ငံခြားရေးရုံးက ယူရေးရဲ့ မိသားစုကို သေဆုံးကြောင်း အကြောင်းကြားခဲ့တယ်လို့ Presidium Network က ပြောပါတယ်။ 

နိုင်ငံခြားရေးရုံးမှ မှတ်ချက်ကိုတော့ ချက်ခြင်းမရရှိခဲ့ပါဘူး။ 

ယူရေးဟာ ဆီးချိုရောဂါ နဲ့ အသက်ရှူလမ်းကြောင်း၊ ကျောက်ကပ်နဲ့ နှလုံးသွေးကြောဆိုင်ရာ ပြဿနာတွေ ခံစားနေရကြောင်း DPR မှာ လူ့အခွင့်အရေး စောင့်ကြည့်ရေးမှူး ရာထူး ရရှိထားတဲ့ ဒါရီယာ မိုရိုဇိုဗာက လူမှုမီဒီယာမှာ ပြောကြားခဲ့ပါတယ်။ 

သူတို့ဘက်ခြမ်းမှာ ရာဇ၀တ်မှု စွဲချက်ပြင်းထန်ပေမယ့်လည်း ပေါလ် ယူရေးကို သင့်လျော်တဲ့ ဆေးဘက်ဆိုင်ရာ အကူအညီတွေ ပေးခဲ့ကြောင်း၊ ဒါပေမယ့် ရောဂါရှာဖွေမှုတွေနဲ့ စိတ်ဖိစီးမှုတွေကြောင့် ဇူလိုင် ၁၀ ရက်မှာ ကွယ်လွန်သွားတာဖြစ်ကြောင်း ပြောဆိုပါတယ်။

 ဗြိတိန်နိုင်ငံခြားရေးရုံး နဲ့ ကြက်ခြေနီအဖွဲ့တို့ဟာ ယူရေး ကို ဖမ်းဆီးထားချိန်မှာ အဝေးကနေ ဖုန်းနဲ့ လူမှုဖူလုံရေးစစ်ဆေးမှုတွေ လုပ်ဆောင်နိုင်ခဲ့ကြောင်း၊ ဒါပေမယ့် သူ့ကိုဖမ်းထားသူတွေကလွဲလို့ တခြားဘယ်သူနဲ့မှ ရုပ်ပိုင်းဆိုင်ရာ ထိတွေ့မှု မရှိခဲ့ကြောင်း Byrne က ပြောပါတယ်။ 

ယူရေးရဲ့ မိသားစုကတော့ သူ့အလောင်းကို ဗြိတိန်ကို ပြန်ပို့ပေးဖို့ DPR ကို တောင်းဆိုထားကြောင်း Byrne က ပြောကြားခဲ့ပါတယ်။ 

21 seconds Ago

February 29, 2020

ကိုရိုနာဗိုင်းရပ်စ်ကြောင့် Diamond Princess သင်္ဘော ခရီးသည်တဦး ထပ်မံသေဆုံး

Diamond Princess အပျော်စီးခရီးသည်တင်သင်္ဘောမှ ဗြိတိန်နိုင်ငံသား ခရီးသည် အမျိုးသား တယောက်ဟာ  ဖေဖော်ဝါရီ ၂၈ ရက်က ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးခဲ့ပြီး စုစုပေါင်းသေဆုံးသူ ၆ ယောက်အထိ ရှိလာပါတယ်။  အဲဒီအမျိုးသားဟာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးတဲ့ ပထမဆုံးဗြိတိန်နိုင်ငံသားဖြစ်ပြီး အဲဒီသင်္ဘောပေါ်မှာ ကူးစက်ခံရသူ ၇၀၀ ကျော် ရှိပါတယ်။  Diamond Princess သင်္ဘောပေါ်က ခရီးသည် ၆ ယောက်အပါအဝင် ဂျပန်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၁၁ ယောက်အထိ ရှိလာပါတယ်။  ဂျပန်တနိုင်ငံလုံးမှာ ကူးစက်ခံရသူကတော့ ၂၃၄ ယောက် ရှိနေပါတယ်။ Covid-19 ဗိုင်းရပ်စ်ကြောင့် ကမ္ဘာတဝှမ်းသေဆုံးသူစုစုပေါင်း  ၂,၉၂၄ ဦး၊ ကူးစက်ခံရသူ ၈၅,၂၀၇ ဦးနဲ့ ပြန်ကောင်းမွန်လာသူကလည်း ၃၉,၅၀၄ ဦး ရှိပါတယ်။  အခုဆိုရင် ကိုရိုနာဗိုင်းရပ်စ်မှာ ကမ္ဘာ့နိုင်ငံနဲ့ နယ်မြေပေါင်း ၆၀ မှာ ကူးစက်ပြန့်ပွားနေပါတယ်။  တရုတ်ပြည်မကြီးမှာ စုစုပေါင်းသေဆုံးသူ ၂,၈၃၅ ဦးရှိပြီး တရုတ်နိုင်ငံပြင်ပ ဒုတိယအများဆုံး သေဆုံးနိုင်ငံကတော့  အီရန် ဖြစ်ပါတယ်။  အီရန်မှာ ဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၃၄ ယောက်ရှိပြီး ကူးစက်ခံရသူ ၃၈၈ ယောက်ရှိပါတယ်။  ကိုရိုနာဗိုင်းရပ်စ်ဟာ အာရှ ၊ ဥရောပ ၊  အမေရိက ၊ အရှေ့အလယ်ပိုင်းနိုင်ငံတွေအပြင် အီဂျစ်၊  အယ်ဂျီးရီးယားနဲ့ နိုက်ဂျီးရီးယား စတဲ့ အာဖရိကနိုင်ငံတွေအထိ ကူးစက် ပျံ့နှံ့နေတယ်လို့ Worldometer ဝက်ဆိုက်မှာ ဖော်ပြထားပါတယ်။ 
2 years Ago
Up