ဘရာဇီးနိုင်ငံ၊ ဆောင်ပါလိုပြည်နယ်က၊ အာရာကာတူဘာမြို့မှာ သြဂုတ် ၃၀ ရက် ညသန်းခေါင်မှာ လက်နက်ကိုင်ဓားပြတွေက ဒေသခံတွေကို လူသားဒိုင်းအဖြစ် အသုံးချပြီး ဘဏ်အတော်များများကို တိုက်ခိုက် စီးနင်းခဲ့တယ်လို့ ပြည်နယ် အကြီးတန်းလုံခြုံရေးအရာရှိ တယောက်က ပြောပါတယ်။
ဒေသခံတွေကို ဖောက်ခွဲရေးပစ္စည်းတွေ ဝတ်ဆင်ပေးပြီး ရဲတွေကို ပစ်ခတ်ခဲ့လို့ အရပ်သား ၂ ယောက်နဲ့ တိုက်ခိုက်သူလို့ သံသယရှိသူ ၁ ယောက် အပါအဝင် လူ ၃ ယောက်ထက်မနည်း သေဆုံးခဲ့တယ်လို့ အရာရှိတွေက ပြောပါတယ်။
ကိုဗစ်-၁၉ ကပ်ရောဂါဘေးအတွင်း လူမှုဖူလုံရေး အစီအစဉ်တွေကြောင့် ဒေသန္တရမြို့တွေက ဘဏ်ခွဲတွေမှာ ငွေသားတွေ ပိုသိုလှောင်ထားတာပါ။
ဒါဟာ ပိုဆင်းရဲတဲ့ ဘရာဇီးပြည်သူတွေ ရဲရဲတင်းတင်း စီးနင်းဖို့ အားပေးသလို ဖြစ်ခဲ့တယ်လို့ ပညာရှင်တွေက ယုံကြည်ထားပါတယ်။
လက်နက်တွေ အကြီးအကျယ် ကိုင်ဆောင်ထားတဲ့ အမျိုးသား ၂၀ ကျော်က ကား ၁၀ စီးကို သုံးပြီး တိုက်ခိုက်ခဲ့တာလို့ ဆောင်ပါလိုပြည်နယ် စစ်ရဲအဖွဲ့ အမှုဆောင်အတွင်းရေးမှူး အယ်ဗာရို ကာမီလိုက ကြေညာချက် ထုတ်ပြန် အစီရင်ခံပါတယ်။
တိုက်ခိုက်သူတွေဟာ မြို့ထဲကို ဝင်လာချိန်မှာ လမ်းတွေကို စောင့်ကြည့်ဖို့ ဒရုန်းယာဉ်တွေကို သုံးခဲ့ပြီး ဘဏ်တွေကို စီးနင်းခဲ့တာပါ။
အဲဒီနောက် မြို့အနှံ့ ဖောက်ခွဲရေးပစ္စည်းတွေ ထောင်ချောက်ဆင်ထားခဲ့အပြီး ထွက်ပြေး လွတ်မြောက်သွားခဲ့တယ်လို့ ကြေညာချက်က ဆိုပါတယ်။
ဖောက်ခွဲရေးပစ္စည်းတွေကို ရှာတွေ့လို့ ဖြုတ်သိမ်းပြီးတဲ့ အချိန်အထိ မြို့ခံတွေ အိမ်ထဲကနေ မထွက်ကြဖို့ ကာမီလိုက တိုက်တွန်းထားပြီး တိုက်ခိုက်သူ ၂ ယောက်ကို ဖမ်းမိထားပြီလို့လည်း ပြောပါတယ်။
ဘရာဇီးနိုင်ငံမှာ ဘဏ်စီးနင်းမှု သမိုင်းရှည်ကြီး ရှိခဲ့ပြီး လတ်တလောနှစ်တွေအတွင်း အကြမ်းဖက် လုယက်မှု လှိုင်းတွေရဲ့ ဒဏ်ကို ရုန်းကန်ရင်ဆိုင်နေရပါတယ်။