close

ဘန်ကောက်မြန်မာသံရုံး

close

March 31, 2023

ထိုင်းနိုင်ငံကို ဆိုက်ရောက်ဗီဇာဖြင့်လာမည့် မြန်မာနိုင်ငံသားများကို နေထိုင်ခွင့် ၁၄ ရက်သာ ပေးမည်

ထိုင်းနိုင်ငံကို ဗီဇာကြိုတင်လျှောက်ထားစရာမလိုဘဲ လာရောက်လည်ပတ်တဲ့ မြန်မာအပါအဝင် နိုင်ငံအသီးသီးက ခရီးသွားတွေကို အရင်က နေထိုင်ခွင့် ၄၅ ရက် ပေးထားရာကနေ လာမယ့် ၂၀၂၃ ဧပြီ ၁ ရက်ကစပြီး ၁၄ ရက်သာ ခွင့်ပြုတော့မယ်လို့ ဘန်ကောက်မြန်မာသံရုံးက  မတ်လ ၃၀ ရက်မှာ ထုတ်ပြန်ပါတယ်။

အဲဒီလိုထုတ်ပြန်လိုက်တဲ့အပေါ် စီးပွားရေးလုပ်ငန်းရှင်တဦးက “အရင်ကတော့ ၄၅ ရက် နေခွင့်ရတယ်။ အခုက ၁၄ ရက်ပဲဆိုတော့ ကျနော်ကတော့ မြဝတီမှာလည်း ဆိုင်ရှိတယ်၊ မဲဆောက်မှာလည်း ဆိုင်ခွဲရှိတော့ သိပ်တော့ပြဿနာမရှိဘူး။ တခါသွားလည်း ၇ ရက်၊ ၆ ရက်ပေါ့။ ဒါပေမဲ့ ရပ်ဝေးကလာတဲ့ သူတွေကျတော့ ဒုက္ခရောက်တယ်လေ။ အခု မြဝတီ-ကော့ကရိတ်လမ်းပိုင်းကစစ်တွေတအားဖြစ်နေတော့ ရန်ကုန်ကိုပြန်ပြီး ဗီဇာပြန်လျှောက်ဖို့ ဆိုတာကကျ အခက်အခဲဖြစ်သွားမယ်။ လည်ပတ်မှုတွေ လျော့နည်းသွားမယ်ထင်တယ်”လို့ ဒီဗွီဘီကို ပြောပါတယ်။

၂၀၂၂ အောက်တိုဘာကနေ ၂၀၂၃ ခုနှစ် မတ်လ ၃၁ ရက်အထိ ထိုင်းနိုင်ငံကို ဆိုက်ရောက်ဗီဇာ (Visa on Arrival)နဲ့လာတဲ့ နိုင်ငံသားတွေကို နေထိုင်ခွင့် ၄၅ ရက် ခွင့်ပြုထားတာ သက်တမ်းကုန်ဆုံးပြီဖြစ်လို့ ဧပြီ ၁ ရက်က စတင်ပြီး ရက်ရှည်နေလိုသူတွေအနေနဲ့ ထိုင်းသံရုံး (ရန်ကုန်) မှာ ဗီဇာလာရောက် လျှောက်ထားနိုင်တယ်လို့ ဖော်ပြထားပါတယ်။

၂၀၂၂ ခုနှစ် နှစ်ကုန်ပိုင်းထိ ထိုင်းနိုင်ငံထဲကို အာရှအရှေ့အလယ်ပိုင်းက ခရီးသည် ၄ သိန်းကျော် လာရောက်ခဲ့ပြီး ပြီးခဲ့တဲ့ ဇန်နဝါရီလမှာလည်း ခရီးသည် ၂  ဒသမ ၄ သန်းအထိ လာရောက်ခဲ့တယ်လို့ သိရပါတယ်။

4 mins Ago

January 7, 2023

ဘန်ကောက်မြန်မာသံရုံး၌ ပတ်စ်ပို့သက်တမ်းတိုးလိုသူ ထောင်ချီ တန်းစီစောင့်ဆိုင်းနေ

ထိုင်းနိုင်ငံ၊ ဘန်​​ကောက်မြို့ရှိ၊ မြန်မာသံရုံး​ရှေ့မှာ  ဇန်နဝါရီ ၇ ရက် ဒီမနက်က နိုင်ငံကူးလက်မှတ် ပတ်စ်ပို့ သက်တမ်းတိုးလိုတဲ့  ထောင်နဲ့ချီတဲ့ ရွှေ့​ပြောင်းမြန်မာလုပ်သား​တွေဟာ ရက်ချိန်းတုံကင်ရယူဖို့ လာ​ရောက် တန်းစီစောင့်ဆိုင်းနေကြရပါတယ်။

ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးက ဇန်နဝါရီလ ၇ ရက်ကစပြီး အပတ်စဉ် စနေနေ့တွေမှာ မနက် ၉ နာရီမှ မွန်းတည့်  ၁၂ နာရီအထိ ရက်ချိန်းတိုကင်တွေ ထုတ်ပေးသွားမှာဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်အတွင်း သက်တမ်းကုန်ဆုံးသွားတဲ့ နိုင်ငံကူးလက်မှတ်တွေကိုသာ တိုကင် ထုတ်ပေးသွားမယ်လို့ ဒီဇင်ဘာလ ၂၉ ရက်နေ့က ထုတ်ပြန်ထားပါတယ်။

တုံကင်ရယူဖို့ သံရုံးရှေ့မှာ ရောက်ရှိနေတဲ့ ကိုနေဝင်းက " ဒီအပတ်က စပြီး ပေးမယ်ဆိုတော့  စနေအပတ်တိုင်း လူတသောင်း လောက်ရှိနိုင်ပါတယ်။ သံရုံးထဲမှာရှိတဲ့ ဝန်ထမ်း အင်အားနဲ့ဆိုရင် အဲ့လောက်မြန်မြန်တော့ပေးနိုင်မထင်ဘူး။ ဝန်ထမ်းတွေလည်း မနိုင်မနင်းတွေ ဖြစ်နေကြတယ်။ လူတွေကတော်တော်များတယ် ခုချိန်ထိတိုးနေကြတုန်းပဲ။ ဒီဘက်သံရုံးကြီး အသစ်ဘက်မှာ မပေးရဲလို့ထင်တယ်။ သံရုံး အဟောင်းဘက်မှာပဲ တုံကင်ပေးနေတာ။ ထိုင်းရဲတွေကို အကြောင်းကြားထားလို့ဖြစ်မယ် လမ်းတစ်ဝက်လောက်အထိ ပိတ်နေတဲ့ လူတွေကို လမ်းရှင်းပေးနေတယ်”လို့ ပြောပါတယ်။

ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးအနေနဲ့ ကိုယ်စားလှယ်စေလွှတ်ပြီး ညကိုယ်စားထုတ်တာနဲ့ နိုင်ငံကူးလက်မှတ် သက်တမ်းကျန်ရှိသူတွေကို  ရက်ချိန်းတိုကင် လုံးဝ ထုတ်ပေးမှာ မဟုတ်ဘူးလို့ဆိုပါတယ်။

၂၀၂၂ ခုနှစ်အတွင်း ပတ်စ်ပို့ သက်တမ်းကုန်သူတွေကို ပထမဦးစားပေး ဆောင်ရွက်ပေးနေပြီး ဒီလိုဆောင်ရွက်ပြီးစီးမှသာ နှစ်အလိုက် လအလိုက် သက်တမ်းကုန်သူတွေကို အစဉ်အလိုက် ဆက်လက် ဆောင်ရွက်ပေးသွားမယ်လို့ ပြောထားပါတယ်။

3 months Ago
Up