close

ဘဏ်ပြိုလဲမှု

close

March 14, 2023

ပြင်သစ်နှင့် ဘယ်လ်ဂျီယံဘဏ်များ ပြိုလဲမည့်အန္တရာယ်မရှိဟု ဘဏ္ဍာရေးဝန်ကြီးများ ကတိပေး

အမေရိကန်ပြည်ထောင်စုရှိ ဆီလီကွန်ဗယ်လီဘဏ် (SVB) ပြိုကျမှုကြောင့် ပြင်သစ်နဲ့ ဘယ်လ်ဂျီယံဘဏ်တွေမှာ ကူးစက်ပြိုလဲမယ့်အန္တရာယ် မရှိကြောင်း နှစ်နိုင်ငံ ဘဏ္ဍာရေးဝန်ကြီးတွေက မတ်လ ၁၃ ရက် ဘရပ်ဆဲလ်မှာကျင်းပနေတဲ့ Eurogroup ဘဏ္ဍာရေးဝန်ကြီးများ အစည်းအဝေးမှာ ပြောပါတယ်။

ပြင်သစ်အတွက် အထူးတလည် အန္တရာယ်ရှိတယ်လို့ မမြင်တွေ့ရတာကြောင့် ရင်းနှီးမြှုပ်နှံသူတွေ စိတ်အေးအေးထားကြဖို့လိုပါကြောင်း ပြင်သစ်ဘဏ္ဍာရေးဝန်ကြီး ဘရူနိုလီမဲရ်က အလေးပေး ပြောကြားပါတယ်။

ဘယ်လ်ဂျီယံဘဏ္ဍာရေးဝန်ကြီး ဗင်းဆင့်ဗန်ပေးတိဂမ်ကလည်း အခြေအနေကို နာရီအလိုက် စောင့်ကြည့်အကဲဖြတ်နေကြောင်းနဲ့ အခုလောလောဆယ် ဘယ်လ်ဂျီယံဘဏ်တွေအပေါ် သက်ရောက်မှုရှိတဲ့ ဘာအန္တရာယ် အရိပ်အယောင်မှ မရှိကြောင်း ပြောပါတယ်။

ဥရောပနဲ့ ဘယ်လ်ဂျီယံ စည်းမျဉ်းဘောင်မှာလည်း အခြေအနေ ဘယ်လိုရှိတယ်ဆိုတာ ရှင်းရှင်းလင်းလင်း သိနိုင်တာကြောင့် ဘဏ်လုပ်ငန်းစနစ်ကို ယုံကြည်စိတ်ချဖို့နဲ့ ကူညီပေးကြဖို့လည်း ဆိုပါတယ်။

ပြီးခဲ့တဲ့သီတင်းပတ် နှောင်းပိုင်းက ဆီလီကွန်ဗယ်လီဘဏ် (SVB) နဲ့ Signature Bank တို့ ပြိုကျခဲ့ပြီးနောက်မှာ အမေရိကန် ဘဏ်လုပ်ငန်းစနစ် ဘေးကင်းရေးအတွက် လိုအပ်သမျှ အရေးယူဆောင်ရွက်ပေးမယ်လို့ သမ္မတ ဂျိုးဘိုင်ဒင်က ကတိပြုထားပေမဲ့လည်း တနင်္လာနေ့မှာတော့ ကမ္ဘာတဝန်းရှိ ဘဏ်စတော့တွေ ကျဆင်းခဲ့ပါတယ်။

9 mins Ago
Up