close

ဗြိတိန်ဘုရင်နန်းတက်ပွဲ

close

October 12, 2022

ဗြိတိန်ဘုရင်နန်းတက်ပွဲ လာမည့်နှစ် မေ ၆ ရက်တွင် ကျင်းပမည်

ဗြိတိန်ဘုရင်သစ် ချားလ်စ်ရဲ့ နန်းတက်ပွဲကို လာမယ့် ၂၀၂၃ ခုနှစ်၊ မေလ ၆ ရက်၊ စနေနေ့မှာ လန်ဒန်ရှိ အင်္ဂလန်ဘုရင်တွေ အစဉ်အဆက် ထီးနန်းဆက်ခံ သရဖူဆောင်းတဲ့နေရာဖြစ်တဲ့ ဝက်စ်မင်စတာအက်ဘေးဘုရားကျောင်းကြီးမှာ ကျင်းမယ်လို့ ဘက်ကင်ဟမ်နန်းတော်က အောက်တိုဘာ ၁၁ ရက်မှာ ကြေညာပါတယ်။

Canterbury ဂိုဏ်းချုပ်ကနေ ကြီးမှူးကျင်းပပေးမှာဖြစ်တဲ့ ထီးနန်းဆက်ခံပွဲမှာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁,၀၀၀ ကျော်က ဘိသိက်ခံဘုရင်တွေ ဘိသိက်ခံရာမှာ အသုံးပြုတဲ့ ရိုးရာအစဉ်အလာ ထုံးတမ်းအတိုင်း အခမ်းအနားကျင်းပပြီး သရဖူအပ်နှင်းမယ်လို့ သိရပါတယ်။

အခမ်းအနားမှာ တတိယမြောက်ချားလ်စ်ဘုရင်မင်းရဲ့ နံဘေးမှာ ကြင်ယာတော် မိဖုရားလည်း အတူရှိနေမယ်လို့ ဆိုပါတယ်။

နန်းတက်ပွဲဟာ ဒီနေ့ခေတ် ရှင်ဘုရင်ရဲ့ အခန်းကဏ္ဍကို ထင်ဟပ်စေပြီး ကာလရှည်ကြာ ခိုင်မာမြဲမြံနေတဲ့ ရိုးရာထုံးတမ်းဓလေ့တွေနဲ့ အစဉ်အလာ အခမ်းအနားတွေနဲ့အညီ အနာဂတ်ကို ဦးတည်မှာဖြစ်ကြောင်းလည်း နန်းတော်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

တတိယမြောက် ချားလ်စ်ဘုရင်ဟာ အင်္ဂလန်ထီးနန်း ရာဇဝင်မှာ ၄၁ ယောက်မြောက် ဘုရင်ဖြစ်ပြီး သူဟာ သရဖူဆောင်းရမယ့် အသက်အကြီးဆုံးဘုရင် ဖြစ်လာမှာပါ။

၁၉၅၃ ခုနှစ် ဇွန်လ ၂ ရက်က သူ့မိခင် အဲလိဇဘက်ဘုရင်မကြီးရဲ့ နန်းတက်ပွဲ ကျင်းပခဲ့တုန်းက ခင်ပွန်းဖြစ်သူ ဖိလစ်မင်းသားကြီးရဲ့ တွန်းအားပေးမှုအရ ရုပ်မြင်သံကြားကနေ ပထမဆုံး ထုတ်လွှင့်ခဲ့ပါတယ်။

ဗြိတိန်မီဒီယာတွေကတော့ ချားလ်စ်ဘုရင်ဟာ တိုင်းပြည်မှာ လူနေမှုစရိတ်တွေ အကျပ်အတည်းနဲ့ ရင်ဆိုင်နေရချိန်ကို သတိပြုမိပြီး ကြုံကြိုက်လာတဲ့ နန်းတက်ပွဲကာလမှာ ထုံးတမ်းစဉ်လာ ကြီးကျယ်ခမ်းနားမှုတချို့ကို လျှော့ချလိုကြောင်း ဖော်ပြထားကြပါတယ်။

4 mins Ago
Up