မြန်မာနိုင်ငံဟာ ကမ္ဘာမှာ အရပ်သားပြည်သူ အသေအပျောက် ဒုတိယအများဆုံးနိုင်ငံ ဖြစ်နေပြီး မြန်မာပြည်သူလူထုအနေနဲ့ ထိရောက်တဲ့ တိုးတက်ပြောင်းလဲလာမှုကို အမြန်ဆုံး လိုအပ်နေတယ်လို့ ကုလသမဂ္ဂဆိုင်ရာ ဗြိတိန်နိုင်ငံသံအမတ် ဘာဘရာ ဝုဒ်ဝါ့ဒ်က ပြောလိုက်ပါတယ်။
“မြန်မာပြည်သူလူထုဟာ ဆိုးရွားတဲ့ဒုက္ခတွေကို ရင်ဆိုင်ကြုံတွေ့နေရတာ အချိန်အရမ်းကြာမြင့်နေပါပြီ။ မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်မှာ အရပ်သားပြည်သူ အသေအပျောက် ဒုတိယအများဆုံးနိုင်ငံ ဖြစ်နေပါပြီ။ မြန်မာပြည်သူလူထုအနေနဲ့ ထိရောက်တဲ့ တိုးတက်ပြောင်းလဲလာမှုကို အမြန်ဆုံးလိုအပ်နေပါတယ်။”
ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အစည်းအဝေး မတိုင်ခင်မှာ သတင်းမီဒီယာတွေကို ပြောကြားလိုက်တာဖြစ်ပြီး မြန်မာပြည်သူလူထုကို ကူညီကာကွယ်ပေးဖို့အတွက် ကုလသမဂ္ဂ လုံခြုံရေးကောင်စီအနေနဲ့ အခုထက်ပိုပြီး ထိထိရောက်ရောက် ဆောင်ရွက်သင့်ကြောင်းလည်း သူက တိုက်တွန်းခဲ့တာပါ။
မြန်မာအာဏာသိမ်းစစ်တပ်ရဲ့ အကြမ်းဖက်မှုတွေ ရပ်တန့်ရေးအတွက် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နဲ့ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးတို့ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၇ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။
NUG နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်ဟာ ဗြိတိန် နိုင်ငံခြားရေးဝန်ကြီး ဂျမ်းစ်ကလယ်ဗာလီနဲ့ လန်ဒန်မြို့ရှိ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးရုံးမှာ ဖေဖော်ဝါရီ ၆ ရက် ဗြိတိန်စံတော်ချိန် ညနေ ၃ နာရီခွဲမှာ တွေ့ဆုံဆွေးနွေးခဲ့ကြတာဖြစ်ပြီး အဆိုပါဆွေးနွေးပွဲမှာ မြန်မာပြည်အရေးနဲ့စပ်လျဥ်းပြီး နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေး၊ အကြမ်းဖက်စစ်အုပ်စုရဲ့ အကြမ်းဖက်မှုတွေ ရပ်တန့်နိုင်ဖို့ ဆောင်ရွက်နိုင်ရေး၊ လူနည်းစု လူမျိုးများအရေးနဲ့ တခြား အကြောင်းအရာတွေ ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံမှာတော့ အကြမ်းဖက်စစ်အုပ်စုက မတရားအာဏာသိမ်းယူခဲ့ပြီးချိန်က စတင်ကာ အမျိုးသမီး အယောက် ၄၄၀ ကျော် အပါအဝင် ပြည်သူ ၃,၁၂၀ ကျော်ကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့ပြီး အထူးသဖြင့် အမျိုးသမီးဆန္ဒပြသူတွေကို ဦးခေါင်းတည့်တည့်ချိန်ကာ ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်သတ်ဖြတ်ခဲ့တယ်လို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောထားပါတယ်။
အကြမ်းဖက်စစ်အုပ်စုဟာ မတရားဖမ်းဆီး ထိန်းချုပ်ခံရသူတွေထဲက ၁၄၅ ယောက်ကျော်ကို စစ်ကြောရေးမှာ သတ်ဖြတ်ခဲ့ပြီး တခြားဖမ်းဆီးထိန်းသိမ်းခံထားရသူ အယောက် ၈၄၀ ကျော်ကိုလည်း သတ်ဖြတ်ခဲ့တဲ့အပြင် ပြီးခဲ့တဲ့ ၂ နှစ်တာ ကာလအတွင်းမှာ အိမ်ခြေ ၆၂,၀၀၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့ပြီး အပြစ်မဲ့ပြည်သူ မြောက်မြားစွာကိုလည်း လေကြောင်းကတဆင့် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ရက်ပိုင်းကလည်း တာတိုင်ရွာနဲ့ နန့်နိမ်းရွာတို့မှာ ဖြစ်ပွားခဲ့တဲ့ လူအစုလိုက်အပြုံလိုက် သတ်ဖြတ်မှု အပါအဝင် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု စုစုပေါင်း ၆၀ ကျော်ကို ကျူးလွန်ခဲ့တယ်လို့ ဦးကျော်မိုးထွန်းက ပြောပါတယ်။
လတ်တလောမှာတော့ အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ်ဖမ်းဆီး တိုက်ခိုက်သတ်ဖြတ်နေမှုတွေကို ပြည်သူတရပ်လုံးက အသက်ရှင်သန်ရေး အတွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ခုခံစစ်ကို ဆင်နွှဲနေကြပြီး နိုင်ငံတဝန်းမှာတော့ မြန်မာပြည်သူတွေဟာ စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်မှ အပြီးတိုင်ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးအတွက် ငြိမ်းချမ်းစွာဆန္ဒပြတဲ့ လူထုသပိတ် တိုက်ပွဲတွေ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေအနှံ့အပြား ပြုလုပ်နေကြသလို ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေ၊ တိုင်းရင်းသား လက်နက်ကိုင်တပ်တွေနဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။
မြန်မာစစ်တပ်ဟာ တရားဝင်မှုအလျဉ်းမရှိတဲ့ ရာဇဝတ်စစ်တပ်မျှသာဖြစ်ပြီး မြန်မာစစ်တပ်ရဲ့ တရားမဝင် စစ်အာဏာသိမ်းမှုလုပ်ရပ်ဟာ နိုင်ငံတော်အစိုးရနဲ့ တိုင်းပြည်အပေါ် သစ္စာဖောက်ခြင်းသာဖြစ်တယ်လို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောကြားလိုက်ပါတယ်။
မြန်မာ့လူ့အခွင့်အရေးဆိုင်ရာအထူးအစီရင်ခံစာတင်သွင်းသူ တွမ်အန်ဒရူးက မြန်မာစစ်တပ်ရဲ့ တရားမဝင်မှုနဲ့ ပတ်သက်တဲ့ စာတမ်းမိတ်ဆက်တဲ့ အစီအစဉ်ကို နယူးယောက်မြို့၊ ကုလသမဂ္ဂဌာနချုပ်မှာ ဇန်နဝါရီလ ၃၁ ရက်က ကျင်းပစဉ် မြန်မာသံအမတ်ကြီးက ပြောကြားခဲ့တာပါ။
မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ် တွမ်အန်းဒရူးစ်ဟာ “တရားမဝင် ဥပဒေမဲ့သော - မြန်မာနိုင်ငံရဲ့ အစိုးရအဖြစ် စစ်တပ်ရဲ့ အဆိုပြုချက်နဲ့ နိုင်ငံတကာတုံ့ ပြန်မှုတွေအပေါ် လေ့လာဆန်းစစ်ခြင်း”ဆိုတဲ့ အမည်နဲ့ အစီရင်ခံစာတစ်စောင်ကို မကြာခင်ကမှ တင်သွင်းခဲ့ပါတယ်။
တရားဝင် ရွေးကောက်တင်မြှောက်ခြင်း မခံရတဲ့ မြန်မာစစ်တပ်အနေနဲ့ ဒီမိုကရေစီ နည်းကျ တရားဝင်ရွေးကောက်တင်မြှောက်ထားတဲ့ နိုင်ငံတော်သမ္မတကို အင်အားသုံးဖမ်းဆီးထိန်းချုပ် ထားဖို့ ဘယ်ဖွဲ့စည်းပုံအခြေခံဥပဒေစည်းမျဉ်း ဒါမှမဟုတ် ပြဋ္ဌာန်းဥပဒေတို့ကမှ ခွင့်ပြုထားခြင်း မရှိကြောင်း၊ မြန်မာစစ်တပ်ရဲ့ တရားမဝင် စစ်အာဏာသိမ်းမှုလုပ်ရပ်ကို နိုင်ငံတော်အစိုးရနဲ့ တိုင်းပြည်အပေါ် သစ္စာဖောက်ခြင်းလို့စာ အဓိပ္ပါယ်ဖွင့်ဆိုနိုင်မယ်လို့ သံအမတ်ကြီးက ပြောပါတယ်။
မတရားအာဏာသိမ်းထားတဲ့ စစ်တပ်အနေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေအရ သော်လည်းကောင်း၊ ဒီမိုကရေစီနည်းလမ်းကျ သော်လည်းကောင်း တရားဝင်မှု မရှိတဲ့အပြင် မြန်မာပြည်သူကိုလည်း ကိုယ်စားမပြုဘူးလို့လည်း သံအမတ်ကြီး ဦးကျော်မိုးထွန်းကပြောပါတယ်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်က စတင်ပြီး နိုင်ငံ့အာဏာကို တရားမဝင်လုယူထားတဲ့ စစ်ကောင်စီဟာ သက်တမ်း ၂ နှစ်ပြည့်သွားပြီဖြစ်လို့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ အုပ်ချုပ်ရေးအာဏာကို ကာလုံအဖွဲ့အစည်းထံ ပြန်လည်အပ်နှံရမှာ ဖြစ်ပေမဲ့ တိုင်းပြည်ဟာ သာမန်မဟုတ်တဲ့ အခြေအနေမှာရှိနေဆဲဖြစ်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဥပဒေချိုးဖောက်ပြီး နောက်ထပ် ၆ လ သက်တမ်းတိုးခဲ့ပါတယ်။
အာဏာသိမ်း ၂ နှစ်တာအတွင်း စစ်တပ်ဟာ ငြိမ်းချမ်းစွာဆန္ဒပြတဲ့ပြည်သူတွေကို သေနတ်နဲ့ပစ်ခတ်သတ်ဖြတ်၊ မတရားဖမ်းဆီးညှဉ်းပန်းနှိပ်စက် ဥပဒေမဲ့ကွပ်မျက်တာတွေ ပြုလုပ်ခဲ့သလို အရပ်သားတွေကို လူအစုလိုက် အပြုံလိုက် သတ်ဖြတ် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်၊ ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးနေတာဖြစ်ပါတယ်။
စစ်တပ်ကျူးလွန်လျက်နေတဲ့ ပြစ်မှုတွေဟာ လူသားမျိုးနွယ်စုအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုနဲ့ စစ်ရာဇဝတ်မှုမြောက်ကြောင်းနဲ့ မြန်မာနိုင်ငံကို စစ်အာဏာရှင်လက်အောက်မှ လွတ်မြောက်အောင် ရုန်းထွက်စေနိုင်ဖို့နဲ့ ကြီးလေးတဲ့ နိုင်ငံတကာရာဇဝတ်မှုတွေ ကျူးလွန်ထားတဲ့ စစ်တပ်ကို အပြစ်ပေးအရေးယူကာ တာဝန်ခံမှု ရှိစေနိုင်ရေးဆောင်ရွက်ဖို့ နိုင်ငံတကာအသိုက်အဝန်းကို မြန်မာသံအမတ်ကြီးက တိုက်တွန်းပါတယ်။
အလားတူ အထူးအစီရင်ခံစာတင်သွင်းသူ တွမ်အန်ဒရူးစ်ကလည်း အာဏာသိမ်းစစ်တပ်ဟာ တရားဝင်မှုအလျဉ်းမရှိကြောင်း၊ စစ်တပ်က အတုအယောင် ရွေးကောက်ပွဲ ကျင်းပကာ တရားဝင်မှုရရှိနိုင်ရေး ကြိုးပမ်းနေတဲ့အပေါ် နိုင်ငံတကာအနေနဲ့ ငြင်းဆန်ကန့်ကွက်ဖို့နဲ့ စုပေါင်းအင်အားဖွဲ့ပြီး အာဏာသိမ်းစစ်တပ်အပေါ် ထိရောက်တဲ့ အရေးယူပိတ်ဆို့မှုတွေ ချမှတ်ဖို့ တိုက်တွန်းပြောသွားပါတယ်။
ဒါ့အပြင် အာဏာသိမ်းစစ်တပ်နဲ့ ဆက်နွှယ်တဲ့ နိုင်ငံတွေ အနေနဲ့ သူတို့ရဲ့ ရပ်တည်ချက်အပေါ် ပြန်လည်ချင့်ချိန်စဉ်းစားကာ စစ်တပ်နဲ့ ကင်းကွာအောင် နေသင့်ကြောင်းနဲ့ တရားဝင်မှု ခိုင်မာအားကောင်းတဲ့ အမျိုးသားညီညွတ်ရေးအစိုးရကို ထောက်ခံအားပေးသင့်ကြောင်းလည်း တွမ်အန်ဒရူးစ်က ပြောပါတယ်။
ကုလသမဂ္ဂဆိုင်ရာ ဗြိတိန်အမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဘာဘရာဝုဒ်ဝပ်ဒ်ကလည်း မြန်မာပြည်စစ်အာဏာသိမ်း ၂ နှစ်ပြည့်တာနဲ့ ပတ်သက်ပြီး သီးသန့်ရုပ်သံကနေ သတင်းစကားပါးရာမှာ မြန်မာနိုင်ငံမှာ ပြည်သူပေါင်း ၁၇ သန်း လူသားချင်းစာနာမှု အကူအညီ လိုအပ်နေပေမယ့် လိုအပ်တဲ့ သူတွေဆီ အကူအညီအထောက်အပံ့တွေ အရောက်ပို့ဆောင်ရေးကို စစ်တပ်က တားဆီးပိတ်ပင်နေတယ်လို့ပြောပါတယ်။
မြန်မာစစ်တပ်က မြေပြင်မှာ ကျောင်းတွေကို ဗုံးကြဲ၊ ကျေးရွာတွေကို မီးရှို့ဖျက်ဆီးနေပြီး ၂၀၂၂ ခုနှစ်အတွင်းမှာဆိုရင် မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်မှာ အရပ်သားပြည်သူ အသေအပျောက် ဒုတိယမြောက် အများဆုံးနိုင်ငံဖြစ်ခဲ့တယ်လို့ ဗြိတိန်သံအမတ်ကြီးက ပြောပါတယ်။
မြန်မာနိုင်ငံမှာ ဆယ်စုနှစ်တစ်ခုကျော်ကြာ ဆင်းရဲနွမ်းပါးမှုလျော့နည်းလာတဲ့ အခြေအနေကို စစ်တပ်က ပြောင်းပြန်ဖြစ်အောင်လုပ်ခဲ့သလို တကမ္ဘာလုံးအတိုင်းအတာနဲ့ မတည်ငြိမ်မှုတွေဖြစ်အောင် ဖန်တီးနေပြီး လူကုန်ကူးမှု ရှင်သန်လာအောင် ခွင့်ပြုပေးကာ၊ အခုဆိုလျှင် ကမ္ဘာ့မှာ မက်သာအဖက်တမင်း စိတ်ကြွမူးယစ်ဆေး အများဆုံး ထုတ်လုပ်သူ ဖြစ်လို့နေပြီဖြစ်ကြောင်းပြောပါတယ်။
လေယာဉ်နဲ့ ဗုံးကြဲနေတဲ့မြန်မာစစ်တပ်ကို လေယာဉ်ဆီထောက်ပံ့ပေးနေတဲ့ ကုမ္ပဏီတွေ အပါအဝင် တာဝန်ရှိသူတွေကို ယူကေနဲ့ မဟာမိတ်တွေက ပိတ်ဆို့ဒဏ်ခတ် အရေးယူမှုတွေ လုပ်ခဲ့ကြောင်း၊ စစ်အုပ်စုကိုအထီးကျဖြစ်စေဖို့ ကုလသမဂ္ဂနဲ့အတူ အလုပ်လုပ်နေကြောင်း၊ မိမိတို့အနေနဲ့ မြန်မာပြည်သူပြည်သားတွေနဲ့အတူ ရပ်တည်နေကြောင်း၊ စစ်တပ်အနေနဲ့ တိုင်းပြည်အာဏာကို ပြည်သူတွေ လက်ထဲ ပြန်လည်လွှဲပြောင်းအပ်နှံရမယ့် အချိန်တန်ပါပြီလို့ ဗြိတိန်နိုင်ငံ သံအမတ်ကြီးကပြောပါတယ်။
စစ်အာဏာသိမ်း ၂ နှစ်ပြည့်အထိမ်းအမှတ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ဗြိတိန်သံအမတ်ကြီးနဲ့အတူ ရုပ်သံကနေ သတင်းစကားပါးရာမှာတော့ မြန်မာစစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေနဲ့ နိုင်ငံမှာရှိတဲ့ အဖွဲ့အစည်းအသင်းတွေ ထိခိုက်ပျက်စီးသွားမှုတို့ရဲ့ အကျိုးဆက်ဟာ မြန်မာတနိုင်ငံတည်းအတွက်တင် ကြီးမားတာမဟုတ်ဘဲ ဒေသတွင်းမှာရှိတဲ့ နိုင်ငံတွေနဲ့ အခြားနိုင်ငံတွေဆီကိုပါ ရိုက်ခတ်မှုရှိနေပါပြီ။
မြန်မာပြည်သူတွေဟာ စစ်တပ်ရဲ့ ဥပဒေမဲ့လုပ်ရပ်တွေကို အပြီးတိုင်ချုပ်ငြိမ်းဖို့နဲ့ နောင် အနာဂတ်မှာ အလားတူဖြစ်စဉ်မျိုး နောက်တစ်ကြိမ်ထပ်မဖြစ်အောင် ရှောင်လွဲနိုင်ဖို့ ခိုင်မာတဲ့ သံန္နိဋ္ဌာန်တွေ ချမှတ်ထား ပြီးဖြစ်တယ်၊ စစ်ကောင်စီရဲ့ အတုအယောင်ရွေးကောက်ပွဲတွေဟာ ဘယ်တော့မှ ပြဿနာ ဖြေရှင်းနိုင်မယ့်နည်းလမ်း မဖြစ်နိုင်ပါဘူး။ နိုင်ငံတကာအသိုက်အဝန်းရဲ့ ပံ့ပိုးကူညီမှုတွေကို ကျေးဇူးတင်ပါတယ်လို့ သံအမတ်ကြီး ဦးကျော်မိုးထွန်းကပြောပါတယ်။
မြန်မာနိုင်ငံစစ်အာဏာရှင်လက်အောက်ကနေလွတ်မြောက်ဖို့၊ ရာဇဝတ်မှု ကျူးလွန်သူတွေတာဝန်ခံမှုရှိစေဖို့နဲ့ ထိရောက်မှုရှိတဲ့၊ အားလုံးပါဝင်ပြီး တာဝန်ခံမှုရှိတဲ့ အဖွဲ့အစည်းအသင်းအပင်းတွေနဲ့ဖွဲ့စည်းထားတဲ့ ဒီမိုကရေစီနိုင်ငံဖြစ်လာရေးအတွက် စစ်မှန်တဲ့ အသွင်ကူးပြောင်းရေးစတင်နိုင်ဖို့ နိုင်ငံတကာအသိုက်အဝန်းဆီက ထိရောက်တဲ့ အရေးယူဆောင်ရွက်ချက်တွေ လိုအပ်တယ်လို့ မြန်မာသံအမတ်ကြီးက ပြောကြားလိုက်ပါတယ်။
Photo- Myanmar Mission