close

ဗြိတိန်သံအမတ်ဟောင်း

close

September 2, 2022

ဗြိတိန်သံအမတ်ဟောင်း ဗစ်ကီဘိုးမန်းနှင့် ခင်ပွန်း ကိုထိန်လင်းကို ထောင်ဒဏ် ၁ နှစ်စီချမှတ်

မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံမတ်ကြီးဟောင်း ဗစ်ကီဘိုးမန်းနဲ့ ခင်ပွန်းဖြစ်သူ ပန်းချီထိန်လင်းတို့ နှစ်ယောက်ကို ဒီကနေ့ စက်တင်ဘာ ၂ ရက် မနက်ပိုင်းက အင်းစိန်အကျဥ်းထောင်ရှိ အထူးတရားရုံးက အလုပ်ကြမ်းနဲ့ ထောင်ဒဏ်တနှစ်စီ ချမှတ်လိုက်ပါတယ်။

စစ်ကောင်စီက စက်တင်ဘာ ၁ ရက်က ဗြိတိန်သံမတ်ကြီးဟောင်း ဗစ်ကီဘိုးမန်းနဲ့ ခင်ပွန်းဖြစ်သူ ပန်းချီထိန်လင်းတို့ နှစ်ယောက်အပေါ် တရားစွဲဆိုထားတဲ့အမှုကို အင်းစိန်အကျဥ်းထောင်ရှိ အထူးတရားရုံးမှာ ကြားနာစစ်ဆေးခဲ့တာလို့ အကျဥ်းဦးစီးဌာန တာဝန်ရှိသူတယောက်က ပြောပါတယ်။

“မနေ့ကစစ်ဆေးတယ်။ ဒီနေ့ အမိန့်ချတာပါ။ နှစ်ဦးစလုံးကို အလုပ်နဲ့ထောင်ဒဏ် တနှစ်စီ ချလိုက်တာပါ။”

စစ်ကောင်စီက ဗြိတိန်သံမတ်ကြီးဟောင်း ဗစ်ကီဘိုးမန်းနဲ့ ခင်ပွန်းဖြစ်သူ ပန်းချီထိန်လင်းတို့ နှစ်ယောက်ကို ဩဂုတ် ၂၄ ရက် ညပိုင်းက ရန်ကုန်မြို့ စမ်းချောင်းမြို့နယ်ရှိ နေအိမ်မှာ ဖမ်းဆီးခဲ့ပြီးနောက် လဝကအက်ဥပဒေ ပုဒ်မ ၁၃ (၁)၊ ၁၃ (၅) နဲ့ တရားစွဲဆိုခဲ့တာပါ။

ဗြိတိန်သံမတ်ကြီးဟောင်း ဗစ်ကီဘိုးမန်းနဲ့ ခင်ပွန်းဖြစ်သူ ကိုထိန်လင်းတို့နှစ်ယောက်ဟာ ၂၀၂၁ ခုနှစ် မေ ၄ ရက်ကနေ သြဂုတ် ၉ ရက်အထိ ရှမ်းပြည်နယ် ကလောမြို့နယ်မှာ နေထိုင်ခဲ့ပြီး ရန်ကုန်ပြန်ရောက်ချိန် လိပ်စာပြောင်းဖို့ ပျက်ကွက်လို့ ဖမ်းဆီးရတာလို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။

ဒီကနေ့ စစ်ကောင်စီက ထောင်ဒဏ်အပြစ်ပေးခဲ့တဲ့ ဗြိတိန်သံအမတ်ကြီးဟောင်းဟာ နိုင်ငံရေးလောကနဲ့ စီးပွားရေးအသိုင်းအဝိုင်းမှာပါ လူသိများသူတယောက် ဖြစ်သလို ခင်ပွန်းဖြစ်သူ ကိုထိန်လင်းမှာလည်း နိုင်ငံရေးအကျဥ်းသားဟောင်းဖြစ်ပြီး ပန်းချီပညာရှင်လည်း ဖြစ်ပါတယ်။

11 hours Ago

August 26, 2022

ဇနီးဖြစ်သူ အိမ်မှာလာနေတာကို ကူညီအားပေးအားမြှောက်ပြုမှုဖြင့် ပန်းချီဆရာ ထိန်လင်းကို စစ်ကောင်စီ တရားစွဲ

ပန်းချီဆရာ ထိန်လင်းကို သူ့ရဲ့ ဇနီးမြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ဟောင်း ဗစ်ကီဘိုးမန်း နေအိမ်မှာအတူ လာရောက်နေထိုင်တာကို ကူညီအားပေးအားမြှောက်ပြုခဲ့မှုနဲ့ အကြမ်းဖက်စစ်ကောင်စီက စွပ်စွဲပြီး ဖမ်းဆီး တရားစွဲဆိုထားပါတယ်။

သူတို့ ဇနီးမောင်နှံကိုတော့ ပြီးခဲ့တဲ့ ဩဂုတ် ၂၄ ရက်မှာ ရန်ကုန်မြို့က စမ်းချောင်းမြို့နယ် ပန်းလှိုင်အိမ်ရာမှာ အကြမ်းဖက် စစ်ကောင်စီတပ်တွေက ဖမ်းဆီးသွားခဲ့တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ဟောင်း ဗစ်ကီဘိုးမန်းဟာ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာ ၈ ရက်မှာ မြန်မာနိုင်ငံကို ရောက်ရှိလာခဲ့ပြီး သူ့ကို နေထိုင်ခွင့်ပြုထားတာဟာ စမ်းချောင်းမြို့နယ် ပန်းလှိုင်အိမ်ရာမှာ ဖြစ်ပေမယ့် သူတို့ ဇနီးမောင်နှံဟာ ၂၀၂၁ ခုနှစ် မေလ ၄ ရက်မှ သြဂုတ် ၉ ရက်နေ့အထိ ရှမ်းပြည်နယ် ကလောမြို့က ဦးထိန်လင်း အိမ်မှာ နေထိုင်ခဲ့ကြတယ်လို့ စစ်ကောင်စီရဲ့  မီဒီယာတွေကို ပြောကြားချက်မှာ ဖော်ပြပါတယ်။

အဲဒီလို နေထိုင်ရာမှာ နိုင်ငံခြားသားမှတ်ပုံတင်လက်မှတ်မှာ လိပ်စာပြောင်း လျှောက်ထားဖို့ ပျက်ကွက်တဲ့အတွက် မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ဟောင်း ဗစ်ကီဘိုးမန်းကို စမ်းချောင်းမြို့မရဲစခန်းမှာ လဝက ဥပဒေပုဒ်မ ၁၃(၁)နဲ့ အမှုဖွင့်ထားတယ်လို့ ဆိုပါတယ်။

ဦးထိန်လင်းကိုတော့ ထုတ်ပြန်ထားတဲ့ တည်ဆဲဉပဒေကို ဆန့်ကျင်ပြီးတော့ ဇနီးဖြစ်သူ နေထိုင်မှုနဲ့ ပတ်သက်ပြီးတော့ နေရပ်လိပ်စာပြောင်းရွှေ့နေထိုင်တာကို သိရက်နဲ့ ဆက်လက်နေထိုင်ဖို့ ကူညီ အားပေးအားမြှောက်ပြုခဲ့တာကြောင့် လဝကဥပဒေပုဒ်မ ၁၃(၅) နဲ့ အမှုဖွင့် အရေးယူထားတယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။

ဗစ်ကီဘိုးမန်းဟာ မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ကြီးအဖြစ် ၂၀၀၂ ခုနှစ်ကနေ ၂၀၀၆ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့ပြီး လက်ရှိမှာတော့ ကုန်သွယ်ရေး၊ စီးပွားရေးတို့မှာ အလေ့အကျင့်ကောင်းတွေကို မြှင့်တင်ပေးနိုင်ဖို့ ရည်ရွယ်ကာ အနောက်တိုင်းက အလှူရှင်တွေ ထောက်ပံ့မှုနဲ့ တည်ထောင်ထားတဲ့ အဖွဲ့အစည်းတခုဖြစ်တဲ့ တာဝန်သိ စီးပွားရေး မြန်မာစင်တာ Myanmar Center for Responsible Business (MCRB) ကို လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

1 week Ago
Up