လက်ဘနွန်နိုင်ငံမှာ စီးပွားရေး ဆိုးဆိုးရွားရွားကျဆင်းနေတာကို ကိုင်တွယ်ဖြေရှင်းပေးဖို့ မြို့တော်ဘေရွတ်နဲ့ တခြားမြို့တွေရဲ့ အဓိကလမ်းမတွေပေါ်မှာ ဘတ်စ်ကားတွေ၊ ထရပ်ကားတွေ ပိတ်ဆို့ ဆန္ဒပြခဲ့ပါတယ်။
လက်ဘနွန်စီးပွားရေးဟာ ပြင်ပကြွေးမြီ တောင်လိုပုံသွားပြီးနောက် ပေါင်ငွေတန်ဖိုး အထိန်း အကွပ်မဲ့ ကျဆင်းနေတာပါ။
၂၀၁၉ မှာ ငွေလဲနှုန်း အမေရိကန် ၁ ဒေါ်လာကို လဘနွန်ပေါင်ငွေ ၁၅၀၀ ရှိရာက၊ အခု ပေါင်ငွေ ၃,၁၅၀၀ အထိ ကျဆင်းနေတာပါ။
ငွေတန်ဖိုး ပြိုလဲပြီး ကုန်ဈေးနှုန်း မိုးထိုးတက်နေတာကို အစိုးရက အမြန်ဆုံးဖြေရှင်းပေးဖို့ ဆန္ဒပြကြတာပါ။
ဘေရွတ်မြို့ ဆင်ခြေဖုံးမှာနေတဲ့ အသက် ၅၈ နှစ်ရှိ မိုဟာမာဒ် အလ် မူကဒက်ဒ် ဆိုသူက “စီးပွားရေး အကျပ်အတည်းကို အစိုးရခေါင်းဆောင်တွေ ပါတီတွေ ဖြေရှင်းမလား စောင့်နေတာ ကြာလှပြီ၊ ဘယ်သူမှ အရေးမလုပ်ဘူး၊ ဒီကိစ္စ ဆန္ဒပြမယ်ဆိုရင် လူတိုင်း လမ်းပေါ်ထွက်ဖို့ တိုက်တွန်းမှာပဲ” လို့ ပြောပါတယ်။
ဆန္ဒပြပွဲ ပါဝင်သူတဦးက “လက်ဘနွန်နိုင်ငံသားတွေရဲ့ နေ့စဉ်ဘဝအခြေအနေက အတော်ဆိုးနေတာပါ၊ လက်ထဲရှိတဲ့ငွေက ဘာတန်ဖိုးမှ မရှိတော့ဘူး။ ပေါင်မုန့်မဝယ်နိုင်၊ စားစရာမဝယ်နိုင်၊ လောင်စာဆီမဝယ်နိုင် ဖြစ်နေတယ်၊ လူတွေ ဆင်းရဲပြီး ဆာလောင်နေတယ်” လို့ ပြောပါတယ်။
သမ္မတ မီရှဲလ်အွန် က အုပ်စုကဏ္ဍအသီးအသီးပါဝင်တဲ့ နိုင်ငံအဆင့် စီးပွားရေးဆွေးနွေးပွဲ ကွန့်ဖရင့်တခုကို ကျင်းပဖို့ ကြိုးစားပေမဲ့ အခုအချိန်ထိ သူ့အစီအစဉ်ကို ထောက်ခံတဲ့မဟာမိတ် မရှိသလောက် ဖြစ်နေပါတယ်။