ပြည်ပကို နယ်စပ်ကနေတင်ပို့တဲ့ ပဲမျိုးစုံ (မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစင်းငုံ၊ ကုလားပဲ)၊ ဆီထွက်သီးနှံ (မြေပဲ၊ နှမ်း)၊ ပြောင်း၊ ရာဘာ၊ ရေထွက်ပစ္စည်း၊ တိရစ္ဆာန်နဲ့ တိရစ္ဆာန်ထွက်ပစ္စည်းတွေနဲ့ ပတ်သက်တဲ့ ပို့ကုန်ရငွေတွေကို အမေရိကန်ဒေါ်လာအပြင် တရုတ်ယွမ်ငွေ၊ ထိုင်းဘတ်ငွေတို့နဲ့ပါ ပေးသွင်းခွင့်ပြုသွားမယ်လို့ စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်က အသိပေး ကြေညာထားပါတယ်။
အရင်ဒေါ်လာမူဝါဒအတိုင်း ယွမ်ငွေ၊ ဘတ်ငွေနဲ့ရရှိတဲ့ ပို့ကုန်ရငွေရဲ့ ၆၅ ရာခိုင်နှုန်းကို ဗဟိုဘဏ်က သတ်မှတ်ဈေးနဲ့ တရက်အတွင်း ရောင်းချပေးရမှာဖြစ်ပြီး ကျန်ရှိတဲ့ ၃၅ ရာခိုင်နှုန်းကို ပို့ကုန်တင်ပို့သူက မိမိကိုယ်တိုင်သုံးစွဲတာ၊ လွှဲပြောင်းရောင်းချတာတွေ ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။
ဒီမူဝါဒအပြောင်းအလဲနဲ့ ပတ်သက်ပြီး မြဝတီအခြေစိုက် ပို့ကုန်လုပ်ငန်းရှင်တဦးက “ဒေါ်လာရှာရတဲ့ အလုပ်တခုတော့ လျော့သွားတာပေါ့။ ဒါပေမဲ့ ကျန်တဲ့ငွေကြေးမူဝါဒနဲ့ ပတ်သက်လို့တော့ ဘာမှမပြောင်းလဲဘူး” လို့ ပြောပါတယ်။
စစ်ကောင်စီဟာ သူတို့တာဝန်ယူပြီးနောက်ပိုင်း ငွေကြေးမူဝါဒနဲ့ ကုန်သွယ်ရေးဆိုင်ရာ မူဝါဒတွေကို မကြာခဏ ပြောင်းလဲချမှတ်တာတွေ လုပ်ဆောင်ခဲ့ပြီးတော့ ကုန်သွယ်ရေးကဏ္ဍအပါ်မှာလည်း ကန့်သတ်ထိန်းချုပ်တာတွေ လုပ်ဆောင်လာပါတယ်။
ငွေကြေးမူဝါဒ၊ ကုန်သွယ်မှု မူဝါဒတွေ မတည်ငြိမ်တာက စီးပွားရေးလုပ်ငန်းတွေ လုပ်ဆောင်ရာမှာ အခက်အခဲတွေ ဖြစ်စေခဲ့တယ်လို့ ကုန်သည်တွေက ထောက်ပြကြပါတယ်။
ပို့ကုန်လုပ်ငန်းရှင်တဦးက “ဒေါ်လာနဲ့ပဲသွားသွား၊ ဘယ်ငွေကြေးနဲ့သွားသွား၊ ငွေကြေးမူဝါဒ ခိုင်မာဖို့လိုတယ်။ မူဝါဒမခိုင်မာတဲ့အခါ ငွေကြေးတန်ဖိုးတွေရော တခြား ကုန်ပစ္စည်းတွေရဲ့ တန်ဖိုးမတည်ငြိမ်တာတွေ ဖြစ်လာတယ်။ နောက်တခုက ကုန်သွယ်ရေးမူဝါဒ။ ပေါ်လစီတခု ချက်ချင်းပြောင်းလိုက်တာနဲ့ ပို့ကုန်၊ သွင်းကုန်သမားတွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေကတော့ အနည်းနဲ့အများ အခက်အခဲဖြစ်တယ်။ ပြင်ဆင်ချိန်မရတဲ့အခါ တချို့ဆိုရင် ဆုံးရှုံးမှု ကြီးကြီးမားမားဖြစ်တယ်” လို့ ပြောပါတယ်။
လတ်တလောမှာ စစ်ကောင်စီက နယ်စပ်ကုန်သွယ်ရေး ငွေပေးချေမှုကို ဘဏ်စနစ်နဲ့သာ ဆောင်ရွက်ခွင့်ပြုထားပြီး၊ သွင်းကုန်အတွက် ငွေပေးချေမှုကို ပို့ကုန်ရငွေ၊ ပြည်ပရောက် နိုင်ငံသားတွေရဲ့ လုပ်ခ၊ လစာလွှဲပို့ငွေတွေ အပါအဝင် တခြားရငွေတွေကိုသာ အသုံးပြုရမယ်လို့ ကန့်သတ်ထားပါတယ်။
ဒါ့အပြင် စစ်ကောင်စီဟာ သူတို့တာဝန်ယူစဉ်ကာလအတွင်း ပို့ကုန်၊ သွင်းကုန် လိုင်စင်တွေနဲ့ ကုန်သွယ်ရေး ငွေပေးချေမှုတွေအပေါ် ကန့်သတ်ထိန်းချုပ်တာ၊ မြန်မာကျပ်ငွေနဲ့ ဒေါ်လာငွေလဲနှုန်း အပေါ်မှာလည်း ကန့်သတ်ထိန်းချုပ်တာတွေ လုပ်ဆောင်ခဲ့ပါတယ်။
ထိုင်းဘတ်ငွေနဲ့လဲလှယ်တဲ့ မြန်မာကျပ်ငွေတန်ဖိုးဟာ အဆင်မတန်ထိုးကျသွားတာကြောင့် ထိုင်းနိုင်ငံမှာ သွားရောက် ပညာသင်ယူနေကြတဲ့ မြန်မာကျောင်းသားအများစုဟာ ငွေကြေးဆိုင်ရာစိုးရိမ်မှု အခက်အခဲတွေနဲ့ ရင်ဆိုင်ကြုံတွေ့နေကြရပါတယ်။
ထိုင်းနိုင်ငံရဲ့ တက္ကသိုလ်အများစု ဖွင့်ရာအချိန်ကာလဖြစ်တဲ့ ဩဂုတ်လဆန်းမှာ ငွေလဲလှယ်မှုစျေးနှုန်းဟာ မြန်မာကျပ်ငွေ တသိန်းကို ထိုင်းဘတ်ငွေ ၁၃၈၀ ဝန်းကျင်ရှိခဲ့ပြီး ယခု ဩဂုတ်လကုန်မှာ မြန်မာကျပ်ငွေ တသိန်းကို ထိုင်းဘတ်ငွေ ၉၀၀ အောက်အထိ တဟုန်ထိုး ကျဆင်းလာခဲ့တာပါ။
ထိုင်းနိုင်ငံဟာ ကျောင်းသားတွေအတွက် အချိန်ပိုင်းအလုပ်လုပ်ခွင့် ကန့်သတ်ထားတဲ့အပြင် လုပ်ငန်းခွင်မှာ ထိုင်းဘာသာစကားကို အဓိကအသုံးပြုနေတာကြောင့် မြန်မာကျောင်းသားတွေ အလုပ်အကိုင်ရရှိနိုင်ဖို့ ခက်ခဲနေကြပြီး ဆက်လက်ပညာသင်ယူနိုင်ဖို့ကို အခက်အခဲတွေ ကြုံနေရတာကြောင့် စိုးရိမ်နေကြပါတယ်။
ထိုင်းနိုင်ငံရဲ့ တက္ကသိုလ်တခုမှာ ၅၀ ရာခိုင်နှုန်း ပညာသင်ဆုနဲ့ လာရောက် ပညာသင်ယူနေတဲ့ မြန်မာကျောင်းသားတဦးက “ငွေစျေးတွေတက်တော့ Scholarship ရပေမဲ့ အရင်က ပေးရတဲ့ ကျောင်းလခနဲ့ အတူတူပဲဖြစ်သွားတယ်။ အရင်ကဆို မြန်မာငွေ ၁၇ သိန်းခွဲလောက်သွင်းရရင် အခုဆို အဲ့နှစ်ဆ နီးနီးလောက်သွင်းရတော့ Scholarship ရတာအလကားဖြစ်သွားသလိုပဲ။ ကျနော့် သူငယ်ချင်းတယောက်လည်း မနေ့က ငွေလဲဖို့ စျေးမေးတာ တသိန်းကို ဘတ်တထောင် လောက်ပဲရလို့ မလဲလိုက်တာ။ ဒီနေ့ကျတော့ ၉၀၀ ကျော်ပဲရတော့တယ်။ ဘတ်စျေးက အထိမခံ၊ ရွှေပန်းကန်အတိုင်းပဲ”လို့ ဒီဗွီဘီကို ပြောပါတယ်။
ပဋိပက္ခတွေ၊ ဒုစရိုက်မှုတွေနဲ့ မတည်ငြိမ်တဲ့ နိုင်ငံတွင်းအခြေအနေတွေကြောင့် နိုင်ငံအတွင်းက ကျောင်းတွေမှာ ဆက်လက်ပညာသင်ယူဖို့အခက်အခဲတွေ့နေကြတဲ့ လူငယ်တွေဟာ ပြည်ပတက္ကသိုလ်ကျောင်းတွေက ပညာသင်ဆု မျှော်လင့်နေကြပြီး အခုလို တဟုန်ထိုးကျဆင်းနေတဲ့ ငွေကြေးစျေးနှုန်းတွေကြောင့် ပြည်ပနိုင်ငံတွေမှာ သွားရောက်ပညာသင်ယူနိုင်ဖို့နဲ့ မိဘတွေ ထောက်ပံ့နိုင်မှုအားနည်းလာတာကြောင့် ဆက်လက်ရပ်တည်နိုင်ဖို့ခက်ခဲနေကြရပါတယ်။
အခုကြုံတွေ့နေရတဲ့ အချိန်ကာလဟာ မြန်မာကျောင်းသားတွေအတွက် အခက်အခဲဆုံးနဲ့ ရည်မှန်းချက်တွေ ပျောက်ဆုံးနေကြရတဲ့ အချိန်ကာလဖြစ်ပြီး အခက်အခဲတွေကြားက ရုန်းကန်ကြိုးစား ပညာရှာနေကြရတဲ့ ကာလတခုလည်း ဖြစ်ပါတယ်။
စစ်တပ်အာဏာသိမ်းပြီးတဲ့ကာလကစပြီး စစ်ကျွန်ပညာရေးကိုသပိတ်မှောက်ကာ ပြည်ပမှာ ပညာသင်ယူဖို့ထွက်ခွါနေကြတဲ့ လူငယ်တွေ တစတစ မြင့်တက်လာပြီး မြန်မာနိုင်ငံရဲ့ အိမ်နီးချင်း ထိုင်းနိုင်ငံမှာ သွားရောက်ပညာသင်သူပမာဏအများဆုံးဖြစ်တယ်လို့ စစ်တမ်းတွေအရ သိရပါတယ်။