ဗြိတိန်မှာ တရားမဝင်ရောက်ရှိနေတဲ့ ရွှေ့ပြောင်းနေထိုင်သူတွေကို ရဝမ်ဒါကို စေလွှတ်မယ့် ဗြိတိသျှအစိုးရရဲ့ အစီအစဉ်ဟာ ကြောင်းကျိုးဆီလျော်မှု မရှိကြောင်း ရှေ့နေတွေက ဇွန် ၁၀ ရက် သောကြာနေ့မှာ လန်ဒန်ရှိ အထက်တရားရုံးကို ပြောကြားခဲ့ပါတယ်။
အစိုးရကတော့ ခိုလှုံခွင့်တောင်းခံသူ ထောင်ပေါင်းများစွာကို အရှေ့အာဖရိကနိုင်ငံကိုစေလွှတ်မယ့် သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ကြောင်း ဧပြီလက ကြေညာခဲ့ပါတယ်။
ဒါဟာ လူမှောင်ခိုကွန်ရက်တွေ ပျက်ပြားစေဖို့နဲ့ ဥရောပကနေ လှေငယ်တွေနဲ့ အင်္ဂလိပ် ရေလက်ကြားကို ဖြတ်ကူးပြီး အသက်စွန့် ရွှေ့ပြောင်းသွားလာမှု လုပ်နေသူတွေကို တားဆီးပေးမယ်လို့ ဆိုပါတယ်။
ရဝမ်ဒါကိုသွားမယ့် ပထမဆုံး လေယာဉ်ခရီးစဉ်ဟာ ဇွန် ၁၄ ရက်မှာ ထွက်ခွာမယ်လို့ မျှော်လင့်ရပြီး ကနဦး သွားရောက်ရမယ့်သူတွေဆီကို တရားဝင်စာတွေ ပေးပို့ထားကြောင်း အစိုးရက ပြီးခဲ့တဲ့သီတင်းပတ်မှာ ပြောကြားခဲ့ပါတယ်။
တချို့ရွှေ့ပြောင်းနေထိုင်သူတွေဘက်က ကိုယ်စားပြုတဲ့ ရှေ့နေတွေကတော့ ဒီပြည်နှင်ဒဏ်ပေးမှုအတွက် တရားရုံးမှာ တားမြစ်မိန့်ကိုရဖို့ ကြိုးစားနေကြပါတယ်။
တရားသူကြီးက တားမြစ်မိန့်ကို သဘောတူခဲ့ရင်တောင် တရားရုံးမှာ လျှောက်ထားတဲ့ စာရင်းထဲမှာ ပါဝင်သူတွေမှာသာ သက်ရောက်မှာဖြစ်ပြီး နောက်တပတ် လေယာဉ်ပျံသန်းမှုထဲမှာ ပါဝင်မယ့်သူ အားလုံးတော့ အကျုံးဝင်မှာ မဟုတ်ဘူးလို့ အစိုးရရှေ့နေတွေက ပြောပါတယ်။