ဘင်္ဂလားဒေ့ရှ်-မြန်မာနယ်စပ် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့စ်ဘဇားခရိုင်ထဲက ဒုက္ခသည်စခန်း တခုမှာ မေ ၁ဝ ရက် မနက်အစောပိုင်းက Arakan Rohingya Salvation Army (ARSA) တပ်ဖွဲ့က ထိပ်သီးခေါင်းဆောင်တဦးကို ဘင်္ဂလားဒေ့ရှ်ရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံအခြေစိုက် Dhaka Tribune သတင်းဌာနက ဖော်ပြထားပါတယ်။
ကော့စ်ဘဇားခရိုင်၊ အိုကီးယားမြို့နယ်ထဲက မြန်မာ-မွတ်ဆလင် ဒုက္ခသည်စခန်း အမှတ် ၁၉ မှာ ARSA ထိပ်ပိုင်းခေါင်းဆောင်တဦးဖြစ်တဲ့ အသက် ၃၂ နှစ်အရွယ်ရှိ ဟာဖက်ဂျူဘာယာ ဆိုသူကို ဖမ်းဆီးရမိခဲ့တာပါ။
ဘင်္ဂလားဒေ့ရှ် ထောက်လှမ်းရေးတပ်ဖွဲ့တွေရဲ့ သတင်းပေးချက်အရ ARSA ထိပ်ပိုင်းခေါင်းဆောင်တဦး ဒုက္ခသည်စခန်းမှာ ရောက်ရှိနေကြောင်း သိရတဲ့အတွက် သွားရောက်ဖမ်းဆီးရာကနေ သေနတ် ၄ လက်၊ ကျည်ဆန် ၃၂ တောင့်၊ စကားပြောစက် ၂ လုံးနဲ့အတူ ဖမ်းဆီးရမိခဲ့တာဖြစ်တယ်လို့ ဘင်္ဂလားဒေ့ရှ်ရဲအရာရှိ ဖာရွတ်အာမက်က နေ့လယ်ပိုင်းမှာ ဒေသတွင်းမီဒီယာတွေကို ပြောပါတယ်။
ဟာဖက်ဂျူဘာယာကို ရဲတပ်ဖွဲ့က စစ်ဆေးချက်အရ ARSA ခေါင်းဆောင်တဦးလို့ ထွက်ဆိုခဲ့ကာ မြန်မာနိုင်ငံတွင်းက ဝေးလံပြီး တောင်ထူထပ်တဲ့ ARSA စခန်းတခုမှာ ခြောက်လကြာ စစ်သင်တန်းတက်ခဲ့ပြီး မိသားစုဝင်တွေနဲ့ ပြန်လည်တွေ့ဆုံဖို့အတွက် မကြာသေးတဲ့ အချိန်အတွင်းကပဲ ဒုက္ခသည်စခန်းကို ပြန်ရောက်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
အဆိုပါ ဖမ်းဆီးရမိတဲ့ ARSA ထိပ်သီးခေါင်းဆောင်တဦးဖြစ်သူ ဟာဖက်ဂျူဘာယာကို တရားဥပဒေအရ ပြစ်ဒဏ်ပေးနိုင်ဖို့ အိုကီးယားစခန်းကို ပို့ဆောင်သွားမယ်လို့ ဖော်ပြထားပါတယ်။
source - Dhaka Tribune / Photo-ဘင်္ဂလားဒေ့ရှ်တပ်ဖွဲ့ဝင်တချို့
ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ အားကောင်းတဲ့ မုန်တိုင်းငယ်ဟာ မြောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး၊ ပိုမိုအားကောင်းလာကာ ဆိုင်ကလုန်းမုန်တိုင်း “မိုခါ(MOCHA)”အဖြစ်သို့ ရောက်ရှိခဲ့ပြီလို့ မိုးဇလဌာနက မေလ ၁၁ ရက် ဒီနေ့မနက် ထုတ်ပြန်ပါတယ်။
ဆိုင်ကလုန်းမုန်တိုင်း “မိုခါ(MOCHA)”ရဲ့ လက်ရှိအခြေအနေမှာ ဘင်္ဂလားဒေ့ရှ်-မြန်မာကမ်းရိုးတန်းသို့ ဦးတည်ရွေ့လျားနိုင်တဲ့ အခြေအနေရှိလို့ လိမ္မော်ရောင်အဆင့် သတ်မှတ်ထားပါတယ်။
မုန်တိုင်းဟာ ဒီနေ့ ညပိုင်းမှာ အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း “မိုခါ(MOCHA)”အဖြစ်သို့ လည်းကောင်း၊ မေလ ၁၂ ရက်မှာ မြောက်-အရှေ့မြောက်ဘက်သို့ တဖြည်းဖြည်းကွေ့ကာ ဘင်္ဂလားပင်လယ်အော်အလယ်ပိုင်းမှာ အားအလွန်ကောင်းသော ဆိုင်ကလုန်းမုန်တိုင်းအဖြစ်သို့ လည်းကောင်း ရောက်ရှိနိုင်ပြီး မေလ ၁၄ ရက်မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ အရှေ့တောင်ပိုင်းနဲ့ မြန်မာနိုင်ငံ၊ ရခိုင်ကမ်းရိုးတန်းမြောက်ပိုင်းကမ်းခြေကို ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇားမြို့နဲ့ မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ် ကျောက်ဖြူမြို့တို့ကြားမှ ဖြတ်ကျော်ဝင်ရောက်နိုင်တယ်လို့ ခန့်မှန်းထားပါတယ်။
မုန်တိုင်းဟာ မြန်မာနိုင်ငံ၊ ကိုကိုးကျွန်းမြို့ အနောက်-အနောက်တောင်ဘက် ရေမိုင် ၃၆၅ မိုင်ခန့်၊ ဟိုင်းကြီးကျွန်းမြို့ အနောက်-အနောက်တောင်ဘက် ရေမိုင် ၄၇၅ မိုင်ခန့်၊ စစ်တွေမြို့ တောင်-အနောက်တောင်ဘက် ရေမိုင် ၆၁၅ မိုင်ခန့်၊ အိန္ဒိယနိုင်ငံ၊ နီကိုးဘားကျွန်း အနောက်-အနောက်မြောက်ဘက် ရေမိုင် ၄၁၅ မိုင်ခန့်၊ ပို့ပလဲယား အနောက်-အနောက်တောင်ဘက် ရေမိုင် ၂၈၀ မိုင်ခန့်နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇားမြို့ တောင်-အနောက်တောင်ဘက် ရေမိုင် ၆၆၅ မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေတာ ဖြစ်ပါတယ်။
“မိုခါ(MOCHA)”မုန်တိုင်းရဲ့ အမြင့် ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် ၄၅ မိုင်နှုန်းခန့် ဖြစ်ပြီး မုန်တိုင်း အရှိန်ကြောင့် ဒီနေ့မနက်မှ မေ ၁၅ ရက်အတွင်း နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။
ဒါ့အပြင် စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် ဒေသအလိုက်နှင့် နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ပဲခူးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက် မိုးကြီးနိုင်တယ်လို့ ဆိုပါတယ်။
လေတိုက်နှုန်းကတော့ မုန်တိုင်းဗဟိုချက်အနီး ၉၆ မိုင်ကနေ မိုင် ၁၁၀ လောက်အထိ တိုက်ခတ်နိုင်ပြီးတော့ မုန်တိုင်းအန္တရာယ်ဇုန် ၃ ခုကို အမျိုးသားညီညွတ်ရေးအစိုးရက ထုတ်ပြန်ထားပါတယ်။
အန္တရာယ်အများဆုံးဇုန်အဖြစ် ရခိုင်ကမ်းရိုးတန်းမြောက်ပိုင်း (မောင်တောခရိုင်၊ မောင်တောမြို့နယ်၊ ဘူးသီးတောင်မြို့နယ်) စစ်တွေခရိုင် (စစ်တွေမြို့နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ပေါက်တောမြို့နယ်)တွေဖြစ်ပြီး ဒုတိယအန္တရာယ်အများဆုံးဇုန်အဖြစ် ကျောက်ဖြူခရိုင် (ကျောက်ဖြူမြို့နယ်၊ အမ်းမြို့နယ်တောင်ပိုင်း၊ ရမ်းဗြဲမြို့နယ်၊ စနဲမြို့နယ်၊ မာန်အောင်မြို့နယ်၊ သံတွဲမြို့နယ်)နဲ့ တတိယအန္တရာယ်အများဆုံးဇုန်အဖြစ် သံတွဲခရိုင်(ကျိန္တလီမြို့နယ်ခွဲ၊ ဂွမြို့နယ်)၊ ဧရာဝတီတိုင်း ပုသိမ်ခရိုင်၊ (ရွှေသောင်ယံမြို့နယ်ခွဲ၊ ငရုတ်ကောင်းမြို့နယ်ခွဲ၊ ဟိုင်းကြီးကျွန်း၊ လပွတ္တာမြို့နယ် ကမ်းခြေဒေသများ)တွေ ဖြစ်တယ်လို့ ဖော်ပြပါတယ်။
အဆိုပါအန္တရာယ်ဇုန် ၃ ခုလုံးမှာ တူညီစွာကြုံတွေ့ရမယ့် အခြေအနေတွေထဲမှာတော့ လေပြင်းတိုက်ခတ်တာ၊ လှိုင်းကြီးပြီးတော့ မိုးသက်လေပြင်း ကျရောက်တာ၊ မြေပြိုတာ၊ ရေလွှမ်းတာတွေ စတဲ့ အန္တရာယ်တွေ ကြုံတွေ့နိုင်တဲ့အတွက် အထူးသတိပြု နေထိုင်ကြဖို့ နှိုးဆော်ထားတာပါ။
ဒါ့အပြင် သဘာဝဘေးနဲ့ ပတ်သက်တဲ့ သတင်းတွေကို အများပြည်သူ အထိတ်တလန့် ဖြစ်စေဖို့ ချဲ့ကား ရေးသားတာတွေ မပြုကြဘဲ တတ်နိုင်သမျှ တိကျမှန်ကန်တဲ့ ထုတ်ပြန်ချက်တွေကို ကြည့်ရှုနားထောင်ပြီးတော့ တုံ့ပြန်ဆောင်ရွက်မှုတွေ ပြုလုပ်သင့်တဲ့အပြင် ဘေးအန္တရာယ်ရဲ့ အတိုင်းအဆနဲ့ အခြေအနေပေါ် မူတည်ပြီးတော့ ပြောင်းလဲနိုင်မှုကိုလည်း ဉာဏ်မျက်စိ၊ ဉာဏ်နားနဲ့ သတိပြုသင့်ကြောင်းလည်း အကြံပြုထုတ်ပြန်ထားပါတယ်။
ဆိုင်ကလုန်းမုန်တိုင်း အရှိန်ကြောင့် လေပြင်းတိုက်ခတ်၊ မိုးကြီး၊ ရုတ်တရက်ရေကြီးခြင်းနဲ့အတူ မြေပြိုနိုင်လို့ ကုန်းမြင့်ဒေသအနီးတွင် နေထိုင်ကြသူတွေ မြေပြိုမှုအန္တရာယ်ကို လည်းကောင်း၊ မြန်မာ့ကမ်းရိုးတန်းတလျှောက်နဲ့ မြစ်ငယ်၊ ချောင်းငယ်များအနီး နေထိုင်ကြသူတွေ ရေကြီး၊ ရေလျှံမှုများ ဖြစ်ပေါ်နိုင်တာကို ကြိုတင်သတိပြုနေထိုင်ကြဖို့ မိုးဇလဌာနက တိုက်တွန်းပါတယ်။
ပြည်တွင်းလေကြောင်း ပျံသန်းရေးနဲ့ မြန်မာ့ကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းရေယာဉ်၊ သင်္ဘောတွေ ကြိုတင်သတိပြု ရှောင်ရှားနိုင်ဖို့ အကြံပြုထားပါတယ်။
ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေးသွားတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ နေရပ်ပြန်လာရေး ပဂတိမြေပြင်အခြေအနေကို ကြည့်ရှုလေ့လာဖို့ ရိုဟင်ဂျာဒုက္ခစခန်းက တာဝန်ရှိသူတွေနဲ့ ရိုဟင်ဂျာဒုက္ခသည် ကိုယ်စားပြု အိမ်ထောင်ဦးစီး ၂၁ ဦးပါဝင်တဲ့ အဖွဲ့ဟာ ဒီနေ့ မေလ ၅ ရက်နေ့ မောင်တောမြို့သို့ လာရောက်မယ်လို့ ပြန်လည်လက်ခံရေး တာဝန်ရှိသူက ပြောပါတယ်။
“ဘင်္ဂလားဒေ့ရှ်ကနေ ငါးခူရ ပြန်လည်လက်ခံရေးစခန်းကို လာကြမှာ။ ငါးခူရကနေ လှဖိုးခေါင် ယာယီပြန်လည်လက်ခံရေးစခန်းကို လာကြမှာ၊ လှဖိုးခေါင်မှာတော့ သူတို့ စားသောက်ရေးအတွက် စီစဥ်ထားတယ်။ ဝတ်ပြုဖို့နေရာတွေပါ ကော်ဇောခင်းပြီး ပြုပြင်ထားကြတယ်ဗျ။”
ရိုဟင်ဂျာကိုယ်စားလှယ်အဖွဲ့ မလာရောက်ခင် စစ်တွေအခြေစိုက် ဘင်္ဂလားဒေ့ရှ် ကောင်စစ်ဝန်ပါ မေလ ၄ ရက်နေ့ကတည်းက မောင်တောမြို့ကို ကြိုတင်ရောက်ရှိနေပါတယ်။
“ဘင်္ဂလားဒေ့ရှ်ဘက်က လာကြမှာက IDP စခန်း တာဝန်ခံတွေနဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ ကိုယ်စားပြု အိမ်ထောင်ဦးစီး ၂၁ ဦး ပါဝင်မှာ။ တရက်တည်း လေ့လာရေးပါ။ လက်ခံမယ့်နေရာကတော့ လှဖိုးခေါင် ယာယီပြန်လည်လက်ခံရေးစခန်းပေါ့။”
၂၀၁၇ မြန်မာစစ်တပ်ရဲ့ လူမျိုးတုံးသတ်ဖြတ်မှုကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေးသွားကြသူ ၇ သိန်းကျော်အနက် ဒုက္ခသည် ၁,၀၀၀ ကျော်ကို ရှေ့ပြေးစီမံချက်တခုအဖြစ် မေလကစလို့ ဒုက္ခသည်နေရပ်ပြန်ရေးအတွက် နှစ်နိုင်ငံ ပူးပေါင်းစီစဉ်နေကြပါတယ်။
မြန်မာဘက်က လက်ခံဖို့ လျာထားတဲ့ ဒုက္ခသည်တွေထဲမှာ ရိုဟင်ဂျာ ၇၀၀ ကျော်နဲ့ ဟိန္ဒူ ၄၀၀ ပါဝင်ပြီး အဲဒီလူတွေကို မြန်မာဘက်မှ ကိုယ်စားလှယ်အဖွဲ့က ဘင်္ဂလားဒေ့ရှ်ကို သွားရောက်တွေ့ဆုံ စိစစ်အတည်ပြုပြီး ဖြစ်ပါတယ်။