ပြီးခဲ့တဲ့ ဇန်နဝါရီအပြောင်းအရွှေ့မှာ အာဆင်နယ်အသင်းဆီ ပြောင်းရွှေ့ခဲ့တာက ကြီးမြတ်တဲ့ အဆင့်တခုကို တက်လှမ်းနိုင်ခဲ့တာဖြစ်ကြောင်း တိုက်စစ်မှူးထရော့ဆတ်က ပြောပါတယ်။
ဘယ်လ်ဂျီယံအသင်းနဲ့အတူ ပူးပေါင်းလေ့ကျင့်ချိန်မှာ အာဆင်နယ်အသင်းဆီ ပြောင်းရွှေ့ခဲ့တာနဲ့ ပတ်သက်ပြီး ထရော့ဆတ်က ပြောခဲ့တာပါ။
သူဟာ အာဆင်နယ်နဲ့ ပရီးမီးယားလိဂ် ၁၀ ပွဲမှာ ၁ ဂိုးသွင်း ၆ ကြိမ် ဂိုးဖန်တီးမှု ပြုလုပ်နိုင်ခဲ့ပါတယ်။ အာဆင်နယ်မှာ ပွဲချိန်အများကြီး ကစားရလိမ့်မယ်လို့ မမျှော်လင့်ခဲ့ပေမဲ့ ဒဏ်ရာပြဿနာတွေ ရှိခဲ့တာက ပွဲထွက်ခွင့် ပိုရလာခဲ့ကြောင်း ထရော့ဆတ်က ပြောပါတယ်။
ဒါ့အပြင် အာဆင်နယ်အသင်းဟာ ထူးချွန်တဲ့ကစားသမားတွေနဲ့ ခမ်းနားကြီးကျယ်တဲ့အသင်း ဖြစ်ပြီး အဲဒီအချက်က ကစားသမားသစ်တယောက်အတွက် အမြန်ဆုံးအံဝင်ဖို့ အကူအညီ ဖြစ်စေခဲ့ကြောင်းလည်း ပြောပါတယ်။
ဘယ်လ်ဂျီယံအသင်းမှာ အသင်းခေါင်းဆောင်သစ် ဒီဘရိုင်း ဖြစ်လာတာကို ထရော့ဆတ်က ဝမ်းသာစကားဆိုခဲ့ပြီး ဒီဘရိုင်းဟာ အသင်းအကြောင်း ကောင်းကောင်းသိသလို အတွေ့အကြုံအရလည်း အများကြီးရှိတဲ့သူဖြစ်ကြောင်း ထရော့ဆတ်က ချီးကျူးခဲ့ပါတယ်။
အောင်မြင်မှုမရခဲ့တဲ့အသင်းကို ရွှေရောင်မျိုးဆက်လို့ ညွှန်းဆိုဖို့ခက်ခဲကြောင်း ဘယ်လ်ဂျီယံ ဂိုးသမား ကော့တွိုက်က ပြောသွားပါတယ်။
ဟာဇက်၊ ဒီဘရိုင်း၊ လူကာကူတို့လို ကစားသမားတွေပါဝင်နေတဲ့ ဘယ်လ်ဂျီယံမျိုးဆက်ကို ရွှေရောင်မျိုးဆက်လို့ အများစုက ညွှန်းဆိုခဲ့ကြတာပါ။
ဒါပေမဲ့လည်း ၂၀၁၈ ကမ္ဘာ့ဖလားမှာ တတိယဆုရယူနိုင်ခဲ့တာက အမြင့်မားဆုံးအောင်မြင်မှုဖြစ်ပြီး ဆုဖလားတွေရ ယူနိုင်ခြင်းမရှိခဲ့ပါဘူး။
ဒီအခြေအနေကြောင့် လက်ရှိဘယ်လ်ဂျီယံမျိုးဆက်ဟာ ထူးချွန်တဲ့ ကစားသမား ကောင်းတွေရှိတာ မှန်ပေမယ့် ရွှေရောင်မျိုးဆက်လို့ ခေါ်ဆိုလို့မရနိုင်ကြောင်း ဂိုးသမားကော့တွိုက်က ပြောပါတယ်။ ဘယ်လ်ဂျီယံအသင်းအနေနဲ့ လာမယ့် ၂၀၂၆ ခုနှစ်ကမ္ဘာ့ဖလားပြိုင်ပွဲမှသာ အခုထက်ပို တဲ့အောင်မြင်မှုရဖို့ မျှော်လင့်ကြောင်းလည်း ကော့တွိုက်က ပြောသွားပါတယ်။