စပိန်နိုင်ငံ ဘာစီလိုနာပြည်နယ်က ဘဏ်ဟောင်းအဆောက်အအုံတခုမှာ နိုဝင်ဘာ ၃၀ ရက်က မီးလောင်လို့ ကလေး ၂ ယောက် အပါအဝင် လူ ၄ ယောက် သေဆုံးတယ်လို့ မီးသတ်သမားတွေက ပြောပါတယ်။
ဗလာကျင်းနေတဲ့ အဆောက်အအုံထဲမှာ မိသားစု ၂ စု နေခဲ့ကြတာလို့ အရာရှိတွေက ပြောပါတယ်။
“လူကြီး ၂ ယောက်၊ ရင်ခွင်ပိုက် ကလေးတယောက်နဲ့ ၃ နှစ်သား ကလေးတယောက် သေဆုံးခဲ့တာ။ လူ ၄ ယောက် အသက်ရှင်ခဲ့ပေမဲ့ မီးခိုးရှူမိလို့ ဆေးကုသ ခံနေရတယ်။ မီးလောင်ရတဲ့ အကြောင်းရင်းကို မသိရသေးဘဲ ရဲတွေက စုံစမ်းစစ်ဆေးနေတယ်” လို့ မြို့ရဲ့ မီးသတ်တပ်ဖွဲ့ အကြီးအကဲ အိန်ဂျယ် လိုပက်ဇ်က ပြောပါတယ်။
ဘာစီလိုနာပြည်နယ်က စွန့်ပစ်အဆောက်အအုံ အများအပြားကို အိမ်ခြေမဲ့ လူတွေက တရားမဝင် သိမ်းပိုက်ထားလေ့ ရှိပါတယ်။
မနှစ်က ဒီဇင်ဘာလမှာ ဘာစီလိုနာမြို့ ဆင်ခြေဖုံးက ကျူးကျော်နေထိုင်သူတွေ သိမ်းပိုက်ထားတဲ့ စွန့်ပစ် ကုန်လှောင်ရုံတခုအတွင်း လူအတော်များများ သေဆုံးခဲ့ဖူးပါတယ်။