ကမ္ဘာ့နိုင်ငံအသီးသီးက ခေါင်းဆောင်တွေ၊ နိုင်ငံတကာအဖွဲ့အစည်း အသီးသီးက ဘုရင်မကြီး ကွယ်လွန်သွားတဲ့အပေါ် ဝမ်းနည်းပူဆွေး နှမြောတသ ဖြစ်ရကြောင်း ထုတ်ဖော်ပြောထားပါတယ်။ ဘုရင်မကြီးရဲ့ဈာပနာအခမ်းအနားအတွက် အသေးစိတ် အစီအစဉ်တွေကို အတည်မပြုရသေးပါဘူး။
ဘုရင်မကြီး အဲလိဇဘက်ကွယ်လွန်ချိန်ဟာ ဗြိတိန်မှာ အစိုးရအဖွဲ့ခေါင်းဆောင် အပြောင်းအလဲ ဖြစ်နေချိန်နဲ့လည်း တိုက်ဆိုင်ပါတယ်။ ဝန်ကြီးချုပ်အသစ်ဖြစ်တဲ့ လဇ်ထရက်စ်က ဝန်ကြီးချုပ် ရုံးခန်းမှာ မိန့်ခွန်းပြောကြားရာမှာ ဘုရင်မကြီး မမျှော်လင့်ဘဲ ကွယ်လွန်သွားတဲ့အတွက် တတိုင်းပြည်လုံး ပူဆွေးသောကနဲ့ ထိတ်လန့်အံ့သြရတယ်လို့ ပြောသွားပါတယ်။
ဘုရင်မကြီး အဲလိဇဘက်ဟာ ခေတ်သစ် ဗြိတိန်နိုင်ငံကို ပန္နက်တင်ပေးထားတဲ့ အုတ်မြစ်ကျောက်သားဖြစ်တယ်လို့လည်း ဝန်ကြီးချုပ် ထရက်စ်က တင်စားပြောပါတယ်။ ပုဂ္ဂိုလ်ရေးအရလည်း အလွန် လေးစားရသူဖြစ်တယ်လို့လည်း ဆိုပါတယ်။
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယိုဂိုတာရက်စ်ကလည်း ဝမ်းနည်းတဲ့အကြောင်း ကြေညာချက်တစောင် ထုတ်ပြန်ပါတယ်။
ယူကေနဲ့ မြောက်အိုင်ယာလန်ကို စိုးစံတဲ့ ဘုရင်မကြီး ကွယ်လွန်သွားတဲ့အတွက် အလွန် စိတ်ထိခိုက် ဝမ်းနည်းရတဲ့အကြောင်းနဲ့ တော်ဝင်မိသားစု၊ ဗြိတိန်အစိုးရနဲ့ ပြည်သူတို့နဲ့ ထပ်တူ၊ ဓနသဟာရ နိုင်ငံတွေ နည်းတူ ဝမ်းနည်းတဲ့အကြောင်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။
ဘုရင်မကြီးဟာ ဂုဏ်ကျက်သရေ၊ ဂုဏ်သိက္ခာဟာ မြင့်မားသလောက် တကမ္ဘာလုံးက လေးစားရသူဖြစ်တယ်လို့လည်း ဖော်ပြထားပါတယ်။
ဘုရင်မကြီးဟာ ကမ္ဘာမှာ အပြောင်းအလဲ ဖြစ်ပေါ်တဲ့အချိန်၊ ဗြိတိသျှနေမဝင် အင်ပါယာကြီးထဲကနေ အာဖရိကနဲ့ အာရှနိုင်ငံတွေ လွတ်လပ်ရေးရယူချိန်၊ ဓနသဟာရ နိုင်ငံ ပေါ်ပေါက်ချိန်တို့နဲ့ အမှတ်အသား ပြုရမှာ ဖြစ်ပါတယ်။
ဥရောပ ကော်မရှင် ဥက္ကဋ္ဌ လီယန်းကလည်း ဘုရင်မကြီး အနိစ္စရောက်သွားတဲ့ အတွက် ဝမ်းနည်းတဲ့အကြောင်း ဆိုရှယ်မီဒီယာပေါ်မှာ ရေးသားထားပါတယ်။
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နဲ့ သမ္မတကတော်တို့ကလည်း ဘုရင်မကြီး အဲလိဇဘက်ဟာ ခေတ်တခေတ်ရဲ့ ပြယုဂ်ဖြစ်တယ်လို့ ကြေညာချက်ထုတ်ပြန်ပါတယ်။
ဗြိတိန် ပြည်သူတွေနဲ့ အတူ ဝမ်းနည်းတဲ့အကြောင်းနဲ့ ဘုရင်မကြီးဟာ ယူကေနဲ့ အမေရိကန်ပြည်ထောင်စုတို့ကြား နီးကပ်တဲ့ မဟာမိတ်ဆက်ဆံရေးကို ပိုမို ခိုင်မာစေသူအဖြစ် ကြေညာချက်မှာ ဖော်ပြပါတယ်။ ဘုရင်မကြီးကို ဆက်ခံမယ့် ဘုရင်သစ် ချားလ်နဲ့ မိဖုရားတို့လည်း နီးကပ်တဲ့ ဆက်ဆံရေးရှိဖို့ မျှော်လင့်တဲ့အကြောင်းလည်း သမ္မတ ဘိုင်ဒင်တို့ ဇနီးမောင်နှံက ပြောပါတယ်။
ပြင်သစ် သမ္မတ အီမန်နူးရယ် မက်ခရွန်းကလည်း ဆိုရှယ်မီဒီယာပေါ်မှာ ဝမ်းနည်းကြောင်း ရေးသားထားပါတယ်။ ဘုရင်မကြီးဟာ ဗြိတိန်ရဲ့ တည်ရှိမှုနဲ့ ညီညွတ်မှုကို ခိုင်မာစေသူ ဖြစ်တယ်လို့ ဆိုပါတယ်။
ဓနသဟာရနိုင်ငံထဲမှာ ပါဝင်တဲ့ ကနေဒါနိုင်ငံရဲ့ ဝန်ကြီးချုပ် ထရူဒိုကလည်း သူဝမ်းနည်းရတဲ့အကြောင်း ဆိုရှယ် မီဒီယာပေါ်မှာ ရေးသားထားပါတယ်။ ကနေဒါရဲ့ သမိုင်းမှာ ဘုရင်မကြီး ပါဝင်ခဲ့တဲ့ အရေးကြီးတဲ့ အခန်းကဏ္ဍကို အမြဲသတိရ အောက်မေ့နေမယ့်အကြောင်း ရေးသားထားပါတယ်။
ဘုရင်မကြီး အဲလိဇဘက်ဟာ ၁၉၅၃ ခုနှစ် ခမည်းတော် ဆဋ္ဌမ ဂျော့ချ်ဘုရင် နတ်ရွာစံပြီး၊ နောက်တနှစ်မှာ ဗြိတိသျှထီးနန်းမွေကို ဆက်ခံခဲ့ပါတယ်။ အသက် ၂၅ နှစ်မှာ နန်းတက်ခဲ့တဲ့ ဘုရင်မကြီးဟာ မကွယ်လွန်ခင် အထိ ကမ္ဘာ့မှာ သက်တမ်းအရှည်ကြာဆုံး နိုင်ငံ ဦးသျှောင် ဘုရင်မ ဖြစ်ခဲ့ပါတယ်။
ဗြိတိန်ဘုရင်မကြီးကွယ်လွန်သွားခဲ့တာကြောင့် ပရီးမီးယားလိဂ်ဘောလုံး ပွဲစဉ်တွေကို ရွှေ့ဆိုင်းသွားရဖို့ ရှိနေပါတယ်။
ဗြိတိန်ဘုရင်မကြီး အဲလိဇဘက် (၂) ဟာ စက်တင်ဘာ ၈ ရက် ကြာသပတေးနေ့က ကွယ်လွန်သွားခဲ့ပြီး သောကြာနေ့မှာ ကစားမယ့် ချန်ပီယံရှစ်ပွဲစဉ်နဲ့ အောက်တန်းလိဂ်ပွဲတွေကို ပွဲရွှေ့ဆိုင်းခဲ့ပါတယ်။
အာဆင်နယ်နဲ့ မန်ယူတို့ရဲ့ ယူရိုပါလိဂ်ပွဲစဉ်တွေနဲ့ ဝက်စ်ဟမ်းအသင်းရဲ့ ယူရိုကွန်းဖရန့်လိဂ်ပွဲစဉ်တွေကတော့ ဆက်ကစားခဲ့ပေမယ့် ဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် တစ်မိနစ်ငြိမ် သက်ပေးခဲ့ကြပါတယ်။
စနေနေ့မှာစတင်မယ့် ပရီးမီးယားလိဂ်ပွဲစဉ်တွေကိုလည်း ရွှေ့ဆိုင်းသွားမှာဖြစ်ပြီး ဗြိတိန်နိုင်ငံအတွင်းက တခြားသော အားကစားပွဲစဉ်တွေကိုလည်း ရွှေ့ဆိုင်းခဲ့ပါတယ်။
ဒါ့အပြင် အာဆင်နယ်၊ မန်ယူနဲ့ ပရီးမီးယားလိဂ်ကလပ်တွေ၊ ဘောလုံးသမားတွေဟာလည်း ဘုရင်မကြီးကွယ်လွန်ခဲ့တဲ့အပေါ် အားလုံးနဲ့ ထပ်တူကြေကွဲဝမ်းနည်းရကြောင်း လူမူကွန်ယက်စာမျက်နှာတွေကနေ ထုတ်ပြန်ခဲ့ကြပါတယ်။
ရီးရဲလ်မက်ဒရစ်အသင်းနဲ့အတူ ချန်ပီယံလိဂ်ဆုဖလား ၅ ကြိမ်ရရှိခဲ့တဲ့ ဂါရတ်ဘေးလ်ဟာ ဗြိတိန်ဘုရင်မကြီးရဲ့ ဂုဏ်ထူးဆောင်ဘွဲ့တစ်ခုဖြစ်တဲ့ MBE ဘွဲ့ချီးမြှင့်ခံခဲ့ရပါတယ်။
ဝေးလ်လက်ရွေးစင် အသင်းခေါင်းဆောင် ဂါရတ်ဘေးလ်ဟာ ဗြိတိန်ကစားသမားတွေထဲမှာ ချန်ပီယံလိဂ် ဆုဖလားကို ၅ ကြိမ်အထိရယူနိုင်တဲ့ ပထမဆုံးကစားသမားအဖြစ် မှတ်တမ်းဝင်ထားတာပါ။
ဘောလုံးနဲ့ အတူအောင်မြင်မှုရခဲ့တဲ့အပြင် ပရဟိတလုပ်ငန်းတွေမှာ ထူးချွန်စွာ လုပ်ဆောင်နိုင်ခဲ့တာကြောင့် Member of the Order of the British Empire လို့ခေါ်တဲ့ MBE ဂုဏ်ထူးဆောင်ဘွဲ့ရရှိခဲ့တာပါ။
ဗြိတိန်ဘုရင်မကြီးရဲ့မွေးနေ့မှာ MBE ဘွဲ့ချီးမြှင့်ခံခဲ့ရတာဟာ မိမိနဲ့ မိသားစုဝင်တွေအတွက် အလွန် ဂုဏ်ယူစရာအခိုက်အတန့်ဖြစ်ကြောင်း၊ ဘောလုံးသမားဘဝကို အသက် ၉ နှစ်ကတည်းက စတင်ခဲ့ တာဖြစ်လို့ ဘောလုံးက ဘဝတစ်ခုစလုံးကို ကိုယ်စားပြုပြီး ဘုရင်မကြီးရဲ့အသိအမှတ်ပြုမှုအပေါ် ကျိုးနွံစွာနဲ့ လက်ခံကြောင်း ဂါရတ်ဘေးလ်ကပြောပါတယ်။
ဗြိတိန် ဘောလုံးလောကမှာ MBE ဘွဲ့ရရှိသူ အများအပြားရှိပြီး အာဆင်နယ်ဂန္ထဝင်တွေဖြစ်ကြတဲ့ တိုနီအဒမ်၊ အီယန်ရိုက်၊ လီဗာပူးဂန္ထဝင် စတီဗင်ဂျရတ်၊ ဂျွန်ဘန်းစ်တို့အပြင် ဒေးဗစ်ဘတ်ခမ်း၊ ဟာရီကိန်းနဲ့ ရက်ရှ်ဖို့ဒ်တို့ဟာလည်း MBE ဘွဲ့လက်ခံရရှိထားပါတယ်။
ဂါရတ်ဘေးလ်နဲ့အတူ လီဗာပူးကွင်းလယ်လူ ဂျိမ်းစ်မီနာဟာလည်း MBE ဘွဲ့လက်ခံရရှိခဲ့ပြီး မန်ယူနောက်ခံလူဟောင်းဖာဒီနန်က OBE ဘွဲ့ ချီးမြှင့်ခြင်းခံခဲ့ရပါတယ်။