close

ဘင်းမ်စတက်

close

March 31, 2022

BIMSTEC အစည်းအဝေးတွင် စစ်ကောင်စီဝန်ကြီးကို တက်ခွင့်ပြုသည့်အပေါ် အိန္ဒိယ ကာကွယ်

ဘင်္ဂလားပင်လယ်အော် စီးပွားရေးနှင့် နည်းပညာဆိုင်ရာ ဘက်စုံပူးပေါင်းဆောင်ရွက်ရေးအဖွဲ့  ဘင်းမ်စတက် (BIMSTEC) ရဲ့ ထိပ်သီးအစည်းအဝေးမှာ မြန်မာစစ်ကောင်စီရဲ့ ကိုယ်စားလှယ်ကို ပါဝင် တက်ရောက်ခွင့်ပေးခဲ့တဲ့အပေါ်  အိန္ဒိယအစိုးရက ကာကွယ်ပြောဆိုလိုက်ပါတယ်။

မတ်လ ၃၀ ရက်မှာ သီရိလင်္ကာနိုင်ငံက အိမ်ရှင်အဖြစ်ကျင်းပတဲ့ ပဉ္စမအကြိမ်မြောက်  ဘင်းမ်စတက် ထိပ်သီးအစည်းအဝေးသို့ စစ်ကောင်စီရဲ့ နိုင်ငံခြားရေးဝန်ကြီးဦးဝဏ္ဏမောင်လွင်က  နေပြည်တော်ကနေ  ဗွီဒီယိုကွန်ဖရင့်စနစ်နဲ့ ပါဝင်တက်ရောက်ခဲ့တာ ဖြစ်ပါတယ်။ 

ဘင်းမ်စတက်အဖွဲ့ဝင်တွေအနေနဲ့  မြန်မာနိုင်ငံနဲ့ ထိတွေ့ဆက်ဆံရမယ်လို့ အိန္ဒိယရဲ့ပြည်ပရေးရာဝန်ကြီးဌာန အကြီးတန်းအရာရှိ တွဲဖက်အတွင်းရေးမှူး  ရူဒရန်ဒြာတန်ဒွန်က  ထိပ်သီးအစည်းအဝေး အပြီး မီဒီယာတွေနဲ့ တွေ့ဆုံပွဲမှာ ပြောဆိုခဲ့တာဖြစ်ပါတယ်။

ဘင်းမ်စတက် ပလက်ဖောင်းပေါ်ရှိ ပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းတွေ အောင်မြင်စေဖို့အတွက် နိုင်ငံအားလုံးရှိနေဖို့နဲ့ ပူးပေါင်းဆောင်ရွက်မှုတွေမှာ ပါဝင်ဖို့ လိုအပ်ကြောင်း၊ မြန်မာနိုင်ငံဟာလည်း ဘင်းမ်စတက်ရဲ့ အရေးပါတဲ့ ဖွဲ့စည်းပုံအဖွဲ့ဝင်နိုင်ငံဖြစ်ပြီး အလွန်အရေးကြီးတဲ့ ပထဝီဝင်အနေအထားလည်းရှိတယ်လို့ ပြောပါတယ်။ 

ဒီထိပ်သီးအစည်းအဝေးမှာ  အပြည်ပြည်ဆိုင်ရာ အထောက်အထားတစ်ခုအဖြစ် သတ်မှတ်ပေးမယ့် ဘင်းမ်စတက်ပဋိညာဉ်စာတမ်းကို အတည်ပြုခဲ့သလို တခြားအရေးကြီးတဲ့ သဘောတူညီချက်တွေကို လည်း လက်မှတ်ရေးထိုးခဲ့ကြပါတယ်။

အဲဒီလို လက်မှတ်ထိုးနိုင်တာဟာ ဘင်းမ်စတက်အဖွဲ့ကြီးကို စည်းမျဉ်းစည်းကမ်းကို အခြေပြုတဲ့ အဖွဲ့အစည်းအဖြစ်သို့ ရောက်ရှိစေခဲ့ကြောင်း၊ ဘင်းမ်စတက်ပဋိညာဉ်စာတမ်းဟာ အချုပ်အခြာအာဏာ တန်းတူရည်တူရှိမှု၊ ပြည်တွင်းရေး ဝင်ရောက်မစွက်ဖက်မှု၊ ငြိမ်းချမ်းစွာ အတူ ယှဉ်တွဲနေထိုင်မှု၊ အပြန်အလှန်လေးစားမှုနဲ့ တူညီဆန္ဒအပါအဝင် လက်ရှိကျင့်သုံးနေတဲ့ ဘင်းမ်စတက်ရဲ့ မူဝါဒတွေကို ထပ်လောင်းအတည်ပြုထားတယ်လို့ စစ်ကောင်စီဝန်ကြီး  ဦးဝဏ္ဏမောင်လွင်က ပြောပါတယ်။

ကမ္ဘာ့စီးပွားရေးကျဆင်းနေချိန်မှာ ဘင်းမ်စတက်အဖွဲ့ဝင် ၇ နိုင်ငံရဲ့ စုစည်းညီညွတ်မှုနဲ့ ဒေသတွင်း ကြံ့ကြံ့ခံနိုင်စွမ်းရှိမှုကို အခိုင်အမာတည်ဆောက်နိုင်လိမ့်မယ်လို့ ယုံကြည်မိကြောင်းနဲ့ အကြမ်းဖက်မှုဝါဒဟာ လူသားမျိုးနွယ်စုအားလုံးအတွက် လက်မခံနိုင်တဲ့ ကိစ္စဖြစ်လို့ အကြမ်းဖက်မှုဟူသမျှကို မလွဲမသွေရှုတ်ချရမယ်လို့လည်း အကြမ်းဖက်စစ်အုပ်စုရဲ့ ကိုယ်စားလှယ်က အစည်းအဝေးမှာ ပြောသွားပါတယ်။ 

အဆိုပါအစည်းအဝေးကို ဘင်းမ်စတက်အဖွဲ့ဝင်နိုင်ငံတွေဖြစ်တဲ့  ဘင်္ဂလားဒေ့ရှ်၊ ဘူတန်၊ အိန္ဒိယ၊ နီပေါ၊ သီရိလင်္ကာနဲ့  ထိုင်းနိုင်ငံတွေက နိုင်ငံ့ခေါင်းဆောင်တွေနဲ့ ဘင်းမ်စတက် အတွင်းရေးမှူးချုပ်တို့  ပါဝင်တက်ရောက်ခဲ့ပါတယ်။

ဘင်းမ်စတက်အဖွဲ့ရဲ့ လာမယ့် အလှည့်ကျဥက္ကဋ္ဌအဖြစ် ထိုင်းနိုင်ငံက တာဝန်ယူဆောင်ရွက်မှာ ဖြစ်ပါတယ်။

ဘင်းမ်စတက်အဖွဲ့အနေနဲ့  မြန်မာအာဏာသိမ်းစစ်ကောင်စီကို အသိအမှတ်မပြုဖို့နဲ့ စစ်ခေါင်းဆောင်ကို ထိပ်သီးအစည်းအဝေးတက်ရောက်ခွင့် မပေးဖို့  ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူတွေက တောင်းဆိုနေတဲ့ကြားက အခုလို  စစ်ကောင်စီကိုယ်စားလှယ်ကို အစည်းအဝေး တက်ခွင့်ပြုခဲ့တာဖြစ်ပါတယ်။

14 mins Ago

October 20, 2019

ကုလသမဂ္ဂ၊ ဘင်းမ်စတက်နှင့် နိုင်ငံတကာမျက်နှာစာတို့တွင် ပူးပေါင်းသွားမည်ဟု မြန်မာ-နီပေါ ကြေညာ

မြန်မာနဲ့ နီပေါနိုင်ငံတို့ဟာ နှစ်နိုင်ငံ ကိစ္စရပ်တွေမှာသာမက ကုလသမဂ္ဂနဲ့ ဘင်းမ်စတက် အပါအဝင် ဒေသတွင်းနဲ့ နိုင်ငံတကာမျက်နှာစာတို့မှာ နီးနီးကပ်ကပ် ဆက်ပူးပေါင်းသွားမယ်လို့ နှစ်နိုင်ငံ ပူးတွဲကြေညာပါတယ်။ သမ္မတ ဦးဝင်းမြင့် ဖိတ်ကြားတာကြောင့် မြန်မာနိုင်ငံကို ချစ်ကြည်ရေးခရီးရောက်နေတဲ့ နီပေါ သမ္မတ မစ္စစ် ဘီဒီယာဒေဗီဘန်ဒါရီရဲ့ ခရီးစဉ်နောက်ဆုံးနေ့မှာ ကြေညာလိုက်တာဖြစ်ပြီး နားလည်မှုစာချွန်လွှာ ၂ ခုကိုလည်း လက်မှတ်ထိုးခဲ့ကြပါတယ်။ နှစ်ဖက်စလုံးက ဘုံအကျိုးစီးပွားနဲ့သက်ဆိုင်တဲ့ ကိစ္စရပ်တွေမှာ အမြင်တူကြတာကြောင့် နှစ်နိုင်ငံ ကိစ္စတွေမှာရော၊ ကုလသမဂ္ဂနဲ့ ဘင်းမ်စတက် (The Bay of Bengal Initiative for Multi-Sectoral Technical and Economic Cooperation) အပါအဝင် ဒေသတွင်းနဲ့ နိုင်ငံတကာ မျက်နှာစာတို့မှာ နီးနီးကပ်ကပ် ဆက်ပြီး ပူးပေါင်းသွားကြဖို့ သန္နိဋ္ဌာန်ချထားတာတွေကို ထပ်ပြီး အတည်ပြုခဲ့တယ်လို့ ဆိုပါတယ်။ နီပေါနိုင်ငံ သမ္မတရဲ့ မြန်မာနိုင်ငံခရီးစဉ်ဟာ နှစ်ပေါင်း ၃၉ နှစ်ကျော်ကာလအတွင်း နီပေါနိုင်ငံ အကြီးအကဲတယောက်အနေနဲ့ မြန်မာနိုင်ငံကို ပထမဆုံး လာရောက်တာဖြစ်ပြီး မြန်မာ-နီပေါ ခရီးသွားလာရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာနဲ့ မြန်မာ-နီပေါယဉ်ကျေးမှု ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး နားလည်မှု စာချွန်လွှာတို့ကို လက်မှတ်ရေးထိုးခဲ့ပါတယ်။ အောက်တိုဘာ ၁၆ ရက်ကနေ ၂၀ ရက်အထိလာရောက်တဲ့ နီပေါနိုင်ငံသမ္မတရဲ့ ခရီးစဉ်မှာ နိုင်ငံခြားရေးဝန်ကြီးနဲ့ အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ဝင်တွေလည်း ပါလာပြီး နီပေါသမ္မတဟာ မြန်မာသမ္မတဦးဝင်းမြင့်၊ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့နဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ ၂၀၂၀ ပြည့်နှစ်မှာ နှစ်နိုင်ငံအကြား သံတမန်ဆက်ဆံရေး တည်ထောင်တဲ့ နှစ် ၆၀ ပြည့်မြောက်မှာ ဖြစ်လို့ အထိမ်းအမှတ် အခမ်းအနားတွေကို နှစ်နိုင်ငံစလုံးမှာ စီစဉ်ကျင်းပသွားဖို့လည်း သဘောတူခဲ့ကြ ပါတယ်။ နီပေါနိုင်ငံသမ္မတ ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွ့ဟာ သမိုင်းဝင်နဲ့ ယဉ်ကျေးမှုဆိုင်ရာ အထင်ကရ နေရာတွေကို သွားရောက်လည်ပတ်လေ့လာခဲ့ကြပြီး နီပေါနွယ်တွေနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။
2 years Ago
Up