ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဇ်ဘဇားရှိ ရိုဟင်ဂျာဒုက္ခသည်စခန်းတွေမှာ အစိုးရပိုင် မိုဘိုင်းအော်ပရေတာ Teletalk အနေနဲ့ မိသားစုတစ်စုကို ဆင်းမ်ကတ်တစ်ခုနှုန်း ထုတ်ပေးသွားမှာ ဖြစ်ပြီး တခြားမိုဘိုင်းအော်ပရေတာ ဆင်းမ်ကတ်တွေအသုံးပြုတာကိုတော့ ကန့်သတ်သွားမယ်လို့ ဒေသတွင်းမီဒီယာများမှာဖော်ပြထားပါတယ်။
Teletalk ဆင်းမ်ကတ်တွေကို ရိက္ခာကတ် သို့မဟုတ် မိသားစုရေတွက်ခြင်းနံပါတ် (FCN) များမှတဆင့် ဖြန့်ဝေပေးသွားမှာဖြစ်တယ်လို့သိရပါတယ်။
ရိုဟင်ဂျာဒုက္ခသည်တွေဟာ ဘင်္ဂလားဒေ့ရှ်-မြန်မာနယ်စပ်က ဒုက္ခသည်စခန်းတွေမှာ ခိုလှုံနေကြရတာဖြစ်ပြီး မြန်မာပြည်မှာ ကျန်ခဲ့တဲ့မိသားစုတွေ၊ တခြားနိုင်ငံမှာရောက်နေကြ တဲ့ဆွေမျိုးတွေနဲ့ ဆက်သွယ်ဖို့ ဘင်္ဂလားဒေ့ရှ် မိုဘိုင်းအော်ပရေတာတွေအပြင် မြန်မာမိုဘိုင်းလ်ဖုန်းလိုင်းတချို့နေရာမှာမိတာကြောင့် မြန်မာဆင်းမ်ကတ်ကိုပါ အသုံးပြုနေကြတယ်လို့ အာဏာပိုင်တွေကပြောပါတယ်။
ဒီလိုသုံးစွဲနေမှုတွေမှာ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှု၊ ပြန်ပေးဆွဲမှု၊ လူကုန်ကူးမှုတွေနဲ့ ပတ်သက်ပြီး တရားမဝင်လုပ်ငန်းတွေကိုလုပ်ဆောင်နေတယ်လို့ ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တွေက စွပ်စွဲထားပါတယ်။
ပြည်ပအော်ပရေတာဆင်းမ်ကတ်တွေကိုအသုံးပြုတာကြောင့် မသမာသူတွေရဲ့ လှုပ်ရှားမှုတွေကို စောင့်ကြည့်ဖို့နဲ့ တရားဥပဒေစိုးမိုးရေးကို ထိန်းသိမ်းဖို့အတွက် အခက်အခဲဖြစ်စေတယ်လို့ ရဲတပ်ဖွဲ့ကဆိုပါတယ်။
ဒီပြဿနာကိုဖြေရှင်းဖို့အတွက် ရိုဟင်ဂျာဒုက္ခသည်စခန်းတွေကို ဘင်္ဂလားဒေ့ရှ်ရဲ့ မိုဘိုင်းလ်ဖုန်းကွန်ရက်တစ်ခုအောက်မှာ ထားရှိစေပြီး မြန်မာဆင်းမ်ကတ်တွေအသုံးပြုခြင်းကို တားမြစ်ဖို့လိုအပ်တယ်လို့ ဆိုပါတယ်။
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မြောက်ပိုင်းမှ ၂၀၁၇ ခုနှစ်အကြမ်းဖက်ဖြစ်စဥ်ကြောင့် နေရပ် စွန့်ခွာသွားတဲ့ ဟိန္ဒူလူမျိုး ၃၀၀ ကျော်နေရပ်ပြန်လာနိုင်ရေးအတွက် မြန်မာဘက်မှာ သူတို့ အမှန်တကယ်နေထိုင်ခဲ့ခြင်း ရှိ မရှိစိစစ်ပေးဖို့ ဘင်္ဂလားဒေ့ရှ်အစိုးရက မြန်မာဘက်ကို အကြောင်းကြားထားတယ်လို့ သိရပါတယ်။
နေရပ်စွန့်ခွာသူတွေ ပြန်လည်လက်ခံရေးတာဝန်ရှိသူ အရာရှိ တစ်ဦးက "ဟိန္ဒူတွေစာရင်းကို ဘင်္ဂလားအစိုးရဘက်က ဒီဘက်ကို စာရင်းစစ်ခိုင်ထားတာ။ (လ.ဝ.က)ကစစ်ဆေးနေတယ်။ မြန်မာဘက်မှာ အမှန်တကယ်နေထိုင်ခဲ့ခြင်း ရှိ မရှိပေါ့ စစ်ဆေးခိုင်းထားတာ"လို့ ပြောပါတယ်။
၂၀၁၇ ခုနှစ်အကြမ်းဖက်ဖြစ်စဥ်တွေကြောင့် မောင်တောမြို့နယ်မြောက်ပိုင်းရှိ ဟိန္ဒူကျေးရွာတွေက ဘင်္ဂလားဒေ့နိုင်ငံဘက်ကို နေရပ်စွန့်ခွါသူဦးရေ ၄၄၀ ရှိခဲ့ပြီး လက်ရှိမှာ မွေးဖွားဦးရေ တိုးပွား နေတယ်လို့ ဟိန္ဒူအသိုင်းအဝိုင်းထံက သိရပါတယ်။
ဘင်္ဂလားဒေ့နိုင်ငံဘက်ကို ရောက်သွားတဲ့ ဟိန္ဒူအသိုင်းအဝန်းကို နေရပ်ပြန်ပို့ပေးဖို့ အန်အယ်လ်ဒီ အစိုးရလက်ထက်က ဘင်္ဂလားဒေ့အစိုးရကို အကြိမ်ကြိမ်ဆက်သွယ် တောင်းဆိုခဲ့ပေမဲ့ ပြန်ပို့ပေးတာ မရှိဘဲ အခုမှ ပြန်ပို့ပေးဖို့ ဆက်သွယ်လာတာဖြစ်ပါတယ်။
ဟိန္ဒူအသိုင်းအဝန်းက အမည်မဖော်လိုသူ တဦးက "သူတို့က ၂၀၁၇ ခုနှစ်ကတည်းက ဘင်္ဂလားအစိုးရက မြန်မာနိုင်ငံပြန်ခွင့်တရားဝင်စာတင်ထားတာ ၃ ကြိမ်ရှိပြီ ဘင်္ဂလားအစိုးရက ဘာမှအကြောင်းပြန်တာမရှိဘူး။ အခုကျမှသူတို့ မြန်မာမှာ တရားဝင်နေထိုင်ခဲ့တာ ရှိမရှိစစ်ဆေးခိုင်းတာ " လို့ ပြောပါတယ်။
၂၀၁၇ အကြမ်းဖက်ဖြစ်စဥ်တွေကြောင့် မောင်တောမြောက်ပိုင်းရှိဟိန္ဒူကျေးရွာတွေဖြစ်တဲ့ ခမောင်းဆိပ်ကျေးရွာအုပ်စု ဖော်ကျကျေးရွာ၊ သစ်တုံးနားကျေးရွာအုပ်စု အိုးထိမ်းကျေးရွာ၊ ငါးခူ ရကျေးရွာ၊ ကြိမ်ချောင်းကျေးရွာတွေမှ ဟိန္ဒူလူမျိုး ၄၄၀ ဦး မိသားစု ၁၁၃ စု မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ နေရပ်စွန့်ခွါသွားခဲ့ရကြတာလည်း ဖြစ်ပါတယ်။
ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့ ၂၀၁၆၊ ၂၀၁၇ ခုနှစ်အကြမ်းဖက်ဖြစ်စဥ်တွေကိုအကြောင်းပြုပြီး စစ်တပ်က နယ်မြေရှင်းလင်းခဲ့တာကြောင့် မွတ်စလင် ခုနှစ်ငါးသိန်းကျော်နဲ့ ဟိန္ဒူ လူမျိုး ၄၀၀ ကျော် တဖက်ဘင်္ဂလားဒေ့ရ်ှနိုင်ငံကို ထွက်ပြေးကြရတာလည်း ဖြစ်ပါတယ်။