close

ဘက်ထရီစက်ဘီး

close

March 16, 2023

ရန်ကုန်တွင် စက်ဘီးနှင့် ဘက်ထရီစက်ဘီး စီးနင်းအသုံးပြုသူ ပိုများလာ

ရန်ကုန်တိုင်းအတွင်း မြို့နယ်တွေမှာ ၂၀၂၃ ခုနှစ်ထဲ ဆိုင်ကယ်စီးနင်းမှုနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်က ဖမ်းဆီးအရေးယူတာတွေ ပိုမိုတင်းကျပ်လာတဲ့အပြင် ဒဏ်ငွေရိုက်တာတွေ  ရှိလာတာကြောင့် ဆိုင်ကယ်အစားထိုး ဘက်ထရီစက်ဘီးနဲ့ စက်ဘီးတွေ စီးနင်းသူ များလာတယ်လို့ စက်ဘီးရောင်းဝယ်ရေးဆိုင်တွေက ပြောပါတယ်။

အာဏာမသိမ်းခင်က စက်ဘီးတစီးကို ကျပ်‌ငွေသောင်းဂဏန်းသာ ကျသင့်ပေမဲ့ လက်ရှိမှာ တသိန်းဝန်းကျင်ခန့် သုံးတာတောင် တရုတ်ထုတ်စက်ဘီးသာ ဝယ်နိုင်တော့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

“ဂျပန်ဘီး ဆော့ကပ်ပါတဲ့ဟာဆို အရင်က ၄၀,၀၀၀ လောက်သုံးရင် ရတယ်။ အခု တေ့ဆက်ဘီးတောင် ၈၀,၀၀၀ လောက် ဖြစ်နေပြီ။ ဒါတောင် second ပဲရမယ်။ ဆိုင်ကယ်က ဆက်တိုက်အဖမ်းခံလာရတော့ ဟိုနားဒီနားစီးရင် စက်ဘီးလောက်ပဲ သုံး‌တော့တယ်။ ဘီးပေါက်သွားရင်‌တောင် ကျွတ်အသစ်ဈေးက ခေါင်ခိုက်နေလို့ ဖာပဲ ဖာသုံးနေရတယ်။ သုံးလေးပေါက်ဖြစ်တော့မှ အသစ်ဝယ်လိုက်တာ” လို့ စက်ဘီးစီးနင်းသူတဦးက ပြောပါတယ်။

စက်ဘီးနဲ့ ဘက်ထရီစက်ဘီးတွေကို မြန်မာ-ထိုင်း နယ်စပ်မြို့ဖြစ်တဲ့ မြဝတီမြို့ကနေ အဓိက သွင်းယူနေတာဖြစ်ပြီး ရန်ကုန်ပို့ဆောင်မယ့်အချိန် တိုက်ပွဲဖြစ်နေတာနဲ့ စစ်ကောင်စီ တပ်သားတွေက ဂိတ်‌ကြေးဆိုပြီး လမ်းတလျှောက် တောင်းယူနေတာကြောင့် စက်ဘီးဈေး မတက်သင့်ဘဲ ပိုတောင်းနေရတယ်လို့ စက်ဘီးရောင်းဝယ်ရေးဆိုင်တခုက ပြောပါတယ်။

လက်ရှိ စက်ဘီးဈေးကွက်မှာ ဝယ်သူတွေဘက်က ၁ သိန်း၊ ၃ သိန်းကနေ ၅ သိန်းကြား စက်ဘီးတွေနဲ့ ဘက်ထရီဘီးတွေကို ၄ သိန်းကနေ ၈ သိန်းအထိ ပေးဝယ်နေရတာပါ။

စက်ဘီးဆိုင်ရှင်တစ်ယောက်က “မြဝတီဘက်ကသွင်းရင် ပုံမှန်ဆို ဒီနေ့မှာ မနက်ဖြန်ရောက်ပဲ၊ ဘတ်-ကျပ် တွက်ပြီး ရှင်းရတာ။ ကျပ်ဈေးကျရင် ဘတ်ပိုပေးရတော့ ဈေးနည်းနည်းပိုမယ်။ အဓိကက ကွန်တိန်နာ သွင်းဆိုတော့ လမ်းပိုင်းမှာ ကြာတာများတယ်။ တိုက်ပွဲဖြစ်နေရင် တပတ်လောက်ကို ကြာတယ်။ ကားကို အရင်ကထက် နှစ်ဆလောက် ပိုပေးရတယ်။ စစ်တပ်က ကြားမှာ လမ်းကြေးဆိုပြီး တောက်လျှောက်ကောက်နေတာ။ ဒါတွေကြောင့် ဂျပန်ဘီး second တောင် အနည်းဆုံး ၁ သိန်း၊ ၃ သိန်းကနေ ၅ သိန်းလောက်ပဲ အရောင်းသွက်တယ်။ ဝယ်သူတွေဘက်က ၁ သိန်းကျော်ရင် စက်ဘီးမဝယ်ချင်တော့ဘူး။ ဘက်ထရီဘီးဆို ၄ သိန်းကနေ ၈ သိန်းကြားရှိတယ်။ ဆိုင်မှာ တလကို အစီး ၈၀၊ ၉၀ လောက် နောက်ပိုင်း ရောင်းလာရတယ်။ ဈေးတင်ထားပေမဲ့ လမ်းပိုင်းစရိတ်နဲ့ဆို အတူတူပါပဲ” လို့ ပြောပါတယ်။

စက်ဘီး၊ ဘက်ထရီဘီး စီးနင်းသူတွေ ရှိလာတာနဲ့အတူ ခိုးယူခံရမှုတွေ များပြားလာတယ်လို့ သိရပြီး ရန်ကုန်မှာ ကုန်ပစ္စည်းနဲ့ အစားအစာ ပို့ဆောင်ရေးလုပ်ငန်းတွေမှာလည်း စက်ဘီးနဲ့ ဘက်ထရီဘီးတွေ အသုံးပြုလာတာ တွေ့ရတဲ့အပြင် ယာဉ်အသွားအလာများတဲ့ လမ်းမကြီးတွေမှာလည်း စက်ဘီးစီးလမ်းတွေ သီးသန့်ပြုလုပ်ထားတယ်လို့ သိရပါတယ်။

12 mins Ago

October 28, 2021

လှိုင်သာယာတွင် ဆိုင်ကယ်အပြင် ဘက်ထရီစက်ဘီးများပါ စစ်ကောင်စီဖမ်းဆီး

လှိုင်သာယာမြို့နယ်မှာ အောက်တိုဘာ ၂၇ ရက်က ဆိုင်ကယ်ဖမ်းတဲ့ စစ်ကောင်စီအဖွဲ့က ဆိုင်ကယ်၊ ဘေးတွဲတွေအပြင် ဘက်ထရီ စက်ဘီးတွေကိုပါ ဖမ်းဆီးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မီးခွက်စျေး၊ မီးပွိုင့်လမ်းဆုံ၊ ဘုရားလမ်းမီးပွိုင့်နဲ့ မြို့တော်ခန်းမရှေ့လို နေရာတွေအပြင် အခြားလမ်းဆုံ လမ်းခွတွေပါမကျန် နေရာအနှံ့ ဆိုင်ကယ်ဖမ်းပွဲကြီးတွေ နေ့တိုင်းလိုလို လုပ်နေတာလို့ ဆိုပါတယ်။

“သူတို့က အောက်တိုဘာ ၂၂ ရက် ညက ရပ်ကွက်ထဲ ဆိုင်ကယ်နဲ့ ဘေးတွဲတွေ ဖမ်းမယ်ဆိုပြီး အော်တယ်။ နောက်ရက် အောက်တိုဘာ ၂၃ ကစပြီး ဖမ်းတာပဲ။ ဒီနေ့ဆို ဘက်ထရီ စက်ဘီးတွေပါ ဖမ်းနေတာ တွေ့ရတယ်” လို့ မြို့ခံတစ်ဦးက ပြောပါတယ်။

ဒေသခံဆိုင်ကယ်စီးသူတစ်ဦးက “သူတို့က ဖမ်းမယ်ပြောထားတာ။ ကိုယ့်ဘာသာ သတိထားသွားလာပြီး နေရတယ်။ ကိုယ့်ပစ္စည်းမပါဖို့ ရှောင်ရှားသွားလာနေရတယ်” လို့ ပြောပါတယ်။

လှိုင်သာယာဒေသခံတွေအပေါ် စစ်ကောင်စီက မီတာကြေး အတင်းအကြပ်တောင်းခံနေတာတွေ၊ ရွှေ့ပြောင်းလုပ်သားများနေထိုင်ရာ ကျူးတွေကို အမိန့်ပေး ရွှေ့ပြောင်းစေတာတွေနဲ့ ခုလို ဆိုင်ကယ်နဲ့ ဘေးတွဲတွေ ဖမ်းဆီးတာတွေထိ တင်းကြပ်နှိပ်စက်မှုတွေ ပြုလုပ်လာနေတာကြောင့် ဒေသခံတွေ အခက်အခဲကြုံနေကြရပါတယ်။

1 year Ago
Up