ကချင်ပြည်နယ် မြစ်ကြီးနားမြို့ မြန်မာ့စီးပွားရေးဘဏ်မှာ ပင်စင်စားတွေကို ဘဏ်ဝန်ထမ်းတွေက ငွေထုတ်ယူတဲ့ တုံကင်နံပါတ်တွေ တရားမဝင် ရောင်းချပြီး ငွေတောင်းခံနေတယ်လို့ ပင်စင်ထုတ်ယူသူတွေက ပြောပါတယ်။
မြန်မာ့စီးပွားရေးဘဏ် ပင်စင်ထုတ်ရက်အတွင်း ပင်စင်ထုတ်ယူဖို့ ဘဏ်ဝန်ထမ်းတွေဆီက တုံကင်တခုကို ၂၀၀၀ ကျပ်မှ ၃၀၀၀ အထိ ပေးဝယ်ယူနေရတယ်လို့ ဆိုပါတယ်။
"ပင်စင်ထုတ်မယ်ဆို တုံကင်နံပါတ်ရဖို့ ကြိုဖုန်းဆက်ရတယ်။ ဘဏ်ရောက်ရင် ဘဏ်ဝန်ထမ်းကောင်လေးဆီက တုံကင်ကို ၁ ကနေ ၁၀၀ အတွင်းကို တခု နှစ်ထောင် နဲ့ ဝယ်ရတယ်။ ရှေ့ဆုံးမြန်မြန်ရချင်ရင် ၃၀၀၀ ပေးဝယ်ရတယ်။ တုံကင်မဝယ်ဘဲ သူတို့ဝေတာကို စောင့်ရင်တော့ နံပါတ် ၆၀၀ လောက်ဖြစ်သွားပြီး အချိန်အကြာကြီးစောင့်ရတယ်" လို့ ပင်စင်လာထုတ်တဲ့ အမျိုးသားတဦးက ပြောပါတယ်။
မြစ်ကြီးနားမြို့နယ်မှာ ပင်စင်ထုတ်သူတွေကို မြန်မာ့စီးပွားရေးဘဏ်က လစဉ်တိုင်းရဲ့ ၂၁ ရက်နေ့ကနေ ၂၃ ရက်နေ့အထိ ပင်စင်လစာ ထုတ်ပေးတာပါ။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပင်စင်စားပြည်သူတွေအပေါ် တရားမဝင်တုံကင် နံပါတ်ရောင်းချတာနဲ့ ပတ်သက်ပြီး ၂၀၂၂ ခုနှစ်အတွင်းက ဘဏ်မန်နေဂျာဆီ တိုင်ကြားခဲ့ပေမဲ့ အခုအချိန်ထိ အရေးယူမှုမရှိခဲ့ဘူးလို့ ပင်စင်စားတွေက ပြောတယ်။
လက်ဘနွန်နိုင်ငံမှာ နှစ်နဲ့ချီပြီး ငွေထုတ်ယူရာမှာ တရားဝင်မဟုတ်တဲ့ ကန့်သတ်ချက်တွေနဲ့ မြန်မြန်ဆန်ဆန်ယိုယွင်းလာနေတဲ့ စီးပွားရေးအခြေအနေတွေကို ဆန့်ကျင်ကန့်ကွက် ဆန္ဒပြခဲ့ကြပြီး ဖေဖော်ဝါရီ ၁၆ ရက်က ဆန္ဒပြသူ ဒါဇင်ပေါင်းများစွာဟာ ဘေရွတ်ရပ်ကွက်ရှိ ဘဏ်တွေကို တိုက်ခိုက်ခဲ့ပြီး လမ်းတွေကိုလည်း ပိတ်ဆို့ခဲ့ကြပါတယ်။
ဘာဒါရိုရပ်ကွက်ရှိ ဘဏ်တခုမှာ မီးလောင်ကျွမ်းနေလို့ မီးသတ်သမားတွေက ရေဖျန်းပက် မီးငြှိမ်းသတ်နေချိန်မှာ အဓိကရုဏ်းနှိမ်နင်းရေး ရဲတွေကလည်း အနီးအနားမှာ ဒိုင်းတွေနဲ့ ရပ်စောင့်နေကြတာပါ။
လက်ဘနွန်သုံး ပေါင်ငွေဟာ ကြာသပတေးနေ့က အနိမ့်ဆုံးစံချိန်သစ်ကို ရောက်ရှိသွားချိန်မှာ ဘဏ် ၆ ခုထက်မနည်း ပစ်မှတ်ထားခံခဲ့ရကြောင်း ဘဏ်လုပ်ငန်းကဏ္ဍထဲမှာ ငွေတွေပိတ်မိနေတဲ့ အပ်နှံသူတွေကို ကိုယ်စားပြုတဲ့ လော်ဘီအဖွဲ့ Depositors Outcry ရဲ့ ပြောရေးဆိုခွင့်ရှိသူတဦးက ဆိုပါတယ်။
ပြီးခဲ့တဲ့ ၂ ရက်က အမေရိကန် ၁ ဒေါ်လာကို ပေါင် ၇၀၀၀၀ ကနေ ကြာသပတေးနေ့မှာတော့ လက်ထဲမှာပဲ ပေါင် ၈၀၀၀၀ အထိ တန်ဖိုးကျဆင်းသွားခဲ့တာပါ။
အကျပ်အတည်းကို စီမံခန့်ခွဲဖို့ ရုန်းကန်နေရတဲ့ လက်ဘနွန်ဗဟိုဘဏ်ကလည်း ဘာကြောင့် ပေါင်ငွေတန်ဖိုးကျရလဲ၊ ဒီပြဿနာကို ဖြေရှင်းဖို့ ဘာလုပ်မလဲဆိုတဲ့ မေးခွန်းတွေအပေါ် မှတ်ချက်ပေးဖို့ တောင်းဆိုမှုကို မတုံ့ပြန်ခဲ့ပါဘူး။ လက်ဘနွန်ဝန်ကြီးချုပ်ရုံးက နိုင်ငံတွင်း ဘဏ္ဍာရေးအခြေအနေတွေကို ကုစားဖို့ လုပ်ဆောင်နေတယ်လို့ ပြောပါတယ်။
၂၀၁၉ ခုနှစ်ကစတင်ပြီး လက်ဘနွန်ဘဏ်တွေဟာ အမေရိကန်ဒေါ်လာနဲ့ လက်ဘနွန်ပေါင်ငွေ ထုတ်ယူခြင်းအပေါ် ဥပဒေနဲ့ လုံးဝမညီတဲ့ ကန့်သတ်ချက်တွေ ချမှတ်ခဲ့တာကြောင့် ငွေအပ်နှံထားသူတွေဟာ သူတို့ငွေတွေကို ပြန်ထုတ်ယူဖို့ မကြာခဏဆိုသလို အတင်းအဓမ္မ တောင်းဆိုရတာနဲ့ တရားစွဲဆိုမှုတွေ လုပ်နေရတာပါ။
၂၀၁၉ ခုနှစ်မှာ နိုင်ငံတော်ရဲ့ ဘဏ္ဍာရေးကဏ္ဍ ပြိုကျပြီးနောက်မှာ လက်ဘနွန်ပေါင်ငွေ တန်ဖိုးလည်း ၉၈ ရာခိုင်နှုန်းကျော် ဆုံးရှုံးခဲ့ပါတယ်။
လက်ဘနွန်ဟာ ၂၀၂၂ ခုနှစ် ဧပြီလက နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ရဲ့ ထောက်ပံ့ငွေ ရရှိရေးအတွက် ပထမဆုံးအဆင့်တခုကို ပြုလုပ်ခဲ့ပေမဲ့ ၁ နှစ်နီးပါးကြာပြီးနောက်မှာတော့ အပြီးသတ်ပြင်ဆင်ဖို့ လိုအပ်တဲ့ ပြုပြင်ပြောင်းလဲမှုတွေလုပ်ဆောင်ဖို့ ပျက်ကွက်ခဲ့တာ ဖြစ်ပါတယ်။