close

ဘတ်ဂျက်

close

January 3, 2023

စစ်အသုံးစရိတ် စံချိန်တင်တိုးမြှင့်သုံးစွဲနေသည့် စစ်ကောင်စီကို ဘတ်ဂျက်ကျွမ်းကျင်သူများ ဝေဖန်

တိုင်းပြည်ဆင်းရဲမွဲတေနေချိန်မှာ အာဏာသိမ်းစစ်ခေါင်းဆောင်ဟာ ထပ်တိုးဘတ်ဂျက် အတည်ပြုပြဋ္ဌာန်းကာ ကာကွယ်ရေးအသုံးစရိတ်ကို ကျပ် ၄,၁၄၀ ဘီလီယံကျော်အထိ စံချိန်တင် တိုးမြှင့်သုံးစွဲနေတဲ့အပေါ် ဘတ်ဂျက်ကျွမ်းကျင်တဲ့ လေ့လာသူတွေက ဝေဖန်ပြောကြားလိုက်ပါတယ်။

စစ်ခေါင်းဆောင်ဟာ နိုင်ငံတော်အာဏာကို တရားမဝင်သိမ်းပြီးနောက် ၂၀၂၂ ခုနှစ် မတ်လ ၂၉ ရက်နေ့စွဲနဲ့ အတည်ပြုပြဋ္ဌာန်းခဲ့တဲ့ ၂၀၂၂-၂၃ ဘဏ္ဍာနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေ ရသုံးဆိုင်ရာ ဥပဒေမှာ ကာကွယ်ရေးအတွက် အသုံးစရိတ် ကျပ်သန်းပေါင်း ၃,၇၀၃,၈၆၆ ဒသမ ၇၉၈ (ဘီလီယံ ၃,၇၀၀ ကျော်) ထပ်ချပေးထားခဲ့တာပါ။ ဒီပမာဏဟာ ပြည်ထောင်စုဝန်ကြီးဌာနတွေနဲ့ ဦးစီးဌာနတွေရဲ့ စုစုပေါင်း အသုံးစရိတ်နဲ့ယှဉ်ရင် ရာခိုင်နှုန်းအားဖြင့် ၂၀ ဒသမ ၅ ရာခိုင်နှုန်းအထိ ရှိပါတယ်။

အခုတခါ ၂၀၂၂-၂၃ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ နောက်ထပ် ဘဏ္ဍာငွေခွဲဝေသုံးစွဲရေး ဥပဒေ ဆိုပြီး (နောက်တိုး ဘတ်ဂျက်) စစ်ခေါင်းဆောင်က ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၁၈ ရက်နေ့စွဲနဲ့ ထပ်မံခွင့်ပြုပေးလိုက်ပါတယ်။

ခွင့်ပြုချက်အရ ကာကွယ်ရေးအတွက် အသုံးစရိတ်က ကျပ်သန်းပေါင်း ၄၄၀,၂၀၉ ဒသမ ၂၂၈ (၄၄၀ ဘီလီယံ) ရှိပါတယ်။ အဆိုပါပမာဏဟာ ပြည်ထောင်စုဝန်ကြီးဌာနတွေနဲ့ ဦးစီးဌာနတွေရဲ့ စုစုပေါင်းအသုံးစရိတ် (ထပ်တိုးဘတ်ဂျက်) နဲ့ယှဉ်ရင် ရာခိုင်နှုန်းအားဖြင့် ၃၉ ရာခိုင်နှုန်းရှိပြီး အမြင့်ဆုံးရှိနေတာ တွေ့ရပါတယ်။

ဒါကြောင့် အကြမ်းဖက်စစ်ခေါင်းဆောင်ဟာ ၂၀၂၂-၂၃ ဘဏ္ဍာရေးနှစ် တနှစ်တည်းမှာ ကာကွယ်ရေးအတွက် အသုံးစရိတ် ကျပ်သန်းပေါင်း ၄,၁၄၀ ဘီလီယံကျော်အထိ သုံးစွဲဖို့ စံချိန်တင် ခွင့်ပြုပေးထားပါတယ်။

ဒါကြောင့် စစ်ကောင်စီအနေနဲ့ ကာကွယ်ရေးအတွက် အသုံးစရိတ်ကို တနှစ်တာအတွင်းမှာ စံချိန်တင် တိုးမြှင့်သုံးစွဲလာတာဟာ အကြောင်းမဲ့မဖြစ်နိုင်ဘူးလို့ ဘတ်ဂျက် စောင့်ကြည့်လေ့လာသူတွေက ဆိုပါတယ်။

သုတေသီတဦးက “ကာကွယ်ရေးအတွက် အသုံးစရိတ်က ဒီတနှစ်တည်းမှာ တော်တော်လေး တိုးလာတာ တွေ့ရတယ်။ ပြီးခဲ့တဲ့ကာလတွေမှာ သုံးခဲ့တဲ့ ကာကွယ်ရေးအသုံးစရိတ်ကို ပြန်ကြည့်တဲ့အခါ ဘတ်ဂျက်စုစုပေါင်းရဲ့ ၁၃ ရာခိုင်နှုန်းလောက် ‌ေပးခဲ့တာ တွေ့ရတယ်။ အခုတော့ ထပ်တိုးဘတ်ဂျက်မပါခင် သူတို့ထုတ်တဲ့ စာရင်းတွေအရ ၁၈ ရာခိုင်နှုန်းလောက် ရှိတာဆိုတော့ ကာကွယ်ရေးအသုံးစရိတ်တွေ တက်လာတယ်လို့ ပြောနိုင်ပါတယ်။ ပြီးတော့ အခုဟာက သိတဲ့အတိုင်းပဲ စစ်အုပ်ချုပ်ရေးဆိုတော့ သူတို့ဆီမှာ check and balance ကလည်း မရှိဘူးလေ။ အရင်ကတော့ လွှတ်တော်ရှိတဲ့အတွက် လွှတ်တော်မှာ တင်ရတယ်။ ဒါကို အပြန်အလှန် ဆွေးနွေးပြီးတော့မှ စဉ်းစားဆုံးဖြတ်ကြတာပေါ့။ အခုတော့ စစ်ကောင်စီ ကို counter လုပ်မယ့်သူလည်း မရှိဆိုတော့ ကိုယ့်ဘတ်ဂျက်ကို ကိုယ့်ဘာသာကိုယ်ဆွဲပြီး သုံးသလိုတော့ ရှိတာပေါ့” လို့ ဒီဗွီဘီကို ပြောပါတယ်။

ဘတ်ဂျက်လေ့လာသူတဦးကလည်း “စစ်ကောင်စီက ခွင့်ပြုပေးလိုက်တဲ့ ထပ်တိုးဘတ်ဂျက် စာရင်းမှာ ကျန်းမာရေးအတွက် အသုံးစရိတ်က ကျပ်သန်းပေါင်း ၁,၂၀၀ (၁ ဒသမ ၂ ဘီလီယံ) ဆိုတာက ကာကွယ်ရေးအသုံးစရိတ် ကျပ်သန်းပေါင်း ၄၄၀ ဘီလီယံနဲ့ယှဉ်ရင် အဆပေါင်း ၃၀၀ ကျော်အထိ ကွာတယ်နော်။ ဆိုတော့ စစ်အုပ်ချုပ်ရေးအောက်က ကျန်းမာရေးစနစ် ဘယ်လိုဖြစ်မလဲဆိုတာ စဉ်းစားကြည့်လို့ ရပါတယ်။ တခါ ပညာရေးအသုံးစရိတ်ပေါ့။ သူကတော့ ကျပ်သန်းပေါင်း ၉ ဒသမ ၇ ဘီလီယံ သုံးမယ်ဆိုတော့ ကျန်းမာရေးလောက်တော့ မဆိုးဘူးပေါ့ဗျာ။ ဒါပေမဲ့ ကာကွယ်ရေးအသုံးစရိတ်နဲ့ ယှဉ်ရင်တော့ ၄ ဆကျော်လောက် နည်းတာ တွေ့ရတယ်။ ဒါကလည်း သိတဲ့အတိုင်းပဲလေ။ နယ်မြေစိုးမိုးရေးအတွက် တိုက်ပွဲတွေဖြစ်နေတာဆိုတော့ အသုံးစရိတ်က လိုတာပေါ့နော်။ တိုင်းပြည်အတွက်ကတော့ စိတ်မကောင်းစရာပဲ” လို့ ဒီဗွီဘီကို ပြောပါတယ်။

စစ်တပ်ဟာ တိုင်းပြည်ကာကွယ်ရေးဆိုတဲ့ ခေါင်းစဉ်အောက်ကနေ အသုံးပြုခဲ့တဲ့ ကာကွယ်ရေးအသုံးစရိတ်တွေကို နှစ်အလိုက်ကြည့်ပါက ၂၀၁၆-၁၇ ဘဏ္ဍာနှစ်မှာ ကျပ် ၂,၉၉၀ ဘီလီယံကျော်၊ ၂၀၁၇-၁၈ ဘဏ္ဍာနှစ်မှာ ကျပ် ၃,၁၉၂ ဘီလီယံကျော်၊ ၂၀၁၈-၁၉ ဘဏ္ဍာနှစ်မှာ ၃,၂၅၀ ဘီလီယံကျော်၊ ၂၀၁၉-၂၀ ဘဏ္ဍာနှစ်မှာ ၃,၃၈၅ ဘီလီယံကျော်၊ ၂၀၂၀-၂၁ ဘဏ္ဍာနှစ်မှာ ၃,၄၁၄ ဘီလီယံကျော် အသီးသီး သုံးစွဲခဲ့ပါတယ်။

တိုင်းပြည်ဘဏ္ဍာငွေတွေကို အခုလို နှစ်စဉ် တိုးမြှင့်သုံးစွဲခဲ့တဲ့ စစ်တပ်ဟာ လက်ရှိမှာတော့ နိုင်ငံအနှံ့အပြားရှိ ပြည်သူတွေကို ပစ်ခတ်သတ်ဖြတ်နေပြီး ရွာလုံးကျွတ် မီးရှို့နေတဲ့အပြင် လေကြောင်းကပါ ဗုံးကြဲတိုက်ခိုက်တဲ့ အကြမ်းဖက်လုပ်ရပ်တွေကို အပြင်းအထန် ပြုလုပ်နေပါတယ်။

စစ်ကောင်စီက စစ်အသုံးစရိတ်နဲ့ ကာကွယ်ရေးအသုံးစရိတ်တွေကို စံချိန်တင်သုံးစွဲနေချိန်မှာ တိုင်းပြည်ရဲ့ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေးတွေကတော့ ယိုယွင်းပျက်စီးပြီး ပြည်သူလူထုဟာလည်း ဆင်းရဲတွင်းနက် ခက်ခဲကျပ်တည်းနေကြတာ ဖြစ်ပါတယ်။

6 mins Ago

March 18, 2022

စစ်ကောင်စီက ဘတ်ဂျက်အသုံးစရိတ် ပြည်သူကိုချမပြဘဲ နိုင်ငံ့ဘဏ္ဍာငွေများကို စိတ်ကြိုက်သုံးစွဲ

အာဏာသိမ်းစစ်ကောင်စီဟာ ကာကွယ်ရေးနဲ့ စစ်အသုံးစရိတ်အပါအဝင် နိုင်ငံတော်ဘတ်ဂျက်တွေကို ပြည်သူလူထုထံ ပွင့်လင်းမြင်သာစွာချပြခြင်းမရှိဘဲ ပြည်ထောင်စုရဲ့ ဘတ်ဂျက်ဥပဒေတရပ်ကို စိတ်ကြိုက်ရေးဆွဲ ပြဋ္ဌာန်းဖို့ ပြင်ဆင်နေပါတယ်။

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်ပြီး မတ်လ ၁၇ ရက်နေ့က ဘဏ္ဍာရေးဆိုင်ရာကော်မရှင်အစည်းအဝေးကို နေပြည်တော်မှာကျင်းပကာ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွက် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာဥပဒေ တရပ်ကို ပြဋ္ဌာန်းဖို့ ဆွေးနွေးခဲ့တယ်လို့သာ စစ်ကောင်စီကသတင်းထုတ်ပြန်ပြီး ဘတ်ဂျက်အသုံးစရိတ် ပမာဏကိုတော့ အများပြည်သူသိအောင် ထုတ်ပြန်ခဲ့တာ မရှိပါဘူး။

အရင်အရပ်သားအစိုးရလက်ထက်မှာတော့ နိုင်ငံတော်ရဲ့ ပြည်ထောင်စု ဘတ်ဂျက်နဲ့ ပတ်သက်ပြီး လွှတ်တော်အသီးသီးမှာ ပွင့်လင်းမြင်သာစွာ ငြင်းခုံဆွေးနွေး ပြည်သူလူထုကို ချပြပြီးမှ ပြည်ထောင်စု၏ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာဥပဒေ တရပ်ကိုနှစ်စဉ် ပြဋ္ဌာန်းလေ့ရှိခဲ့တာ ဖြစ်ပါတယ်။

အခုလို စစ်ကောင်စီခေါင်းဆောင် ဦးဆောင်ပြီး စိတ်ကြိုက်ရေးဆွဲမယ့် ဘတ်ဂျက်ဟာ လုပ်ထုံးလုပ်နည်းနဲ့ သွေဖယ်မှု ရှိနေတယ်လို့ စီးပွားရေးလေ့လာသုံးသပ်သူတွေက ပြောပါတယ်။ 

စီးပွားရေးသုတေသီတဦးက “ပုံမှန်အားဖြင့်ဆိုရင် Budget law တွေ ဘာတွေ လုပ်ရတယ်။ ဥပဒေတွေ ဘာတွေ ရေးဆွဲရတယ်ပေါ့နော်။ ဆိုတော့ ဘတ်ဂျက် ရေးဆွဲတဲ့အခါမှာ ဥပဒေအပေါ်မှာ အခြေခံရတယ်။ နောက်တချက်က နိုင်ငံတော်ရဲ့ မူဝါဒ အပေါ်မှာ အခြေခံရတယ်။ အဲ့လို ဖြစ်တော့ ဥပဒေဆိုတဲ့နေရာမှာ သူက(စကစခေါင်းဆောင်) ဒီအစည်းအဝေးမတိုင်ခင်မှာ ပထမရက်မှာ စီမံကိန်းရေးဆွဲရေးကော်မတီဆိုပြီး အစည်းအဝေးလုပ်တယ်။ အဲ့တော့ သူက စီမံကိန်းတွေ အရင်ချတယ်။ ပြီးတော့ ဒီစီမံကိန်းပေါ် အခြေခံပြီးတော့ ဘတ်ဂျက် လုပ်တာပေါ့ဗျာ။ နောက်တခုက နိုင်ငံတော်မူဝါဒပေါ်လစီ ဆိုတဲ့နေရာမှာ သူတို့ ပြောနေတဲ့ ဦးတည်ချက် ၉ ရပ်၊ ရှေ့လုပ်ငန်းစဉ် ၅ ရပ် စသဖြင့်ပေါ့နော်။ ဒါတွေကတော့ သူတို့ရဲ့ ပေါ်လစီတွေပေါ့။ ဒီဟာ တွေအပေါ်မှာ ဘတ်ဂျက်ဆွဲတာပေါ့။ ဒါပေမဲ့ ကျနော်တို့က အခုအချိန်မှာ ဒီဘတ်ဂျက်ကြီး တခုလုံးကို မမြင်ရသေးဘူးနော်။ အဲ့တော့ ဒီဘတ်ဂျက်အပေါ်မှာ ဘယ်ဝန်ကြီးဌာနတွေကတော့ ရာခိုင်နှုန်းဘယ်လောက်သုံးမယ်ဆိုတာ ကျနော်တို့ မသိရသေးဘူး။ အရေးကြီးဆုံးအချက်ကတော့ ဘတ်ဂျက်တွေနဲ့ ပတ်သတ်ပြီး ပွင့်လင်းမြင်သာမှု ရှိဖို့အတွက် ဘတ်ဂျက်ကို အပေါ်ကနေ စောင့်ကြည့်ကြီးကြပ်တာမျိုး ရှိတာပေါ့နော်။ အရင်ကဆိုရင်လွှတ်တော် ကနေ စိစစ်ဖြတ်တောက်တာတွေ လုပ်ရတယ်။ အခုအချိန်မှာတော့ ဒါမျိုးတွေ မရှိဘူး” လို့ ဒီဗွီဘီကို ပြောပါတယ်။

၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်  ပြည်ထောင်စုရဲ့ အရအသုံး ခန့်မှန်းခြေ ငွေစာရင်းနဲ့ ပြည်ထောင်စုရဲ့ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေကြမ်းတို့ကို ဘဏ္ဍာရေးဆိုင်ရာကော်မရှင်ရဲ့ ထောက်ခံချက်နဲ့အတူ  ပြည်ထောင်စုအစိုးရအဖွဲ့မှတဆင့်  စစ်ကောင်စီသို့ ဆက်လက်တင်ပြပြီး ပြည်ထောင်စုရဲ့ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေကို အချိန်မီ အတည်ပြုပြဋ္ဌာန်းနိုင်ရေး  ဆက်လက်ဆောင်ရွက်မယ်လို့ စစ်ခေါင်းဆောင်က အဆိုပါ အစည်းအဝေးမှာ ပြောဆိုခဲ့ပါတယ်။

ဘတ်ဂျက်ရေးရာ ကျွမ်းကျင်သူတဦးက “ဘတ်ဂျက်တွေကို ကျနော်တို့ စောင့်ကြည့်တဲ့အခါမှာ ဘာကို အဓိကထားကြည့်လဲဆိုရင် ရငွေနဲ့ သုံးငွေ ကိုပေါ့နော်။ ရငွေက နည်းနေပြီး သုံးငွေက သိပ်များနေရင် ဂျီဒီပီရဲ့ ရာခိုင်နှုန်းနဲ့ တွက်တယ်ဗျ။ ဥပမာ- ၅ ရာခိုင်နှုန်းထက် ကျော်လွန်နေပြီဆိုရင် အဲ့ဒါက မီးနီ ပြနေပြီပေါ့နော်။ အခုအနေအထားမှာတော့ ရငွေနဲ့ သုံးငွေကို ဘယ်လောက်မှန်းထားသလဲ ကျနော်တို့ မသိရသေးဘူး။ နောက်တချက်က ဂျီဒီပီ တိုးတက်မှုပေါ့။ ဂျီဒီပီ ဘယ်လောက် တိုးတက်မှုရှိလဲ ဆိုတာကို ဒီဘတ်ဂျက်မှာ တွက်တာမျိုးတွေ ရှိတယ်။ ပြီးတော့ ဝန်ကြီးဌာနအလိုက်ရာခိုင်နှုန်းဘယ်လောက်သုံးမလဲဆိုတာမျိုးကို ကြည့်ကြတယ်ဗျာ။ ဒီတော့ ကျနော်တို့က ကျန်းမာရေးနဲ့ ပညာရေးမှာ ဘတ်ဂျက်ကို တိုးစေချင်တယ်။ ပုံမှန်အားဖြင့် ကာကွယ်ရေးမှာဆိုရင် ၁၃ ရာခိုင်နှုန်း လောက်သုံးတာမျိုး တွေ့ရတယ်။ အခုဘတ်ဂျက်မှာကော ဒီရာခိုင်နှုန်းက  ထပ်တိုးလာမလားဆိုတာ ကျနော်တို့ စောင့်ကြည့်ရမယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

လက်ရှိအချိန်အထိတော့ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်မှာ သုံးစွဲမယ့် ပညာရေး၊ ကျန်းမာရေးအပါအဝင် ဝန်ကြီးဌာနအသီးသီးရဲ့ ဘတ်ဂျက်တွေ၊ ပြည်နယ်နဲ့ တိုင်းတွေအတွက် သုံးစွဲမယ့်  ဘတ်ဂျက်တွေ၊ ပတ်သက်ပြီး  စစ်ကောင်စီက သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။ 

သဘာဝဘေးအန္တရာယ် ကာကွယ်ရေး ၊ ကယ်ဆယ်ရေး နဲ့ ပြန်လည်ထူထောင်ရေးလုပ်ငန်း  အရေးပေါ်ရန်ပုံငွေကိုတော့ ဗဟိုမှာ ငွေကျပ် ၁၀၀ ဘီလီယံ ထားရှိကာ နေပြည်တော်နဲ့ တိုင်းနဲ့ ပြည်နယ်တွေအတွက် ငွေကျပ် ၁၅ ဘီလီယံ လျာထားပြီး အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ရန်ပုံငွေကိုလည်း အရင်နှစ်ကလိုပဲ ငွေကျပ် ၂၀ ဘီလီယံနဲ့  စုစုပေါင်း ငွေကျပ် ၁၃၅ ဘီလီယံ ထည့်သွင်းလျာထားတယ်လို့ သိရပါတယ်။

Photo-MOI

10 months Ago
Up