အင်္ဂလန်လက်ရွေးစင်အသင်းမှာ နောက်ခံလူ ဘင်ဝှိုက်ကို မရွေးချယ်ခဲ့တဲ့ နောက်ကွယ်မှာ တစုံတရာ ရှိနေကြောင်း အင်္ဂလန်ဂိုးသမားဟောင်း ဘင်ဖော်စတာက ပြောပါတယ်။
အသက် ၂၅ နှစ်ရှိ ဘင်ဝှိုက်ဟာ အမှတ်ပေးဇယားကို ဦးဆောင်နေတဲ့ အာဆင်နယ်အသင်းရဲ့ ခံစစ်တန်းမှာ အဓိကကစားသမားအဖြစ် ခြေစွမ်းပြသနေသူပါ။
သူဟာ ပြီးခဲ့တဲ့ကမ္ဘာ့ဖလား ယှဉ်ပြိုင်နေစဉ် ကာလအတွင်းမှာ အသင်းလူစာရင်းကနေ နုတ်ထွက်ခဲ့ပြီး လက်ထောက်နည်းပြတဦးနဲ့ ပြဿနာဖြစ်ခဲ့တာကြောင့်လို့ သတင်းထွက်ပေါ်ခဲ့ဖူးပါတယ်။
ဂိုးသမားဟောင်း ဘင်ဖော်စတာကတော့ ခြေစွမ်းပြနေတဲ့ ဘင်ဝှိုက်ကို မရွေးချယ်ခဲ့တဲ့ နောက်ကွယ်မှာ တစုံတရာရှိနေကြောင်း၊ ကမ္ဘာ့ဖလားမှာ ဘယ်လိုပဲဖြစ်ခဲ့သည်ဖြစ်စေ ခြေစွမ်းပြနေတဲ့ ကစားသမားကို ရွေးချယ်သင့်ကြောင်း ဘင်ဖော်စတာက ပြောပါတယ်။
ဒါ့အပြင် ပုံမှန်ပွဲထွက်ခွင့်မရခဲ့တဲ့ မန်ယူနောက်ခံလူ မက်ဂွဲယားကို ရွေးချယ်ခဲ့တာဟာ မှန်ကန်တဲ့ လုပ်ဆောင်ချက် မဟုတ်ကြောင်း ဖော်စတာက သုံးသပ်ခဲ့ပါတယ်။
နည်းပြဆောက်ဂိတ်ကတော့ ဘင်ဝှိုက်ကို မရွေးချယ်ခဲ့တာဟာ ညာနောက်ခံလူနေရာမှာ သုံးဦးအထိ ရှိနေတာကြောင့်ဖြစ်ကြောင်း ဖြေရှင်းထားပါတယ်။
အင်္ဂလန်အသင်းကနေ နောက်တန်းကစားသမား ဘင်ဝှိုက် နုတ်ထွက်လာခဲ့တဲ့ အကြောင်းအရင်းကို သိရှိနားလည်တယ်လို့ အာဆင်နယ်နည်းပြအာတေတာက ပြောပါတယ်။
ဘင်ဝှိုက်ဟာ အုပ်စုပွဲစဉ်တွေအတွင်းမှာ အင်္ဂလန်အသင်း လက်ထောက်နည်းပြနဲ့ ပြဿနာဖြစ်ခဲ့တယ်ဆိုပြီး ဆီနီဂေါနဲ့ ပွဲစဉ်မတိုင်ခင် အသင်းလူ စာရင်းကနေ နုတ်ထွက်ပြီး အင်္ဂလန်ဆီ ပြန်လာခဲ့တာပါ။
အင်္ဂလန်အသင်းဘက်ကတော့ ပုဂ္ဂိုလ်ရေးဆိုင်ရာကိစ္စကြောင့် ဖြစ်တယ်လို့ သတင်းထုတ်ပြန်ခဲ့တာပါ။
နောက်ခံလူ ဘင်ဝှိုက်ဟာ အင်္ဂါနေ့က ကစားခဲ့တဲ့ အေစီမီလန်နဲ့ ဒူဘိုင်းစူပါဖလားပွဲစဉ်၊ ဒုတိယပိုင်း စတင်ချိန်မှာ ဝင်ရောက်ကစားခဲ့ပါတယ်။
အာဆင်နယ်နည်းပြ အာတေတာကတော့ ဘင်ဝှိုက် ပြန်လာတာကို အားလုံးက ကြိုဆိုခဲ့ကြသလို ချစ်ခြင်းမေတ္တာနဲ့ ဝန်းရံမှုတွေလည်း ပေးခဲ့ကြတယ်လို့ ပြောပါတယ်။
ဒါ့အပြင် ကမ္ဘာ့ဖလားပြိုင်ပွဲဝင် အင်္ဂလန်အသင်းကနေ ပြန်လာခဲ့ရတဲ့အကြောင်းအရင်းကိုလည်း သိရှိနားလည်ထားကြောင်း၊ စောစောစီးစီး အသင်းနဲ့ ပြန်လည်ပူးပေါင်းနိုင်ခဲ့တာကိုလည်း ကျေနပ်ကြောင်း နည်းပြ အာတေတာက ပြောသွားပါတယ်။