ဗြိတိန်ကွန်ဆာဗေးတစ် ခေါင်းဆောင်နေရာအတွက် ဝင်ရောက်ယှဉ်ပြိုင်သူတွေထဲမှာ ဘဏ္ဍာရေး ဝန်ကြီးဟောင်း ရီရှီး ဆူနာ့ခ်နဲ့ လက်ရှိ နိုင်ငံခြားရေးဝန်ကြီးတို့ လစ်ထရက်စ်တို့ နှစ်ယောက်ရဲ့ ပြိုင်ဆိုင်မှုက အရှိန်မြင့်လာနေပါတယ်။
နာမည်ပျက်စရာကိစ္စတွေ ဆက်တိုက်ပေါ်ပေါက်ပြီးနောက် ရာထူးကနေ နုတ်ထွက်တော့မယ့် ဘောရစ်ဂျွန်ဆင်နေရာမှာ အစားထိုးဖို့ ပါတီတွင်း ပြိုင်ပွဲကို ရုပ်မြင်သံကြား စကားစစ်ထိုးပွဲတွေ ကနေ ပြည်သူတွေက အကဲခတ်ခွင့် ရကြပါတယ်။
အကြိုစစ်တမ်းတွေမှာတော့ လက်ရှိ နိုင်ငံခြားရေးဝန်ကြီးက ပါတီဝင်တွေကြားမှာ လူကြိုက်များ နေသူဖြစ်နေပြီ စကားပြောကောင်းတဲ့ ဘဏ္ဍာရေးဝန်ကြီးဟောင်းကတော့ ရုပ်မြင်သံကြား ဒီဘိတ်တွေကို အားပြုပြီး သူ့အပေါ် ထောက်ခံမှုများလာဖို့ မျှော်လင့်နေပါတယ်။
အာဏာရပါတီရဲ့ ခေါင်းဆောင်နဲ့ ဗြိတိန်ဝန်ကြီးချုပ်အသစ် ဘယ်သူ ဖြစ်လာမလဲဆိုတဲ့ မဲရလဒ်တွေကိုတော့ လာမယ့် စက်တင်ဘာ ၅ ရက်နေ့ ကြေညာဖို့ ရှိပါတယ်။
ဗြိတိန်ဘဏ္ဍာရေးဝန်ကြီးဟောင်း ရိရှိ ဆူနာ့ခ်ဟာ ကွန်ဆာဗေးတစ်ပါတီခေါင်းဆောင်နဲ့ ၀န်ကြီးချုပ်အဖြစ် ဘောရစ်ဂျွန်ဆင် နေရာကို ဆက်ခံဖို့ ဒုတိယအကြိမ်မဲအများဆုံးရခဲ့ပါတယ်။
ကွန်ဆာဗေးတစ်ပါတီက ဝန်ကြီးချုပ်လောင်း ၅ ယောက်ဟာ ရုပ်မြင်သံကြား စကားစစ်ထိုးပွဲမှာ နိုင်ငံကို ဘယ်လို ဦးဆောင်မလဲဆိုတာကို အချေအတင် ငြင်းခုံခဲ့အပြီး ကိုယ်စားလှယ် လောင်းတဦးကို ဇူလိုင် ၁၄ ရက်က ဖယ်ရှားခဲ့ပါတယ်။
ဆူနာ့ခ်ဟာ ၁၀၁ မဲနဲ့ ထိပ်ဆုံးမှာ ရပ်တည်နေပြီး အငယ်တန်း ကုန်သွယ်ရေးဝန်ကြီး ပန်နီ မောဒွန့်ထ် က ၈၃ မဲ၊ နိုင်ငံခြားရေးဝန်ကြီး လစ်ဇ် ထရက်စ်က ၆၄ မဲ ရခဲ့ကြပါတယ်။ ရှေ့နေချုပ် ဆူဝယ်လာ ဘရေဗာမဲန်း ကတော့ ထောက်ခံမဲ ၂၇ မဲရပြီး ဖယ်ရှားခံခဲ့ပါတယ်။
လွှတ်တော်အမတ် တွမ် တူဂန်ထာ့ဒ်က ၃၂ မဲနဲ့ တန်းတူညီမျှရေး ဝန်ကြီး ခါမီ ဘာဒင်နော့ချ်က ၄၉ မဲ အသီးသီးရခဲ့ကြပါတယ်။
သူတို့ထဲက ဘယ်သူပဲ ဝန်ကြီးချုပ် ဖြစ်လာပါစေ၊ တိုင်းပြည်မှာ ငွေကြေးဖောင်းပွမှုနဲ့ စီးပွားရေး နှေးကွေးမှုတို့ကတော့ စောင့်ကြိုနေပါတယ်။
ဝန်ကြီးချုပ် ဂျွန်ဆင်လက်ထက် နာမည်ပျက်စရာ၊ သိက္ခာကျစရာ ဇာတ်လမ်းတွေ တသီတတန်းကြီး ပေါ်ပေါက်ခဲ့တာကြောင့်လည်း ကွန်ဆာဗေးတစ် ခေါင်းဆောင်ပိုင်းအပေါ် လူထုထောက်ခံမှုလည်း ကျဆင်းနေပါတယ်။
ရှေ့သုံးရက်မှာ ဝန်ကြီးချုပ်လောင်း တယောက်စီဟာ ပြိုင်ပွဲကနေ ထွက်ရမှာပါ၊ နောက်ဆုံး ကျန်တဲ့ ၂ ယောက်ကို ကွန်ဆာဗေးတစ် ပါတီဝင်တွေက မဲပေးရွေးချယ်ပြီးရင် ဘယ်သူ ဝန်ကြီးချုပ် ဖြစ်လာမလဲဆိုတာကို စက်တင်ဘာ ၅ ရက်နေ့ ကြေညာမှာ ဖြစ်ပါတယ်။