မန်ယူအသင်းဟာ လာမယ့်ရာသီအတွက် ပြင်ဆင်မှုတစ်ခုအနေနဲ့ ဘင်ဖီကာတိုက်စစ်မှူး ဂွန်ဇာလိုရာမို့စ်ကို ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူဖို့ စီစဉ်နေပါတယ်။
ယူနိုက်တက်အသင်းမှာ တိုက်စစ်မှူး မာစီယယ်က ခြေစွမ်းပျောက်ဆုံးနေသလို ဗက်စ်ဟော့ကိုလည်း မိခင်ကလပ်အသင်းဆီ ပြန်လည်စေလွှတ်သွားမှာဖြစ်လို့ တိုက်စစ်မှူးတစ်ဦး မဖြစ်မနေခေါ်ယူဖို့ လုပ်ဆောင်နေတာပါ။
စပါးတိုက်စစ်မှူး ဟာရီကိန်းကို ခေါ်ယူဖို့ လုပ်ဆောင်မှာဖြစ်သလို နောက်ထပ် ပစ်မှတ်တိုက်စစ်မှူးအဖြစ် ဘင်ဖီကာက ပေါ်တူဂီတိုက်စစ်မှူး ဂွန်ဇာလို ရာမို့စ်ကို ပေါင်သန်း ၁၀၀ အထိ အသုံးပြုခေါ်ယူဖို့ အသင့်ရှိနေတယ်လို့ Mirror သတင်းမှာ ဖော်ပြပါတယ်။
အသက် ၂၁ နှစ်ရှိ ပေါ်တူဂီတိုက်စစ်မှူးဟာ ၂၀၂၂ ကမ္ဘာ့ဖလားမှာ ဆွစ်ဇာလန်ဘက်ကို ဟတ်ထရစ်သုံးဂိုး သွင်းခဲ့သူဖြစ်ပြီး ထွန်းတောက်လာမယ့် တိုက်စစ်မှူးအဖြစ် သတ်မှတ်ခံထားရသူပါ။
ရာမို့စ်အတွက် ထပ်ဆောင်းဆုကြေးအပါအဝင် ပေါင်သန်း ၇၀ ကနေ ၁၀၀ အထိ ကုန်ကျနိုင်ပြီး ပေါ့ဘာနောက်ပိုင်း မန်ယူအသင်းရဲ့ စံချိန်တင် အပြောင်းအရွှေ့တစ်ခု ဖြစ်လာနိုင်တယ်လို့ သိရပါတယ်။
ဘင်ဖီကာအသင်းဟာ ကွင်းလယ်ကြယ်ပွင့် အန်ဇိုဖာနန်ဒက်စ်အတွက် ပေါင် ၈၈ သန်းနဲ့ ကမ်းလှမ်းချက်လက်ခံရရှိခဲ့ပေမယ့် ပယ်ချခဲ့တယ်လို့သိရပါတယ်။
ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အာဂျင်တီးနားနဲ့အတူချန်ပီယံဖြစ်ခဲ့ပြီး လူငယ်အကောင်းဆုံး ကစားသမားဆုပါရရှိခဲ့တဲ့ ဖာနန်ဒက်စ်ကို ထိပ်တန်းအသင်းတွေက ခေါ်ယူဖို့ စိတ်ဝင်စားနေကြတာပါ။
အမည်မဖော်ပြနိုင်တဲ့ ထိပ်တန်းကလပ် အသင်းတစ်သင်းက ဖာနန်ဒက်စ်ကိုခေါ်ယူဖို့ ပေါင် ၈၈ သန်းနဲ့ ကမ်းလှမ်းခဲ့ပေမယ့် ဘင်ဖီကာဘက်က လက်မခံခဲ့တာပါ။
ဘင်ဖီကာအသင်းနဲ့ ဖာနန်ဒက်စ်နဲ့ လျော်ကြေးပေါင် ၁၀၅ သန်း ချုပ်ဆိုထားပြီး ခေါ်ယူလိုတဲ့အသင်းတွေအနေနဲ့ အဲဒီပမာဏကိုပေးချေနိုင်မှ အဆင်ပြေမှာပါ။
အသက် ၂၁ နှစ်ရှိ ဖာနန်ဒက်စ်ကို လီဗာပူးအသင်းကခေါ်ယူဖို့ သတင်းထွက်နေပေမယ့် ဘင်ဖီကာဘက်က သတ်မှတ်ထားတဲ့ စာချုပ်ဖျက်သိမ်းကြေးမရဘူးဆိုရင် ရောင်းချသွားဖို့ ဆန္ဒမရှိဘူးလို့သိရပါတယ်။