close

ဘတ်စ်ကက်ဘော

close

April 6, 2023

မိုက်ကယ်ဂျော်ဒန်၏ အားကစားဖိနပ်လေလံတင်၊ တန်ဖိုးအကြီးဆုံး အားကစားဖိနပ်အဖြစ် စံချိန်ချိုးနိုင်

၁၉၉၈ ခုနှစ်က NBA ဖိုင်နယ်ပွဲစဉ်မှာ ဘတ်စ်ကက်‌ဘော ဂန္ထဝင်ကစားသမားဟောင်းကြီး မိုက်ကယ် ဂျော်ဒန် ဝတ်ဆင်ခဲ့တဲ့ Air Jordon 13 အားကစားဖိနပ် နှစ်ရံဟာ လေလံတင် ရောင်းချခဲ့သမျှထဲမှာ တန်ဖိုးအကြီးဆုံးဖိနပ်တွေ ဖြစ်လာနိုင်တယ်လို့ မျှော်မှန်းထားပါတယ်။

အဲဒီထဲက ဖိနပ်တရံတည်းတင် ဒေါ်လာ ၂ သန်းကနေ ၄ သန်းကြား ရရှိနိုင်တယ်လို့ ခန့်မှန်းထားပြီး ဒီလိုမြင့်မားတဲ့ ခန့်မှန်းဈေးနီးပါးအတိုင်း ကမ်းလှမ်းမှုတခု ရရှိထားတယ်လို့လည်း သိရပါတယ်။

လေလံတင်ရောင်းချမယ့် Sotheby ကုမ္ပဏီ အကြီးအကဲ ဘရန် ဝက်တာက “လေလံတင်ရောင်းချမှုကို ဖွင့်လှစ်ခဲ့ချိန်မှာပဲ အမေရိကန်ဒေါ်လာ ၁ ဒသမ ၈ သန်းနဲ့အတူ ကမ်းလှမ်းမှုတခု ရရှိထားပြီး အများသူငါကို ရောင်းချခဲ့ဖူးသမျှ အားကစားဖိနပ်တွေထဲမှာ ကမ္ဘာ့စံချိန်ချိုးနိုင်လိမ့်မယ်” လို့ မှတ်ချက်ပေးပါတယ်။

မိုက်ကယ်ဂျော်ဒန် အနေနဲ့ ၃၇ မှတ်အထိ သွင်းယူပေးနိုင်ခဲ့တဲ့ ၁၉၉၈ ခုနှစ် NBA ဖိုင်နယ်ပွဲစဉ်တွေထဲက ပွဲစဉ် ၂ ခုမှာ ဒီဖိနပ်တွေကို ဝတ်ဆင်ခဲ့တာဖြစ်ပြီး ဂျော်ဒန်ရဲ့ ငွေမင်ရောင်လက်မှတ်လည်း ပါဝင်တာကြောင့် ထူးခြားပါတယ်။ ဘရန် ကတော့ ဒါတွေဟာ ဒီဖိနပ်တွေကို ရှားပါးစေတဲ့ အချက်ဖြစ်တယ်လို့ ဆိုပါတယ်။

ဒုတိယအကြိမ်မြောက် လက်ရှိ လေလံတင်ရောင်းချနေတဲ့အထဲမှာ မိုက်ကယ်ဂျော်ဒန် အပါအဝင် တခြားဘတ်စ်ကက်ဘော အကျော်အမော်တွေရဲ့ အမှတ်ရဖွယ်ရာ အားကစားပစ္စည်းမျိုးစုံပါဝင်ပြီး ဂန္ထဝင်ဘောလုံးစတား ပီလီနဲ့အတူ အမေရိကန်ဘောလုံး အားကစား နယ်ပယ်ထဲက နာမည်ကျော်တွေရဲ့ ပစ္စည်းတွေလည်း ပါဝင်ပါတယ်။

ဒီပစ္စည်းတွေအတွက် လေလံတင်ရောင်းချမှုကို လာမယ့် ဧပြီ ၁၁ ရက် မတိုင်ခင်အထိ ဖွင့်လှစ်ထားမှာ ဖြစ်ပါတယ်။

14 mins Ago

February 10, 2023

NBA သမိုင်းတလျှောက် ရမှတ်အများဆုံး သွင်းယူနိုင်သူအဖြစ် လီဘရွန်ဂျိမ်းစ် စံချိန်တင်

လော့စ်အိန်ဂျလိစ်လိတ်ခ်ကာ ဘတ်စ်ကက်ဘောအသင်း ရှေ့တန်းကစားသမား လီဘရွန်ဂျိမ်းစ်ဟာ ကရင်းမ် အက်ဘ်ဒူ ဂျက်ဘား တင်ရှိထားတဲ့ ရမှတ်စံချိန်ကို ကျော်ဖြတ်နိုင်ခဲ့တာကြောင့် ဖေဖော်ဝါရီ ၇ ရက်က NBA သမိုင်းတလျှောက် ရမှတ်အများဆုံး သွင်းယူနိုင်သူအဖြစ် စံချိန်သစ်တင်နိုင်ခဲ့ပါတယ်။

အိမ်ကွင်းပွဲစဉ်အဖြစ် အိုကလာဟိုးမားမြို့အခြေစိုက် သန်ဒါးစ်အသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့ရာမှာ တတိယမြောက်ပွဲချိန်အတွင်း လီဘရွန်ဂျိမ်းစ်က နောက်ပြန်လှည့်ကာ အသာအယာ ခုန်သွင်းယူနိုင်ခဲ့ပြီးနောက်မှာ စံချိန်သစ် တင်နိုင်ခဲ့တာပါ။

ဒီပွဲစဉ်မတိုင်ခင်က အက်ဘ်ဒူဂျက်ဘားရဲ့ စံချိန်တင်ရမှတ်ကို ကျော်ဖြတ်နိုင်ဖို့အတွက် ၃၆ မှတ်အထိ လိုအပ်နေခဲ့ပြီး လီဘရွန်ဂျိမ်းစ်အတွက် သမိုင်းတွင်စေမယ့် ပစ်သွင်းမှုကို လုပ်ဆောင်ပြီးချိန်မှာတော့ လက်မှတ်အားလုံး ရောင်းကုန်တဲ့အထိ လာရောက်အားပေးခဲ့ကြတဲ့ ပရိသတ်လူအုပ်ကြီးက ရုတ်ရုတ်သဲသဲ ဖြစ်သွားခဲ့ပါတယ်။

လိတ်ခ်ကာအသင်းရဲ့ ဂန္ထဝင်ကစားသမားဟောင်း အက်ဘ်ဒူဂျက်ဘာဟာ သူ့ရဲ့ ကိုယ်ပိုင်စတိုင် တခုဖြစ်တဲ့ အမြင့်ခုန် ပစ်သွင်းယူမှုနဲ့အတူ ဝီလ်တ် ချိမ်ဘာလိန်ရဲ့စံချိန်ကို ၁၉၈၄ ခုနှစ်၊ ဧပြီ ၅ ရက်နေ့မှာ ချိုးဖျက်နိုင်ခဲ့တာပါ။

အခုလို စံချိန်သစ်တင်နိုင်ခဲ့တဲ့ ဂျိမ်းစ်ရဲ့ပွဲစဉ်ကို စံချိန်ဟောင်းပိုင်ရှင်ကိုယ်တိုင် လာရောက်အားပေးခဲ့ပြီး ဒီအောင်မြင်မှုကို အသိအမှတ်ပြုတဲ့အနေနဲ့ ကစားပွဲကို ခေတ္တရပ်နားကာ ပရိသတ်တွေအပေါ် ဂျိမ်းစ်က ကျေးဇူးတင်စကား ဆိုခဲ့ပါတယ်။

သမိုင်းတလျှောက် အမှတ်အများဆုံး သွင်းယူနိုင်တဲ့ ဘတ်စ်ကက်ဘော ကစားသမားအဖြစ် စံချိန်အသစ် တင်နိုင်ခဲ့ပြီဖြစ်တဲ့ ဂျိမ်းစ်ကို ပြိုင်ဘက်ကစားသမားတွေ အပါအဝင် NBA တာဝန်ရှိသူတွေ၊ လီဗာပူးလ်ဘောလုံးအသင်းနဲ့ နာမည်ကြီးအနုပညာရှင်တွေက ဂုဏ်ယူဝမ်းမြောက်ကြောင်း လူမှုကွန်ရက်ပေါ်မှာ ရေးသားဖော်ပြခဲ့ကြပါတယ်။

2 months Ago
Up